Skip to main content

ဒေါက်တာအောင်သန်း (ရွှေဘိုမဲဆန္ဒနယ်) က မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ဆက်လက် ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ မင်္ဂလာ အပေါင်းနဲ့ပြည်‌့စုံကြပါစေ။ ကျွန်တော်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ အောင်သန်းဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ကတော့ တောင်သာ မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာများ များစွာခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်ဆိုတဲ့ အဆိုကို ထောက်ခံ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ တော်တော်များများလည်း ထောက်ခံဆွေးနွေးသွားကြပါပြီ ၊ ကျွန်တော့်ရဲ့အမြင်လေးနဲ့ လိုအပ်ချက် ကလေးတွေ ကိုလည်း ဖြည့်ပြီး ပြောသွားချင်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဒီအဆိုဟာ အလွန်သင့်မြတ်တဲ့ အဆိုဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အားလုံးလည်း ဆွေးနွေးသွားသလိုပဲ မျက်စိ ဝေဒနာရှင်များ လိုလားတောင်းတနေတဲ့ အချိန် ကာလလည်း ဖြစ်တယ်လို့ ကျွန်တော်ဆိုချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မျက်စိကုသမှု အထူးအစီအစဉ်ကို ၂၀၀၀ ပြည့်နှစ်လောက်က ကျွန်တော်မှတ်မိ သလောက်ကဆိုရင် အဲဒီလောက်က ကတည်းကစခဲ့ကြတာပါ။ စပြီးတော့ နှစ်စဉ် မျက်စိဝေဒနာရှင်တွေကို အခမဲ့ကုသပေးခဲ့တဲ့ အထူးအစီ အစဉ်တွေဆောင်ရွက်လာခဲ့ကြပါတယ်။ မျက်စိဝေဒနာရှင်တွေသာမက နှာခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ် ကုသမှုတွေပါ ဆောင်ရွက်ပေးခဲ့ကြပါတယ်။ ဘယ်သူတွေက ဦးဆောင်ပေးခဲ့ ကြသလဲဆိုရင် ကျွန်တော်တို့အားလုံး စေတနာရှင် မိဘာပြည်သူများရဲ့ လှူဒါန်းငွေတွေနဲ့ ဝိုင်းဝန်းပံ့ပိုးကြတဲ့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ အမျိုးသမီးရေးရာတို့၊ ကြက်ခြေနီအသင်းတို့၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းတို့ ဒါတွေဟာ ဝိုင်းဝန်း ကူညီဆောင်ရွက်ပြီးတော့ နိုင်ငံတော်အစိုးရက အစစကူညီပြီးတော့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ဝန်ထမ်းများ ပါဝင်နိုင်အောင် ဆောင်ရွက်ပေးခဲ့ ကြတဲ့အတွက် မျက်စိအထူးကု အစီအစဉ်ဟာ တော်တော်လေးလည်း ပြည်သူအများကြိုက်လည်း ဖြစ်ခဲ့ ပါတယ်။ အောင်လည်းအောင်မြင်ခဲ့ပါတယ်။ မျက်စိဝေဒနာရှင်ပေါင်း မြောက်မြားစွာကိုလည်း ကုသပေး နိုင်ခဲ့ပါတယ်။ ၂၀၀၈ ကနေပြီးတော့ ၂၀၁၀ အတွင်း စစ်ကိုင်း တိုင်းဒေသကြီးမှာဆိုရင် ခန္တီး၊ ဟုမ္မလင်း၊ စစ်ကိုင်း၊ ပုလဲ၊ ဘုတလင်း၊ ဆားလင်းကြီး၊ ကန့်ဘလူ၊ ဝက်လက်၊ တန့်ဆည် မြို့နယ် တော်တော်များများ မျက်စိဝေဒနာရှင်ပေါင်း ၃၀၀၀၀ ကျောက်လောက် ကုသပေးခဲ့တယ်လို့ သိရှိရ ပါတယ်။ မျက်စိဝေဒနာရှင်ပေါင်း အများအပြား မျက်စိနှစ်ကွင်း အလင်းရခဲ့ကြပါတယ်။ ဒါပေမယ့်လို့ ၂၀၁၀ ကစပြီး ၂၀၁၁-၂၀၁၂ ကာလတွေမှာတော့ မျက်စိဝေဒနာရှင်ကို ကုသပေးတဲ့ အထူးအစီအစဉ် တွေဟာ နည်းနည်းကျဲလာတာကို တွေ့ရပါတယ်။ ဒါတောင်မှပဲ ပြီးခဲ့တဲ့နှစ် ၂၀၁၁ ခုနှစ်မှာ စစ်ကိုင်း တိုင်းဒေသကြီးမှာဆိုရင် ကလေး၊ ကန့်ဘလူ၊ မြင်းမူ၊ ဘုတလင် ဒီ ၄ မြို့နယ်လောက်ကတော့ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ ဒီမြို့နယ်တွေမှာ စုရပ်ထားပြီးတော့ အနီးအနားမှာရှိတဲ့ မြို့နယ်တွေက မျက်စိ ဝေဒနာရှင်တွေကို အကြောင်းကြား အထူးအစီအစဉ်နဲ့ ကုသ ပေးခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေနဲ့လည်း မျက်စိအထူးကု ဆရာဝန်ကြီးတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ၊ အလှူရှင်တွေ၊ စေတနာရှင်တွေ၊ လူမှုရေးအသင်းတွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်ပေးခဲ့ ကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရင်တုန်းက မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်ခဲ့ကြရပါတယ်။ ဒါပေမယ့် ကျန်းမာရေးဌာနရဲ့ အစဉ်တစ်စိုက်ကြိုးပမ်းမှုတွေကြောင့် နိုင်ငံတကာအဖွဲ့အစည်းအချို့ရဲ့ ကူညီမှုတွေ ကြောင့် ရွှေဘို ခရိုင်မှာ ဆိုရင် ၁၉၉၁ ခုနှစ်ကုန်ပိုင်းမှာ မျက်ခမ်းစပ်ရောဂါနောက်ဆက်တွဲ ဆိုးကျိုး မျက်တောင်စိုက် ဝေဒနာရှင်များ ရှာဖွေ ကုသခြင်း လုပ်ငန်းကို အပြီးသတ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ကစပြီးတော့ မြန်မာနိုင်ငံမှာ မျက်ခမ်းစပ် ရောဂါပပျောက်ပြီးလို့ ကမ္ဘာကိုကြေညာဖို့ စီမံချက်တွေ စပြီးတော့ ဆောင်ရွက် ခဲ့ကြပါတယ်။ Rapid Assessment and Cotaraet Sargery လို့ခေါ်တဲ့ အတွင်းတိမ်ရောဂါခွဲစိတ်ကုသပေးခြင်း စီမံကိန်းလိုဟာမျိုး GET လို့ခေါ်တဲ့ Global Elimination of Trachoma လို့ခေါ်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ မျက်ခမ်းစပ်ပပျောက်ရေးစီမံကိန်းလို ဟာမျိုး နောက်ပြီးတော့ Out Reach Surgical Activites For Treatment of Trichiasis လို့ခေါ် တဲ့ မျက်တောင်မွှေးးစိုက် ခွဲစိတ်ကုသမှုလုပ်ငန်းတွေကို ကွင်းဆင်းပြီးဆောင်ရွက်ခဲ့ကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းဌာနတွေဟာ ဌာနတွေအပါအဝင် မျက်စိကုဆေးရုံးကြီးတွေဟာလည်း ပြည်နယ်နှင့်တိုင်း အသီးသီးမှာရှိကြပါတယ်။ တစ်ပြည်လုံးမှာ ၃၁ ဌာနရှိတယ်လို့သိရှိရပါတယ်။ အဲဒီအပြင် စစ်ကိုင်းသီတဂူ မျက်စိအထူးကုဆေးရုံလို လူမှုရေး၊ ကူညီရေး မျက်စိကုဌာနတွေလည်းရှိကြပါတယ်။ ဒါပေမယ့် မျက်စိ ဝေဒနာရှင်တွေကတော့ များနေတုန်းပဲရှိ ပါသေးတယ်။ ဌာနတွေလည်း မလုံလောက်သေးပါဘူး။ တိုင်းဒေသကြီးအဆင့်တွေမှာဆိုလို့ရှိရင် မျက်စိအထူးကုဆေးရုံကြီးတွေ ထားဖို့တောင်သင့်ပါတယ်။ ဝန်ထမ်းအင်အားခွဲစိတ်ကိရိယာ၊ စမ်းသပ် ကိရိယာ နိုင်ငံတော်ကအားလုံးဖြည့်ဆည်းပေးရဦးမှာဖြစ်ပါတယ်။ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ် ရေးစီမံကိန်းဌာနတွေအနေနဲ့ကလည်း ဆောင်ရွက်ပါတယ်။ ကျေးရွာတွေကွင်းဆင်းပြီးတော့ မျက်စိစစ် ပေးတာတို့  ကျောင်းကျန်းမာရေးနဲ့တွေ့ပြီး ကျောင်းသားတွေကို မျက်စိစစ်ပေးတာတို့ စံပြကျေးရွာတွေ သတ်မှတ်ပြီးတော့ ကွင်းဆင်းကုသပေးတာတို့ ခရိုင်ဆေးရုံကြီးတွေမှာ ဆိုလို့ရှိရင်  ခွဲစိပ်ကုသဆောင်တွေ၊ ခွဲစိပ်ကုသပေးတာတို့ ဒါတွေလည်း မြန်မာနိုင်ငံမှာ လက်ရှိအခြေအနေအရ ဆိုရင်တော့ မျက်မမြင်ဦးရေနှစ်သိန်းလောက်ရှိတယ်လို့ သိရပါတယ်။ ဒီနေရာမှာ မျက်မမြင်ဆိုတာ လေးကို နည်းနည်း ရှင်းပြလိုပါတယ်။ မျက်မမြင်ဆိုတာက နိုင်ငံတကာ သတ်မှတ်ချက်ရှိပါတယ်။ ၁၀ ပေ အကွာမှာရှိတဲ့ လူတစ်ယောက် လက်ချောင်းကိုထောင်ပြီးတော့ အဲဒီလက်ချောင်းကို ပြတဲ့အခါမှာ ကွဲကွဲ ပြားပြား မြင်နိုင်စွမ်းမရှိတဲ့သူကို မျက်မမြင်လို့ ခေါ်တယ်။ အဲဒီလို မရှိမှသူကို မျက်မမြင်လို့ သတ်မှတ် ပြီးတော့ မျက်မမြင် ဘယ်လောက်ရှိတယ် ဆိုပြီးတော့ သုတေသနတွေ လုပ်ကြခြင်း ဖြစ်ပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ မျက်မမြင်တစ်ယောက် ဖြစ်သွားအောင် ဖြစ်စေတဲ့ မျက်စိရောဂါတွေ ရှိပါတယ်။ Cataract လို့ခေါ်တဲ့ အတွင်းတိမ်ရောဂါ၊  Cataract ဆိုတဲ့ အတွင်းတိမ်ရောဂါကြောင့် မျက်မမြင်ဖြစ်သွားတာ ၅၃ ရာခိုင်နှုန်းရှိပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင် မျက်မမြင် လူတစ်ရာကို ကြည့်လိုက်မယ် ဆိုလို့ရှိရင် ၅၃ ယောက်ဟာ အတွင်းတိမ်ကြောင့် မျက်စိမမြင်တဲ့ဘဝကို ရောက်သွားပါတယ်။ အဲဒီလိုပါပဲ မျက်မြင်တရာမှာ ၁၆ ဦးဟာ Gluacoma လို့ခေါ်တဲ့ ရေတိမ်ရောဂါ ကြောင့် ဖြစ်ရပါတယ်။ မျက်စိမမြင်တဲ့လူ ၁၀၀ မှာ ၇ ယောက် ကတော့ Posterior Segment Disease လို့ခေါ်တဲ့ မျက်စိအာရုံကြော ထိခိုက်ပြီး မျက်မမြင်ဖြစ်ပါတယ်။ ၃ ရာခိုင်နှုန်းကတော့ အဝေးမှုန် အနီးမှုန်ဖြစ်နေတာကို မပြင်ဘဲနေလိုက်တဲ့ အတွက် မျက်မမြင်ဘဝကို ရောက်သွားတာပါ။ အရင်တုန်းက ကျွန်တော်တို့ ကြောက်ခဲ့တဲ့ မျက်ခမ်းစပ်ဟာ အခုအချိန်အခါမှာ မျက်ခမ်းစပ်ကြောင့်မို့ လို့ မျက်စိမမြင်ရတဲ့အနေအထားဟာ မျက်မမြင် ၁၀၀ မှာ ၄ ယောက်ပဲ ရှိပါတော့တယ်။ ဒါဟာ ၁၉၆၂ ခုနှစ်က သုတေသနပြုချက်အရ ကြည့်မယ်ဆိုလို့ရှိရင် ၁၉၆၂ ခုနှစ်တုန်းကဆိုရင် မျက်စိမမြင်သူပေါင်း ၁၀၀ မှာ ၅၇ ယောက်ဟာ Trachoma လို့ခေါ်တဲ့ မျက်ခမ်းစပ်ရောဂါကြောင့် ဖြစ်ကြတာပါ။ အခုတော့ ၄ ရာခိုင်နှုန်းပဲ ရှိပါတော့တယ်။ ကျန်တဲ့ ၆ ရာခိုင်နှုန်းကတော့ ဒီ ကျွန်တော်တို့ မျက်စိကို ဒဏ်ရာရလို့ ဖြစ်သွားတဲ့ မျက်စိမမြင်တွေဖြစ်ပါတယ်။ စောစောက ဒေါ်ဝင်းမော်ထွန်းဆွေးနွေးသလို ဘယ်တော့ ပျောက်မှာလည်း ဘယ်တော့ ပျောက်မှာလည်းဆိုတော့ ကျွန်တော်တို့ အခု Trachoma ကိုတော့ တော်တော်လေး ထိန်းသိမ်းနိုင်တဲ့ အဆင့်ရှိပါပြီ။ ထို့နည်းတူပဲ မျက်စိမမြင်ရတဲ့အကြောင်း အရင်း လောလောဆယ် ပြဿနာကတော့ အတွင်းတိမ်လို့ခေါ်တဲ့ Cataract ပဲဖြစ်ပါတယ်ခင်ဗျား။ အဲဒီအတွင်းတိမ် ရောဂါကတော့ အသက်ကြီးလာရင် ဖြစ်လေ့ ဖြစ်ထရှိတာမို့လို့ ဒါကိုတော့ ကျွန်တော်တို့ လွယ်လွယ်နဲ့ ပျောက်လိမ့်မယ်လို့ မထင်ပါဘူး။ Trachoma လို့ခေါ်တဲ့ မျက်ခမ်းစပ် ရောဂါကတော့ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာပါ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုတော့ ဗိုင်းရပ်စ်ကို သတ်နိုင်တဲ့ Tetracycline မျက်စဉ်းတွေ အများကြီး ကျွန်တော်တို့ ဗမာတစ်ပြည်လုံးမှာ ဒီအပူပိုင်းဒေသမှာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေရော ကျွန်တော်တို့ ကျန်းမာရေး ဝန်ကြီးဌာနကရော ပေးဝေလိုက်တဲ့အခါမှာ ဒီရောဂါကြီးကိုတော့ ကျွန်တော်တို့ ပပျောက်လောက် နီးနီးဖြစ်အောင် ဆောင်ရွက်နိုင်တဲ့အဆင့် ရှိသွားပြီ။ အဲဒီတော့ Cataract လို့ခေါ်တဲ့ အတွင်းတိမ်ဟာ ရှိနေဆဲ ဖြစ်တဲ့ အတွက်ကြောင့် မျက်စိဝေဒနာရှင်တွေဟာလည်း ဆက်ပြီးတော့ ရှိနေဦးမှာ ဖြစ်ပါတယ်။ မျက်စိဝေဒနာ ရှင်ရှိနေတာနဲ့အမျှ စောစောက ကိုယ်စားလှယ်ကြီးတွေ တင်ပြခဲ့သလိုပဲ အထူးအစီအစဉ်တွေဟာလည်း လိုနေဦးမှာပဲ ဖြစ်ပါတယ်။ စောစောက ဆွေးနွေးခဲ့ကြသလို အထူးအစီအစဉ် ဆိုတာက အခမဲ့ မျက်စိကုသပေးခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ အဒီတော့ အခမဲကုသဖို့ ကိစ္စမှာ ဒါတကယ်လုပ်ခဲ့တဲ့ လူလည်းသိပါတယ်။ (၁) အလှူရှင်တွေ စည်းရုံးရမှာပဲဖြစ်ပါတယ်။ လူနာဦးရေပေါ်မူတည်ပြီး ကုန်ကျ စရိတ်တွေများပါတယ်။ အနည်းဆုံး သိန်း ၃၀၀ ကနေ ၄၀၀ လောက် ရှိပါလိမ့်မယ်။ (၂) မျက်စိအထူးကုဆရာဝန်ကြီးများ ကျန်းမာရေး ဝန်ထမ်းများ တာဝန်ချထားရပါမယ်။ ခွဲစိတ်ကိရိယာ၊ မျက်မှန်ကစ၊ မျက်ကပ်မှန်၊ Intra Ocular Lens လို့ခေါ်တဲ့ မျက်စိတွင်းထည့်တဲ့ မှန်ဘီလူးအတူ၊ ခွဲစိပ်ခန်း စသည်တို့ လိုပါမယ်။ (၃) စီမံခန့်ခွဲ ဦးစီဆောင်ရွက်တဲ့သူ လိုပါတယ်။ အဲဒီတော့ ကျွန်တော်တို့ ခေတ်ပြောင်းခဲ့ပြီး ခေတ်ပြောင်းခဲ့တဲ့အခါကျတော့ အရင်တုန်းကတော့ ဒါလုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များ၊ အခုအချိန်အခါမှာ ပုံသဏ္ဍာန်အနည်းငယ်ပြောင်းသွားပါတယ်။ ဒီမိုကရေစီခေတ် ရောက်ခဲ့ ပါပြီ။ အဲဒီလိုဆိုလို့ရှိရင် အခု ခေတ်ကာလမှာ မည်သူတွေက ဦးဆောင်ကြမှာလဲ အကြံပေးလိုပါတယ် ခင်ဗျား။ အခုလို မျက်စိအခမဲ့ အထူးအစီအစဉ်မျိုးကိုတော့ ဦးဆောင်မဲ့ပုဂ္ဂိုလ်က ကျွန်တော် အကြံပေး ချင်တာကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရများက ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဒေသအလိုက် ဦးဆောင်ပြီးတော့ ဆောင်ရွက် ပေးနိုင်မယ့် ပုဂ္ဂိုလ်များပဲ ဖြစ်ပါတယ်။ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။ ဒါမှသာ စေနာရှင်များကိုလည်း စည်းရုံးတာတို့ မျက်စိစမ်းသပ်မှု၊ ခွဲစိပ်မှု တွေကိုလည်း ဆောင်ရွက်နိုင်အောင် ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း နေရာချထားတို့ ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်တာတို့ လူမှုရေးအဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင် ဆောင်ရွက်တာတို့ အဲဒီလို ဆောင်ရွက်မှုတွေကို စုစည်းပြီးတော့ ဆောင်ရွက် နိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ အခုလို ဒေသအလိုက် စဉ်ဆက်မပြတ် စီမံချက်ချပြီးတော့ ဆောင်ရွက်သွားနိုင်မယ့် မျက်စိကုသမှုအထူးအစီအစဉ်ကို အောင်မြင်စွာ ပေါ်ထွန်းလာနိုင်ဖို့အတွက် ကျွန်တော်‌့အနေနဲ့ အခုလို အကြံပေးတင်ပြရင်း တောင်သာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရဲ့ အဆိုကို ထောက်ခံ ဆွေးနွေးအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါ တယ်။