Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဌမှ မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ပြန်လည်သုံးသပ် တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း

ဥက္ကဋ္ဌ၊၊      ၊၊သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ရှင်းလင်း တင်ပြတဲ့နေရာမှာ ဒီကိစ္စဟာ ဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မှတ်တမ်းတင်သင့် တယ်လို့ ဒီလို ဆွေးနွေးသွားပါတယ်။ အဆိုနှင့်ပတ်သက်ပြီးတော့ အဆိုရဲ့အဓိပ္ပာယ်၊ အနှစ်သာရရယယ်၊ ဆွေးနွေးသွားတဲ့ ပုဂ္ဂိုလ်များရဲ့ဆွေးနွေးချက်များကို ပြန်လည်သုံးသပ် တင်ပြဖို့လည်းလိုပါတယ်။ အဲ့တော့ မူလအဆိုရှင် တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်း တင်သွင်းတဲ့ အဆိုကတော့ မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာများ များစွာခံစားနေရမှုကို အထူးအစီအစဉ် ဖြင့်ကုသပေးရန်ဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။ ဒီနေရာမှာ တချို့ပုဂ္ဂိုလ်မျာဖြည်‌့စွက်ဆွေးနွေးတာရှိပါတယ်။ အလယ်ပိုင်း၊ အပူပိုင်း ဒေသတွင် မကဘဲနဲ့ အခြားဒေသမှာလည်း ဒီလိုမျက်စိဝေဒနာများ ခံစားရတာရှိပါတယ်။ ဒီဒေသမှာရှိတဲ့ မျက်စိဝေဒနာ ခံစားရသူများကိုလည်း ကုသဖို့လိုပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ပါတယ်။ လက်တွေ့မှာလည်း ဒီအတိုင်းပဲ တချို့မြန်မာပြည်အောက်ပိုင်း ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအရှေ့နှင့် အနောက်တို့မှာလည်း ဒီလိုပဲအထူး အစီအစဉ်ကိစ္စများနှင်‌့ ဆောင်ရွက် နေတာတွေ့ရမှာဖြစ်သလို ဆောင်ရွက်ခဲ့တာလည်း ရှိပါတယ်။ တစ်ဖန် အဆိုရှင်ကအထူးအစီအစဉ်ဖြင့် ကုသပေးရန်လို့ ဒီလိုပဲစပြီးတော့ ဆွေးနွေးပါတယ်။

သို့ရာတွင် ဆွေးနွေးတဲ့နေရာမှာ ကာကွယ်ခြင်း အပိုင်းအပါအဝင် အခြားအပိုင်းများပါ ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုတာလည်း ဆွေးနွေးတာတွေရှိပါတယ်။ တကယ့် အဆိုရှင်ရဲ့ အဓိက လိုလားချက်ကတော့ အထူး အစီအစဉ်ဖြင့် ကုသပေးပါဆိုတဲ့ အဆိုပဲဖြစ်ပါတယ်။ ဒီလို ဆွေးနွေးတဲ့ နေရာမှာ တချို့ လွှတ်တော် ကိုယ်စားလှယ်တွေထဲက အလှူရှင်အဖြစ် ပါဝင်ခဲ့တဲ့ နေရာမှာ အလှူရှင်တစ်ယောက်ရဲ့ အတွေ့အကြုံလည်း ရှင်းလင်း ဖော်ပြသွားသလိုပဲ ရွှေဘို မဲဆန္ဒနယ်က ဒေါက်တာ အောင်သန်းက ဆွေးနွေးတဲ့ နေရာမှာလည်း အလှူရှင်လှူခဲ့တဲ့ နေရာမှာ တွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံနှင့် အခက်အခဲများ ရှိနေသေးတယ်။ ပြီးတဲ့အခါမှာ စနစ် ကလည်းပြောင်း သွားပြီ။ ပြောင်းသွားတဲ့အတွက် ဒီစနစ်၊ ဒီခေတ်မှာလည်း အဆိုရှင်ရဲ့ အဆိုအောင်မြင်အောင် အထူးကိစ္စတစ်ရပ် အနေနဲ့ စဉ်းစားပြီး မည်သည်‌့ ကိစ္စများပါ ဆက်လက်ပါဝင် ပူးပေါင်းသင့်တယ်ဆိုတာ လည်းပါသွားပါတယ်။ ပြန်ပြီး ခြုံငုံသုံးသပ်မယ် ဆိုလို့ရှိရင် အလှူရှင်ရှိရုံနဲ့ မရသေးပါဘူး။ ထိုဒေသမှာရှိတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ ပါဝင်ပူးပေါင်းမှု၊ အသင်းအဖွဲ့များရဲ့ ပါဝင်ပူးပေါင်းမှု၊ ထိုနည်းတူစွာပဲ သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းများရဲ့ပါဝင် မှုများဟာလည်း လိုအပ်နေဦးမှာ ဖြစ်ပါတယ်။ တစ်ဖန်ဆွေးနွေးသွားတဲ့ ဆွေးနွေးချက်မှာကြည့်မယ်ဆိုလို့ ရှိရင် ဒီလိုမျက်စိ ဝေဒနာများကုသပေးတဲ့ နေရာမှာ မြို့နယ်တစ်နယ်ကို သိန်း ၃၀၀ လောက် အကြမ်းဖျင်းကုန်တယ်။ ဒီထက်လည်း ပိုအနည်းငယ်တော့ရှိတယ်။ ဒါကို ကျွန်တော်တို့ငွေကြေးနဲ့ တွက်လိုက်တဲ့အခါမှာလည်း မြို့နယ်တစ်နယ်ကို သိန်း ၃၀၀ ဖြစ်ရင် မြို့နယ် ၁၀ မြို့နယ် သိန်း ၃၀၀၀၊ မြို့နယ် ၁၀၀ သိန်း ၃၀၀၀၀ ( ၃ ဘီလီယံ ) ကျွန်တော်တို့ဆီမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အတွက် ဒါကို တွက်မယ်ဆိုလို့ရှိရင် ၁၀ ဘီလီယံ လောက်ကုန်မယ်ဆိုတဲ့ အနေအထားရှိပါတယ်။ ၁၀ ဘီလီယံကို မြန်မာကျပ်နဲ့ တွက်မယ်ဆိုရင် ၁၂ မီလီယံ အမေရိကန် ဒေါ်လာလောက်ရှိပါတယ်။ ကုန်ကျတာများတယ် ဆိုပေမယ့် ဝေဒနာရှင်များ သက်သာ ပျောက်ကင်းမယ် ဆိုလို့ရှိရင် ၁၂ မီလီယံ ဆိုတာလည်း တအားကြီးတော့လည်း မများပါဘူး။ ဒီနေ့ နိုင်ငံတကာကလည်း အလှူရှင်တွေရှိတဲ့ အတွက် ဒီကိစ္စအတွက် တကယ်အရေးကြီးတယ်။ လိုလားတယ် ဆိုလို့ရှိရင် ကျန်းမာရေးအတွက် နိုင်ငံတကာက အလှူရှင်များ ပါဝင်မယ် ဆိုလို့ရှိရင် ပိုပြီးတော့လည်း ဖြစ်မြောက်သွားနိုင်တဲ့ အနေအထားရှိပါတယ်။ သိပ်မများပါဘူး။ ၁၂ မီလီယံ တစ်နိုင်ငံလုံးကို တစ်မြို့နယ် တစ်မြို့နယ်ကို သိန်း ၃၀၀ နဲ့တွက်တာပါ။ မြို့နယ်တိုင်း လိုချင်မှ လိုပါမယ်။ ဒါကြောင့် တောင်သာ မဲဆန္ဒနယ်က ဦးအောင်သောင်း တင်သွင်းတဲ့အဆိုဟာ တကယ် စေတနာပါပြီးတော့ တကယ့်ကို လုပ်သင့်တဲ့ကိစ္စ၊ လုပ်လည်းလုပ်နေတဲ့ ကိစ္စ။

သို့ရာတွင် ဒီစနစ်၊ ဒီခေတ် အရ အုပ်ချုပ်ပုံ ပြောင်းသွားတဲ့ နေရာမှာ ယခင်လို အဆင်ပြေ/မပြေဆိုတဲ့ အနေအထားကို ဆက်လက် သုံးသပ်ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အရင်လို အဆင်ပြေအောင် ဆောင်ရွက်တဲ့နေရာမှာ ကျန်မာရေး ဝန်ကြီးဌာနတစ်ခုတည်းနဲ့ မရတော့ဘဲနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများက ပါဝင်ပူးပေါင်းဖို့ လိုသလို ကျန်တဲ့ NGO သို့မဟုတ် လို့ရှိရင် အသင်းအဖွဲ့များကလည်း ပါဝင်ဖို့လိုမှာဖြစ်တယ်လို့ သုံးသပ်လို့ရပါတယ်။ NGO ပတ်သက်လို့လည်း ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ကာလ အပိုင်းအခြား အတွင်းတုန်းကလည်း NGO များမှတ်ပုံတင် ကိစ္စရပ်နှင့်ပတ်သက်လို့ အခက်အခဲရှိနေ တယ်ဆိုတာလည်း ဒါကြားသိရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သာမန်အားဖြင့်တော့ ဒီကိစ္စဟာ လုပ်နေတဲ့ကိစ္စပဲ ဘာများ အဆိုတင်စရာလို မလဲလို့ ယူဆစရာ အကြောင်းရှိပေမယ့် ဒီနေ့ ဒီကာလ အခြေအနေဟာ တကယ်လိုလို့ တင်ပြတဲ့အဆိုဖြစ်တယ်လို့ ဒီလိုပဲမှတ်ယူရမှာဖြစ်ပါတယ်။ ဒါနှင့်အတူပဲ မိမိရဲ့ အယူအဆပြောမယ်ဆိုရင် ကျန်မာရေးဝန်ကြီးဌာနက လုပ်နေပါတယ်။ လုပ်ခဲ့ပါတယ်။ ဒါကြောင့် မို့လို့ မှတ်တမ်းတင်ထားရှိပါလို့ ပြောတဲ့ဟာ မှန်ပါတယ်။ သို့ရာတွင် ပြည့်စုံတဲ့ အနေအထားမရှိပါဘူး။ ဘာကြောင့်လဲ ဒီအဆိုအတည် ဖြစ်သွားမှ ကျန်းမာရေးဝန်ကြီးဌာန မကဘဲနဲ့ နိုင်ငံတော်အစိုးရ၊ အုပ်ချုပ် ရေးအဖွဲ့အနေနဲ့လည်း အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် မိမိရဲ့ လွှတ်တော် ဥက္ကဋ္ဌရဲ့သဘောထား တင်ပြရမယ်ဆိုရင်တော့ အားလုံးလည်း ပြည့်စုံသွားအောင် တောင်သာမဲဆန္ဒနယ် က ဦးအောင်သောင်း တင်သွင်းတဲ့ မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာ ဆိုတဲ့နေရာမှာ အပူပိုင်းဒေသတင်မှ မဟုတ်ပါဘူး။ ကျန်တဲ့ဒေတွေမှာလည်း ရှိနေတဲ့အတွက် ဖြည်‌့စွက်လိုတာက အလယ်ပိုင်း၊ အပူပိုင်းဒေသနှင့် အခြားဒေသအချို့ရှိ ပြည်သူများ၏ မျက်စိဝေဒနာများအား ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကတော့ ဒီနေ့မလွဲမသွေလိုအပ်မယ့် အဆိုတစ်ခုဖြစ် မယ်လို့ ကျွန်တော့် အနေနဲ့ ဒီလိုပဲယူဆပါတယ်။ ဒါကြောင့်မို့လို့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ သဘောထားဆန္ဒ ကျွန်တော် ရယူပါ့မယ်။ တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်းတင်သွင်းတဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိဆိုတဲ့ နေရာမှာ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသနှင့် အခြားဒေသအချို့ရှိ ပြည်သူများ မျက်စိဝေဒနာများ များစွာခံစားနေရမှုကို အထူးအစီအစဉ်ဖြင်‌့ကုသပေး ရန်အဆိုနှင့်ပတ်သက်ပြီး လွှတ်တော်က အတည်ပြုပါသလားခင်ဗျား။

[ သုံးကြိမ်တိုင်တိုင်းမေးမြန်းပါသည်။ လွှတ်တော်က အတည်ပြုပါသည်။ ]

ဥက္ကဋ္ဌ။           ။ ကန့်ကွက်ရန်ရှိပါသလားခင်ဗျား။ ကန့်ကွက်သူ မရှိတဲ့အတွက် တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်း တင်သွင်းတဲ့ မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသနှင့် အခြားဒေသအချို့ရှိ ပြည်သူများ မျက်စိဝေဒနာများ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင်‌့ ကုသပေးရန် အဆိုအတည် ဖြစ်ကြောင်း ကြေညာပါတယ်။