Skip to main content

သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်းက အရေးကြီးအဆိုတစ်ရပ် တင်သွင်းခြင်း

ဥက္ကဋ္ဌ ။   ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ရှင်းရှင်းလင်းလင်း သိခွင့်ရရှိသင်‌့ပါ ကြောင်းအဆိုအား အရေးကြီးအဆို အဖြစ်တင်ပြလာပါတယ်။ သာပေါင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်း ဆွေးနွေးအဆိုပြုဖို့ဖြစ်ပါတယ်။

ဦးဝင်းသန်း(သာပေါင်းမဲဆန္ဒနယ်)။         ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အထူးဖိတ်ကြားထားတဲ့ဧည်‌့သည်တော်ကြီးများ၊ မင်္ဂလာအပေါင်းနှင့် ပြည်‌့စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဧရာဝတီတိုင်း ဒေသကြီး၊ သာပေါင်းမဲဆန္ဒနယ်မှ ကျွန်တော် ဦးဝင်းသန်းရဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၃ နှင့်အညီ တင်သွင်းတဲ့အဆိုကို အရေးကြီးအဆိုအဖြစ် လက်ခံတင်သွင်းခွင့်ပြုတဲ့ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပဏာမပြောကြားလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သမ္မတကတင်သွင်းခဲ့တဲ့ လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့၏ ပြည်ထောင်စု အဆင့်ဟူသည့် အနက်အဓိပ္ပာယ်ဆိုခြင်းနှင့်စပ်လျဉ်းသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ဆုံးဖြတ်ချက်အပေါ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၃၄ အရ စွပ်စွဲပြစ်တင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ဥက္ကဋ္ဌထံတင်ပြခဲ့ကြပြီးဖြစ်ပါတယ်။ အဆိုပါတင်ပြချက်အရ လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော်သမ္မတ ထံသို့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပြီးတော့ နိုင်ငံတော်သမ္မတထံမှလည်း ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်စွဲနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ သဝဏ်လွှာတစ်စောင် ပြန်လည်ပေးပို့ပြီးဖြစ်တာကို သိရှိပြီးဖြစ်ကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက အထက်ပါသဝဏ်လွှာ ကိုပေးပို့ခြင်းမပြုမီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ဆန္ဒကို ဥပဒေ နှင့်အညီဆောင်ရွက်ပေးပါ့မယ်လို့ ဝန်ခံပြောဆိုသွားတဲ့အတွက် ထိုသို့ဝန်ခံပြောဆိုမှုကို ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များက လေးနက်စွာ ယုံကြည်ခဲ့ကြပါတယ်။ ဒီလိုယုံကြည်သည့်အတွက်ကြောင့် လည်းကောင်း နိုင်ငံတော်သမ္မတထံက ပြန်ကြားလာမယ့်ရလဒ်အပေါ်မှာမူတည်လျက် ဆက်လက် လုပ်ဆောင်ရန်ခဏသီးခံပါလို့ လွှတ်တော်ဥက္ကဋ္ဌရဲ့ သဘောထားကြီးမှုကို အလေးထားလေးစား သောအားဖြင့်လည်းကောင်း ကျွန်တော်တို့ပြည်သူ့ကိုယ်စားလှယ် များကသီခံစောင့်ဆိုင်းခဲ့ကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဟာ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေး ကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးရဲ့ မေတ္တာရပ်ခံချက်ကို ကတိကဝတ် တစ်ခုအဖြစ်အနေနဲ့လည်း ကျွန်တော်တို့မှတ်သားထားတဲ့အတွက် မေးခွန်းဆန်တဲ့ ဒီအဆိုကိုတင်သွင်းရခြင်းပဲဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သမ္မတထံမှ သဝဏ်လွှာပေးပို့ ရောက်ရှိလာတဲ့ အခါမှာ သဝဏ်လွှာရဲ့နောက်ဆုံးအပိုင်းမှာပါရှိတဲ့ သို့သော်လည်း ဤအဖွဲ့အစည်း ၂ ခုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သီးခြားပေးအပ်ထားသည့် သီးခြားလွတ်လပ်သောအဖွဲ့အစည်းများဖြစ်ပါသဖြင့် မိမိတို့ဆန္ဒအရ မိမိတို့ကြိုက်နှစ်သက်သော နိုင်ငံရေးလမ်းကြောင်းကိုရွေးချယ်နိုင်ခွင့်ရှိပါကြောင်း ဟု ကြားသိရပြီးတော့ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့အထိ လွှတ်တော်ဥက္ကဋ္ဌကြီးက မည်သို့ ဆောင်ရွက်ပေးမလဲဆိုတာ ကျွန်တော်တို့ဆက်လက်သည်းခံစောင့်ဆိုင်းခဲ့ကြပါတယ်။ သို့သော် လည်း ၎င်း သြဂုတ်လ ၂၁ ရက်နောက်ပိုင်းမှာလည်း ဘာမျှဆက်လက်ဆောင်ရွက်ပေးခြင်း၊ ထူးခြားမှု မရှိတဲ့အတွက် ကျွန်တော်တို့အားလုံးရဲ့အယူအဆတွေဖြစ်ပေါ်လာပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ တင်ပြချက်ကို လွှတ်တော်ဥက္ကဋ္ဌကြီးကလျစ်လျူရှုထားပါပြီလား။ သို့တည်းမဟုတ် ကျွန်တော်တို့ လွှတ်တော်ရဲ့အပေါ်မှာ လွှမ်းမိုးထားတဲ့အဖွဲ့အစည်းတစ်ခုရှိပြီလား။ သို့မဟုတ် လွှမ်းမိုးထားတဲ့ လူပုဂ္ဂိုလ်တစ်ဦးဦးရှိနေပြီလားဟု ထင်မြင်ယူဆမိပါတယ်။ ဒီလိုထင်မြင်ယူဆချက်နှင့်အတူ လက်ရှိဖြစ်စဉ်အနေအထားအတိုင်းသာ ဆက်လက် လုပ်ဆောင်ရမယ်ဆိုပါလျှင် ကျွန်တော်တို့ ပြည်သူ့ ကိုယ်စားလှယ်များအနေနဲ့ ပြည်သူတို့ရဲ့အကျိုးကို ဘယ်လိုမှထိထိရောက်ရောက်ဆက်လက် ဆောင်ရွက်နိုင်တဲ့အနေအထားမရှိတော့ပါဘူး။

ဥက္ကဋ္ဌကြီးခင်ဗျား။ စကားရပ်များကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့ ကိစ္စနှင့်ပတ်သက်ရင် ကျွန်တော်တို့နိုင်ငံမှာ တည်ဆဲဥပဒေ ပြဋ္ဌာန်းပြီးသားရှိပါတယ်။ ၁၉၇၃ ခုနှစ်၊ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ် များရဲ့ ပြည်ထောင်စု အဆင့်အတန်းနှင့် ပတ်သက်၍ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာမှာ အဆိုပါ ၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာဖွင့်ဆိုရေးဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(ခ) အရ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်၏ အနက် အဓိပ္ပာယ်ကို ယင်းဥပဒေပြုသည့် အာဏာပိုင် အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့်ကိုက်ညီအောင် ဖွင့်ဆိုရမယ်လို့လမ်းညွှန်ထားပါတယ်။ ဒီလမ်းညွှန်ချက်အရဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ ပြဋ္ဌာန်းချက်မှာလည်း ရည်ရွယ်ချက် ထင်ထင်ရှားရှားရှိနေပါလျက်နဲ့ ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်းလို့ ဆုံးဖြတ်လိုက်တာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မျက်ကွယ်ပြု ဆုံးဖြတ်ခဲ့ခြင်းဖြစ် ပြီးတော့ အထက်ပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ ကိုလည်း ဖောက်ဖျက်ရာရောက်ကြောင်း ထင်ရှားနေပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ မနေ့က ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့မှာ ပြည်သူ့လွှတ်တော်အစည်းအဝေးစတင်ရန် နံနက် ၁၀း၀၀ နာရီ၌စီစဉ်ထားသော်လည်း အစည်းအဝေးမကျင်းပဖြစ်တာကြောင့် တက်ရောက်ရန် စောင့်ဆိုင်းနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များမှာ အချိန်ကုန်လူပန်းဖြစ်ကြရပါတယ်။ ဒါဟာ ပြည်သူ့ကိုယ်စားလှယ်များကို အလေးမထားရာလည်းရောက်ခဲ့ပါတယ်။ သို့ဖြစ်ပါသောကြောင့် ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်တင်သွင်းလိုသည့်အဆိုမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်စွဲပါသဝဏ်လွှာနှင့် နိုင်ငံတော်သမ္မတက ပြန်လည်ပေးပို့သော သြဂုတ်လ ၂၀ ရက်ပါသဝဏ်လွှာများ နှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ မှန်ကန်သော ဆန္ဒအား လွှတ်တော်ဥက္ကဋ္ဌအနေဖြင့် မည်သို့သဘောထားသည်ကို ရှင်းရှင်းလင်းလင်း သိခွင့်ရသင့်ပါကြောင်းအဆိုအား လေးလေးစားစား တင်သွင်းအပ်ပါတယ်ခင်ဗျား။