Skip to main content

ဥပဒေကြမ်း ကော်မတီမှ ဒေါ်ခင်ဌေးကြွယ် (မော်လမြိုင် မဲဆန္ဒနယ်)က တိုင်းရင်းဆေး ကောင်စီကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ လေ့လာ စိစစ်တွေ့ရှိချက်အား အစီရင်ခံစာ ကို ဖတ်ကြားတင်ပြခြင်း

လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများ အားလုံး မင်္ဂလာပါလို့ နှုတ်ခွန်း ဆက်သပါတယ်။ ကျွန်မကတော့ မွန်ပြည်နယ်၊ မော်လမြိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ဖြစ်ပါတယ်။ ကျွန်မမှာ တိုင်းရင်းဆေး ကောင်စီကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီမှ လေ့လာ စိစစ်တွေ့ရှိချက်အား အစီရင်ခံစာ တင်ပြခြင်းကို ဥပဒေကြမ်း ကော်မတီကိုယ်စား ဖတ်ကြား တင်သွင်းသွားမှာ ဖြစ်ပါတယ်။

၁။       ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော တိုင်းရင်းဆေးကောင်စီ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးပြီး ပြင်ဆင်ချက်များဖြင့် အတည်ပြု၍ ပြည်သူ့ လွှတ်တော်၌ ဆွေးနွေးရန် အထက်ရည်ညွှန်းပါစာဖြင့် ပေးပို့လာပါသည်။

၂။       တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်ရေးဆွဲရခြင်း၏ အဓိကရည်ရွယ်ချက် ၂  ရပ်ကို တွေ့ရ ပါသည်။

          (က) ခေတ်နှင့်လိုက်လျောညီထွေမဖြစ်သည်‌့ ပြစ်ဒဏ်များကို ခေတ်နှင့်အညီ ဖြစ်စေရန်၊

(ခ ) ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ အများပြည်သူပိုမိုရှင်းလင်းစွာ သိရှိလိုက်နာစေ ရန်ဟူ၍ ဖြစ်ပါသည်။

၃။       ယင်းဥပဒေကြမ်းတွင် ပုဒ်မ ၃ ခုကို ပြင်ဆင်ရန် တင်ပြထားပါသည်။ ယင်းတို့မှာ-

(က) ပုဒ်မ ၆ ပုဒ်မခွဲ(ခ)တွင် ပါရှိသည့် ကောင်စီဝင်တစ်ဦးသည် ကောင်စီဝင်သက်တမ်း တစ်ဆက်တည်း ၃ ကြိမ်အထိသာ ကောင်စီဝင်အဖြစ် ဆောင်ရွက်ခွင့်ရှိသည်ဟူသည့် ပြဋ္ဌာန်းချက်ပါ ကောင်စီဝင်တစ်ဦး၏ သက်တမ်းသည် တစ်ကြိမ်လျှင် ၄ နှစ် ဖြစ်ရာ တစ်ဆက်တည်း ၃ကြိမ် တာဝန်ထမ်းဆောင်ရန် အခက်အခဲရှိနိုင်သဖြင့် တစ်ဆက်တည်း နှစ်ကြိမ်အထိသာဟု ပြင်ဆင်ရန် တင်ပြချက်၊

(ခ )    ပုဒ်မ ၂၂ တွင် မည်သူ့မျှကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရရှိဘဲ ပုဂ္ဂလိက အကျိုးစီးပွားအတွက် ငွေကြေး သို့မဟုတ် အကျိုးခံစားခွင့် ရယူ၍ ဆေးကုသ သည့် လုပ်ငန်းကို လုပ်ကိုင်ခြင်းမပြုရဟု ပြဋ္ဌာန်းထားရာ ယင်းပြဋ္ဌာန်းချက်တွင် ပါရှိသည့် ကောင်စီက ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ရရှိသူမှသာ ဆေးကုသခွင့်ရရှိရန်နှင့် မှတ်ပုံတင်လက်မှတ်မရရှိသူသည် မည်သည့် အကြောင်းနှင့်မျှ ဆေးကုသလုပ်ကိုင်ခွင့် မရှိ ကြောင်း ပြင်ဆင်ရန် တင်ပြချက်၊

(ဂ ) ပုဒ်မ ၂၄ ပုဒ်မခွဲ(က)တွင် ပုဒ်မ ၂၂ သို့မဟုတ် ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ထိုသူကို ထောင်ဒဏ်၊ ငွေဒဏ် သတ်မှတ်ချက်အနက် ယခင်က ငွေဒဏ်ကျပ် ၁၀၀၀၀ မှာ ခေတ်ကာလ တန်ဖိုး သတ်မှတ်ချက်အရ နည်းပါးနေပါသဖြင့် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် တင်ပြချက်တို့ကို တွေ့ရှိ ရပါသည်။

၄။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ပေးပို့လာသော တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ တာဝန်ပေးအပ် ထားသည့် အချက် ၁၂ ချက်နှင့်အညီ လေ့လာစိစစ်နိုင်ရန် ၃-၈-၂၀၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းအစည်းအဝေးကျင်းပခဲ့ပါသည်။

၅။       ထိုသို့ ဆွေးနွေးရာတွင် ပြင်ဆင်သည့်ဥပဒေကြမ်း၌ ပါရှိသော ပုဒ်မ ၆ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၂၂၊ ပုဒ်မ ၂၄ ပုဒ်ခွဲ(က)ပါ ပြင်ဆင်ချက်များနှင့်စပ်လျဉ်းပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည် ပြုချက်များအတိုင်း သဘောတူညီသင့်ပါကြောင်း လေ့လာစိစစ်တွေ့ရှိရပါသည်။

၆။       သို့ဖြစ်ပါ၍ တိုင်းရင်းဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၏ အတည်ပြုချက်အတိုင်း သဘောတူညီပါကြောင်းကို ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ကြပြီး နည်းဥပဒေ ၄၅ နှင့်အညီ ပြည်သူ့လွှတ်တော်သို့ အစီရင်ခံတင်ပြ အပ်ပါသည်။