Skip to main content

မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်က ဆွေးနွေးခြင်း

လေးစားအပ်ပါ သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ဦးစွာ နှုတ်ခွန်းဆက်သ အပ်ပါတယ်ရှင်။ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း၏ မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသရှိပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုအားဝိုင်း၍ ဆွေးနွေးကြပါသော ကိုယ်စားလှယ်ကြီးများ၏ ထောက်ခံ ဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကျွန်မ ဒုတိယဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင်မှ ပြန်လည် ဖြေကြားသွားမှာ ဖြစ်ပါတယ်ရှင်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှာ မျက်စိရောဂါကုဌာနများနှင့် မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနပေါင်း ၂၆ ဌာနတို့၌ မျက်စိအထူးကုဆရာဝန်ပေါင်း ၅၀ ဦး တာဝန်ပေး ခန့်ထားပြီးဖြစ်ပါတယ်။ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနများမှ အဖွဲ့ ခေါင်းဆောင် မျက်စိအထူးကုဆရာဝန်နှင့် ကျန်းမာရေးမှူးများ၊ ကွင်းဆင်း အမှုထမ်းများသည် လစဉ် ကျေးရွာများ အရောက်ကွင်းဆင်း၍ မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါ တယ်။ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သော မျက်စိဝေဒနာရှင်များအား မျက်စိကုဌာနများသို့ ခေါ်ဆောင် ၍ ခွဲစိတ်ကုသပေးလျက် ရှိပါတယ်။ မျက်စိရောဂါကုဌာနများ၊ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ အနေဖြင့် ၂၀၁၁ ခုနှစ်အတွင်းတွင် ကျေးရွာပေါင်း ၂၆၁၃ ရွာ၊ လူဦးရေပေါင်း ၁၁၅၀၀၀၀ ခန့်ကို မျက်စိကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ မျက်စိဝေဒနာရှင် ပေါင်း ၆၅၉၄၆ ဦးအား မျက်စဉ်းဆေးဝါးများပေး၍ ကုသပေးခဲ့ပါတယ်။ မျက်စိခွဲစိတ်ကုသမှုများ အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာရှိတဲ့ မျက်စိကုဌာနများမှ အတွင်းတိမ်လူနာ စုစုပေါင်း ၉၉၆၂၇ ဦးကို ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးခဲ့သည့် အနက် မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးတို့မှာရှိတဲ့ မျက်စိရောဂါကုဌာနများနှင့် မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းဌာနများတွင် ခွဲစိတ်ကုသပေးမှုများအပြင် တိုင်းဒေသကြီးများအတွင်း မြို့နယ်၊ တိုက်နယ်အဆင့် ဆေးရုံများအထိ ကွင်းဆင်း၍ အတွင်းတိမ်လူနာစုစုပေါင်း ၃၇၉၇၀ ဦးကို ခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ရှင်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေးဦးစီးဌာနဟာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရည်မှန်းချက်ဖြစ်သော သက္ကရာဇ် ၂၀၂၀ မှာ ရှောင်လွဲ၍ရသော မျက်စိကွယ်ခြင်းများ ကင်းစင်ပ ပျောက်စေရေး (Elimination of Avoidable Blindness by the year 2020) ကို ရရှိနိုင်ရန်အတွက် မျက်မမြင် ကာကွယ်ကုသရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံတွင် ရှောင်လွဲ၍ရသော မျက်စိကွယ်ခြင်းများ (Avoidable Blindness) ကို ဖြစ်စေသောအကြောင်းအရင်း များအနက် အဓိကရောဂါမှာ အတွင်းတိမ် ရောဂါဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ယခင်နှစ်များတွင် အလှူရှင်၊ စေတနာရှင်များနှင့် ပူးပေါင်း၍ ဆောင်ရွက် ခဲ့သကဲ့သို့ ၂၀၁၂ ခုနှစ်တွင်လည်း ကျန်းမာရေးဝန်ကြီး ဌာနမှဦးဆောင်၍ အလှူရှင်၊ စေတနာရှင်များ၏ ကူညီပံ့ပိုးမှုဖြင့် အထူးခွဲစိတ်ကုသမှုများ ဆောင်ရွက် နိုင်ရေးအတွက် မျက်စိအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသမှု လုပ်ငန်းများ (Mass Cataract Surgery) ဆောင်ရွက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူးများသို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ မျက်စိရောဂါကုဌာနများနှင့် မျက်ခမ်းစပ်နှင့် မျက်မမြင် ကာကွယ်ရေး စီမံကိန်းများမှ ဆင်းရဲချမ်းသာမရွေး မျက်စိဝေဒနာရှင်များအား လိုအပ်သလိုကုသမှုများ တိုးမြှင့် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင် ရွက် လျက်ရှိပါတယ်။ ဆေးမြီးတိုဖြင့်ကုသသဖြင့် မျက်စိရောဂါ မပျောက်သည့် အပြင် မျက်စိလုံးဝမမြင်သည့် အခြေအနေများမှ ကာကွယ်နိုင်ရန်အတွက် အခြေခံ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများအား ပဏာမမျက်စိကျန်းမာ ရေးစောင့်ရှောက်မှု သင်တန်းများပို့ချခြင်း၊ မြန်မာ့ရုပ်မြင်သံကြားမှ ကျန်းမာရေးပညာပေးဟော ပြောခြင်းများလည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိပါတယ်။ သို့ပါ၍ မျက်စိဝေဒနာရှင်များအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ကုသပေးမှုများ ဆောင်ရွက်ပေးနေသည် ဖြစ်ပါသဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီး၏ အဆိုအား မှတ်တမ်းတင်သင်‌့ ပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။