Skip to main content

ဒေါ်ခင်စန်းလှိုင် (ပုလဲ မဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။ ကျွန်မကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်ပါတယ်။  ကျွန်မအနေနဲ့ ချင်းပြည်နယ်၊ ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို တင်သွင်းတဲ့ အဆိုနှင့် ပတ်သက်ပြီးတော့ ဆွေးနွေး တင်ပြသွားမှာ ဖြစ်ပါတယ်ရှင့်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင့်။ ပြည်သူများရဲ့အခြေခံအခွင့်အရေးများကို ထိပါးတဲ့အခါတွေမှာ မြန်မြန်နှင့် ထိရောက်စွာကာကွယ် ပေးနိုင်ဖို့အတွက် နစ်နာချက်၊ မှားယွင်းချက်တွေကို ပြင်ဆင်နိုင်ရန် နိုင်ငံတော် တရားလွှတ်တော်ချုပ်ကို လျှောက်ထားနိုင်ပါတယ်။ အခြေခံဥပဒေကို စောင့်ထိန်းတဲ့နေရာမှာ တရား လွှတ်တော်ချုပ်ဟာ အချုပ်အခြာမဏ္ဍိုင်ကြီးပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၈ ပုဒ်မခွဲ (ဂ) မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် စာချွန်တော်အမိန့်များ ထုတ်ပိုင်ခွင့် အာဏာအမိန့်ရှိသည့်ဟူ၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၆ (က) မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် (၁) ရှေ့တော်သွင်း စာချွန်တော်အမိန့်၊ (၂) အာဏာပေး စာချွန်တော်အမိန့်၊ (၃) တားမြစ်စေ စာချွန်တော် အမိန့်၊ (၄) အာဏာပိုင်ပေးစာ ချွန်တော်အမိန့်၊ (၅) အမှုခေါ် စာချွန်တော်အမိန့်ဟူ၍ စာချွန်တော်အမိန့် ၅ မျိုးကို တင်သွင်းနိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၈ မှာ လည်း နိုင်ငံသားများရဲ့ မူလအခွင့်အရေး တစ်ရပ်အနေနဲ့ အတိအလင်းပြဋ္ဌာန်းထားပါတယ်။ သို့သော်လည်း အဆိုပါ အခွင့်အရေးတွေဟာ ယနေ့အချိန်တွေမှာ ပေးကားပေး၏မရဆိုတဲ့ အခြေအနေကို ရောက်နေပါတယ်။ လက်ရှိ အခြေအနေမှာ စာချွန်တော် လျှောက်ထားမှုများ အသက်ဝင်ပြီး နိုင်ငံသားများရဲ့ အခွင့်အရေးကာကွယ် စောင့်ရှောက်ပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင်‌့အရေးများ ဆုံးရှုံးနေကြောင်း တွေ့ရှိရပါတယ်။ အကျဉ်းအားဖြင့် ဆိုရင် အချက် ၃ ချက်တွေ့ရပါ တယ်။ (၁) အချက်ကတော့ ဥပဒေအားဖြင့် ပြန်လည် ပိတ်ပင်ရာ ရောက်နေခြင်း၊ (၂) လုပ်ထုံးလုပ်နည်း များဖြင့် ပိတ်ပင်ရာရောက်ခြင်း၊ (၃) လက်တွေ့ စီမံဆောင်ရွက် ခြင်းများဖြင့် ခက်ခဲနေခြင်း စတဲ့ ဒီ ၃ ချက် ပဲဖြစ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ မူလအဆိုရှင်ရဲ့ ပြဋ္ဌာန်းချက်တွေမှာ စာချွန်တော်လွှာနှင့်ပတ်သက်ပြီးတော့ အတော်ပဲပြည့်ပြည့်စုံစုံ တင်ပြထားတာကို သိရပါတယ်။ အသေးစိတ် ဒီအချက်တွေပေါ်မှာ အခြေခံပြီး ဆွေးနွေးနေမယ့် အစား ကျွန်မတင်ပြခဲ့တဲ့ အချက် ၃ ချက်ပေါ်မှာမူတည်ပြီးတော့ အကျဉ်းချုပ်ပဲ တင်ပြ ချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ စာချွန်တော်အမိန့်ပါလျှောက်ထားခွင့်ကို ဥပဒေအရပင်  ပြန်၍ ပိတ်ပင်ထားရာ ရောက်နေခြင်းဆိုတဲ့ အချက်ပင်ဖြစ်ပါတယ်။ စာချွန်တော် လျှောက်ခွင့်ရှိတယ်လို့  ပြဋ္ဌာန်းထားပြီး တစ်ဘက်က ပြန်လည်၍ ပိတ်ဆို့ထားရာ ရောက်နေတာဟာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က စီရင်ဆုံးဖြတ်ပြီးသား အမှု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ပြီးတဲ့ စာချွန်တော်အမိန့် ထုတ်ပေးရန် လျှောက်ထားမှုနှင့် အပြီးအပြတ် အတည် ဖြစ်စေရမယ်လို့ ပြဋ္ဌာန်း ထားတဲ့ အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များရဲ့ အပေါ်မှာ လျှောက်ထားမှု များကိုလည်း ခွင့်မပြုဘူးဆိုပြီးတော့မှ ပြန်လည် ပိတ်ပင်ထားခြင်းဖြစ်ပါတယ်။ ထို့အပြင် လက်တွေ့ စာချွန်တော်လျှောက်ထားမှုမှာ အခြားနည်းနဲ့ ကုစား ဆောင်ရွက်ခွင့်ရှိသေးတယ် ဆိုတဲ့အကြောင်းပြချက် နှင့်လည်း စားချွန်တော် လျှောက်ထားမှုတွေကို ပလပ်ပယ်ချ နေကြောင်းလည်း သိနေရပါတယ်။ သို့ဖြစ်ရာ အပြီးအပြတ် ဆုံးဖြတ်ပြီးလို့ ရှိရင်လည်း လျှောက်ထားခွင့်က မရဘူး။ အပြီးအပြတ် မဟုတ်သေး ဘူးဆိုလို့ရှိရင်လည်း အခြားနည်း လျှောက်ထားခွင့် ရှိသေးတယ်လို့ ပြောပြီးမှ ပလပ်ပယ်ချခွင့် တွေရှိနေတဲ့ အတွက်ကြောင့်မို့လို့ ပေးသော်လည်းမရ ကျွေးသော်လည်း မဝဆိုတဲ့ သဏ္ဍာန်ဆောင်အခွင့်အရေး တွေဖြစ်နေရာကိုရောက်နေပါတယ်။ ဒုတိယ အနေနဲ့ကတော့ လုပ်ထုံးလုပ်နည်း အခက်အခဲများပဲဖြစ်ပါတယ်။ နိုင်ငံသားများရဲ့ အခွင့်အရေးအတွက် ပြဋ္ဌာန်းပေးထားပေမယ်လို့ လက်တွေ့လျှောက်ထားတဲ့ နေရာမှာ ရှုပ်ထွေးခက်ခဲတဲ့ နည်းလမ်းများကြောင့် သာမန် နိုင်ငံသားတွေအဖို့ စာချွန်တော် လျှောက်ထား ခြင်းဆိုတဲ့ကိစ္စဟာ လက်လှမ်းမမီ နိုင်အောင်ရှိနေတဲ့အပြင် ကျွမ်းကျင်သူ ဥပဒေပညာရှင်များနဲ့ ဆောင်ရွက်သမျှပဲ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တရားစီရင်ရေး ကဏ္ဍတွေရဲ့စားပွဲခုံတွေကို ကျော်လွှားဖို့ရာမှာပင် မလွယ်ကူကြောင်းကို လက်တွေ့ ဆောင်ရွက်နေကြတဲ့၊ လက်တွေ့နယ်ပယ်မှာ စာချွန်တော် အမိန့်တွေကို ဆောင်ရွက်နေကြတဲ့၊ တရားရေးနှင်‌့ ပတ်သက်တဲ့ အတွေ့အကြုံရှိတဲ့၊ လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတွေရဲ့ ပြောကြားချက်တွေ အရ၊ အတွေ့အကြုံတွေ အရ ကြားသိနေရပါတယ်။ ဥက္ကဋ္ဌကြီးရှင့်။ ဒီကြားသိရတဲ့ အနေအထားနှင်‌့ ဆိုလျှင်လည်း စာချွန် တော်လျှောက်ထားမှုပေါင်း ၁၃၃ စောင်ရှိတယ်လို့ သိရပြီးတော့ ၇ စောင်ကိုသာ လက်ခံခွင့်ပြုခဲ့ကြောင်း နှင်‌့ အဲ့ဒီ ၇ စောင်ခွင့်ပြုခဲ့တဲ့ အမှုတွေကလည်း တရာမမှုတွေသာ ဖြစ်ပြီးတော့ ပြစ်မှုနှင်‌့ ပတ်သက်လို့ လျှောက်ထားမှုဟာ ၅ ခုလောက်သာ အမှုဖွင့်ပေးပြီး အားလုံး နီးပါးဟာလည်း ပလပ်ခံခဲ့ရကြောင်းလည်း ကြားသိနေရပါတယ်။ အဲ့တော့ ရာဇဝတ်ကြောင်နှင့် လျှောက်ထားရခြင်းဟာ နိုင်ငံသားတစ်ဦးချင်းရဲ့ အခွင့်အရေးကို ထိပါးစေတဲ့ သက်ဆိုင်ရာရုံး၊ ဌာနတွေနဲ့ ရင်ဆိုင်ရသူများဖြစ်ရာ တရားမျှတမှုအတွက် နောက်ဆုံး ကုစားရာဖြစ်တဲ့ တရားလွှတ်တော်ချုပ်ရဲ့ စာချွန်တော် လျှောက်ထားမှုများမှာပင်လျှင် ကုစားခွင့်မရနိုင်တဲ့အခြေအနေတွေကို ရင်ဆိုင်ပြီးတော့နေရပါတယ်။

ဥက္ကဋ္ဌကြီးရှင့်။ တတိယအချက် အနေနဲ့ လက်တွေ့စီမံဆောင်ရွက်ခြင်းရဲ့ အခက်အခဲတွေပဲဖြစ်ပါတယ်။ စာချွန်တော်လျှောက်လွှာကို လက်ခံရန် တာဝန်ယူရတဲ့ ပုဂ္ဂိုလ်များသည်ပင်လျှင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှု အားနည်းခြင်း၊ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေဟာလည်း လုပ်ငန်း အပြောင်းအရွှေ့ဖြင့် နေရာမမြဲခြင်း စသည်တို့ကြောင့် စာချွန်တော် လျှောက်ထားရာမှာ နှောင့်နှေးကြန့်ကြားမှု အခက်အခဲ မျိုးစုံကိုတွေ့ နေရပါတယ်။ ထို့ထက်ပို၍ အဆိုးရွာဆုံးကတော့ ကျမ်းကျိန်ချက်ပြုလုပ်တဲ့ နေရာမှာ တရားရုံးများက လွယ်လွယ်ကူကူပြုလုပ် မပေးရဲဘဲ ရှောင်လွှဲငြင်းဆိုခြင်းများ ကြုံတွေ့နေရခြင်းပဲ ဖြစ်ပါတယ်။ ဥပဒေအရ မဟုတ်ဘဲ တာဝန်ယူရ မှာကိုစိုးရိမ်သောကြောက်စိတ်များကြောင့် ဒီလိုအခက်အခဲတွေ ပေါ်ပေါက်နေခြင်းဖြစ်တဲ့ အတွက် ကြောင့်မို့လို့ ညွှန်ကြားချက်များဖြင့် ဒီလိုကိစ္စတွေကို ဖြေရှင်းပေးရန် လိုအပ်မည်ဖြစ်ပါတယ်။ ဒါကြောင့်ထိရောက် ထိုက်တန်ပြီး အသက်ဝင်ရှင်သန်တဲ့ စာချွန်တော်လျှောက်ထားမှု အခွင့်အရေးကို ထိခိုက်နစ်နာသူ နိုင်ငံသားတွေအတွက် အမှန်တကယ်ရရှိစေနိုင်ရန်အလို့ငှာ အဆိုရှင်တင်ပြထားတဲ့ စာချွန်တော် လျှောက်ထားမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများအပိုဒ် ၄၄ အပိုဒ်ခွဲ(က)(ခ)(ဂ)တို့အား ပယ်ဖျက်ပေးရန်နှင့် အပိုဒ် ၄၇ မှာပါရှိတဲ့ ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးသည် မိမိ သဘောအရဖြစ်စေ၊ လျှောက်ထားသူအား ကြားနာ၍ဖြစ်စေ၊ လျှောက်ထားခံရသူ သို့မဟုတ် လျှောက်ထားခံရသူများထံ အကြောင်းပြန်ရန် ကနဦး ဆုံးဖြတ်ချက်ချ ပေးနိုင်သည် သို့မဟုတ် ငြင်းပယ် နိုင်သည်ဆိုတဲ့ စာသားအပိုဒ်ကို ပယ်ဖျက်ပြီးတော့ စာချွန်တော် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ၂ ဦး ၃ ဦးပါဝင်တဲ့ ကြီးကြပ်ကွပ်ကဲမှု အာဏာရှိတဲ့ ခုံအဖွဲ့ဖြင့်သာ လက်ခံ၍ ပြန်လည် စိစစ်ကြားနာရန်နှင့် မည်သည့်နည်းနှင့်မျှ စာချွန်တော်လျှောက်ထားမှုများအား ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးတစ်ဦးတည်းက ကြားနာခြင်းမပြုရန် တားမြစ်သည်ဟု အစားထိုးပေးပါရန် တင်ပြအပ်ပါတယ်ရှင်။

ဥက္ကဋ္ဌကြီးရှင့်။ အပိုဒ် ၆၁ မှာပါရှိတဲ့ စာချွန်တော် လျှောက်ထားမှုပြုလုပ်တဲ့ အမိန့်စာ သို့မဟုတ် အမှု သို့မဟုတ် ပြုမူချက်ကို ပြုလုပ်တဲ့နေ့ကနေ ၃ လ အတွင်း စာချွန်တော်လျှောက်ထားတောင်းဆိုခြင်းမပြုခဲ့လျှင် မည်သည့် အမှုခေါ် စာချွန်တော်ကိုမျှ ထုတ်ပေးခြင်းမပြုရဟူသည်ကို ပယ်ဖျက်ပေးရန် တောင်းဆိုတဲ့အဆိုကို လည်းကောင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးတည်းက အကျဉ်းနည်းပလပ်ခဲ့တဲ့ ဥပဒေနှင့် ညီညွတ်ခြင်း မရှိတဲ့ ယခင်တရားရုံးချုပ်ရဲ့အမိန့်၊ ဆုံးဖြတ်ချက်၊ စီရင်ချက်နှင့် ဒီဂရီအပေါ် စာချွန်တော်အမိန့် ထုတ်ဆင်‌့ပေးရန် လျှောက်ထားမှုများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီး ၂ ဦး သို့မဟုတ် ၃ ဦးပါတဲ့ခုံအဖွဲ့ဖြင့် တရားရုံး တစ်ခုခုကြောင့် နိုင်ငံသား တစ်ဦးမှာ နစ်နာမှုမရှိစေသင်‌့ဆိုတဲ့ မူအရ တရားမျှတမှုကို ရှေးရှုလျက် ပြန်လည် စိစစ်ကြားနာရန်အချက်ကို ထပ်မံဖြည့်သွင်း ပေးပါရန်ဆိုတဲ့ တောင်းဆိုချက်ဟာ အမှန်လိုအပ်ချက်ဖြစ်တဲ့ အတွက်ကြောင့် လေးနက်စွာ ကျွန်မအနေနဲ့ ထောက်ခံပါ တယ်။ ထို့အပြင် နိုင်ငံသာတစ်ဦးဦးရဲ့အခွင့်အရေး ဆုံးရှုံးမှု တစ်ရပ်ရပ်ရှိခဲ့သော အထူးအခွင့်အာဏာ တစ်ရပ်အနေနဲ့ ကာကွယ်ကုစားခွင့် ထိထိရောက်ရောက် ဖြစ်စေရေးတို့ အတွက်လည်းကောင်း၊ စာချွန်တော်ရဲ့ မူလရည်ရွယ်ချက်ကိုက ဌာနဆိုင်ရာ အသီးသီးရဲ့ ဥပဒေနဲ့ပြုကျင့် ဆောင်ရွက်မှုတွေကို အချိန်တိုအတွင်းမှာ ကုစားပေးနိုင်ရန်နှင့် ဥပဒေအရ အခွင့်အရေးရှိပေမယ့် လုပ်ထုံး လုပ်နည်းများအရ အခွင့်အရေးမရှိတဲ့ ကာကွယ်ကုစားခွင့် မရှိသော အမှုကိစ္စများတွင် စာချွန်တော်ဖြင့် ကုစားခွင့်ရရှိစေ ရန်အတွက် ပြည်ထောင်စု လွှတ်တော်အနေနဲ့ စာချွန်တော်လျှောက်ထားမှု ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေ တစ်ရပ်ရပ်ကို ပြင်ဆင်ပယ်ဖျက်ပြဋ္ဌာန်း ပေးသင့်ပါကြောင်း ဆွေးနွေးတင်ပြ အပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။