Skip to main content

ဦးဝင်းသန်းက အရေးကြီးအဆိုကို ဒေါက်တာစိုးရင် ကမာရွတ်မဲဆန္ဒနယ်မှ ထောက်ခံ ဆွေးနွေးခြင်း

ဒေါက်တာစိုးရင် (ကမာရွတ်မဲဆန္ဒနယ်)။   ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အပေါင်းတို့ မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါ စေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင် ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးဟာ လွှတ်တော်ဆိုင်ရာ လုပ်ငန်းများနှင့် ဥပဒေပြုရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာမှာ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှု၊ ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှုအောက်မှာ တစ်ညီတစ်ညွတ်တည်း ပူးပေါင်းဆောင်ရွက်ခဲ့တာဟာ တိုင်းသိ ပြည်သိ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်မှုပြုတဲ့ ပါတီစွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေ မထားဘဲနှင့် နိုင်ငံ့အကျိုး၊ တိုင်းပြည် အကျိုးအတွက် လွှတ်တော်အတွင်းမှာ ပူးပေါင်းဆောင်ရွက်နေကြ တာဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီး၏ ပဲ့ကိုင်ထိန်းကျောင်းမှုအတွက် ပြည်သူ့လွှတ်တော်တစ်ရပ်လုံး ဟာ ဥပဒေပြုရေးလုပ်ငန်းတွေကို ပီပြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဒီမိုကရေစီ နိုင်ငံတော်သစ် တည်မြဲ ဖြစ်ထွန်းအောင် ဖော်ဆောင်နေကြတာ ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ နိုင်ငံတော်အခြေခံဥပဒေခုံရုံးက လွှတ်တော်အသီးသီး ကဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေဟာ ပြည်ထောင်စုအဆင့်သို့ သတ်မှတ်ထားတာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီညွတ်ကြောင်း ဆုံးဖြတ်ထားတာ လွှတ်တော်ကိုယ်စားလှယ်တွေ လုပ်ငန်း ဆောင်ရွက်ရာမှာ ဥပဒေဆိုင်ရာ အကြပ်အတည်း များစွာ ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၂၀ က လက်မှတ်ရေးထိုးပြီး ပြည်သူ့လွှတ်တော် အခွင့်အရေး ကော်မတီက တစ်ဆင့် ဥက္ကဋ္ဌကြီးထံ တင်ပြထားပြီး ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရဲ့ တင်ပြချက်၊ လိုလားချက် တွေကို ဥက္ကဋ္ဌကြီးအနေနဲ့ နားလည်သဘောပေါက်ပြီး ကိုယ်စားလှယ်များရဲ့ဆန္ဒကို အရေး ယူ ဆောင်ရွက်ပေးပါမယ်လို့ လွှတ်တော် အစည်းအဝေးမှာ ဝန်ခံပြောကြားခဲ့တာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အားလုံးက လက်ခံယုံကြည်ထားပြီး ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဥက္ကဋ္ဌကြီး အနေနဲ့ နိုင်ငံတော်သမ္မတကြီးထံ သဝဏ်လွှာပေးပို့ပြီး ဆက်လက်ဆောင်ရွက်လိုတဲ့ အတွက် ကိုယ်စားလှယ်တွေ ခေတ္တသည်းခံစောင့်ဆိုင်းပေးဖို့ ပြောခဲ့တာကြောင့် ဥက္ကဋ္ဌကြီးရဲ့ သဘောထားကြီးမှုအတွက် ကျွန်တော်တို့ နားထောင်ပြီး သည်းခံစောင့်ဆိုင်းခဲ့ပါ တယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အဲဒီလို စောင့်ဆိုင်း နေချိန်မှာ အဖြစ်မှန်အချက်အလက်တွေပေါ်မှာ ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့ အချက်တွေ၊ လွှတ်တော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို ကျဆင်းစေတဲ့ ဖော်ပြချက်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်တွေခံစားသလို ခံစားခွင့်တွေရရှိနေလိုသည့်ပုံစံမျိုးနှင့် သတင်းစာ၊ မီဒီယာ၊ ဂျာနယ်တွေမှာ ဖော်ပြချက်တွေ ပေါ်ထွက်လာပါတယ်။ ကျွန်တော်တို့ရဲ့ မဲဆန္ဒရှင်ပြည်သူတွေက လည်း ဒီအချက်တွေပေါ်မှာ စိတ်ဝင်စားမှု ပိုမိုများပြားလာပြီး လွှတ်တော်ရဲ့ စောင့်ဆိုင်းမှုတွေကို စောင့် ကြည့်လေ့လာခဲ့ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်းပဲ ဒီအချက်တွေနှင့် ပတ်သက်ပြီး တော့ မေးမြန်း စုံစမ်းလာတာလည်းပဲ ရှိပါတယ်။ သူတို့တွေရဲ့ မေးမြန်းမှုတွေကို လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရည်ရည်လည်လည် ပြန်လည်ရှင်းပြနိုင်ဖို့ အရေးကြီးပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ လွှတ်တော် အတွင်းမှာ ဆောင်ရွက်နေမှု အပေါ် ပြည်သူတွေရဲ့ အမြင် ကြည်လင်ရှင်းလင်းဖို့ လိုပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ယခုအခါမှာ ဥက္ကဋ္ဌကြီးရဲ့ သဝဏ်လွှာအပေါ်မှာ နိုင်ငံတော် သမ္မတကြီးရဲ့ ပြန်ကြားချက် သဝဏ်လွှာကိုလည်း ကျွန်တော်တို့ လွှတ်တော်ဥက္ကဋ္ဌကြီးက တစ်ဆင့် ကြားသိရပြီး ဖြစ်ပါတယ်။ ဒီသဝဏ်လွှာအပေါ်မှာ ဘယ်လိုဆက်လက်ဆောင်ရွက်ရမယ် ဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးသိရှိနေကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ အချိန်တွေ ဆွဲပြီး ဆက်လက်သည်းခံစောင့်ဆိုင်းနေတဲ့ အချိန်တွေဟာ ကြာလာပြီလို့ တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးဟာ ကျွန်တော်တို့ အားကိုးအားထားပြုတဲ့ လွှတ်တော်အကြီးအမှူးဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေအပေါ်မှာ ဥက္ကဋ္ဌကြီးအနေနဲ့ လစ်လျူရှုထားမယ်လို့ ကျွန်တော်တို့ မယူဆလိုပါဘူး။ ဥက္ကဋ္ဌကြီးရဲ့ အကျိုးအကြောင်း ရှင်းပြချက်နှင့် လွှတ်တော် ကိုယ်စားလှယ်များရဲ့ဆန္ဒကို ဘယ်လိုသဘောထားတယ်ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံးက သိရှိလိုကြပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီအတွက်ကြောင့် သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသန်းရဲ့ အဆိုတင်ပြချက်နှင့် သဝဏ်လွှာကိစ္စနှင့်ပတ်သက်ပြီးတော့ ဥက္ကဋ္ဌကြီးရဲ့ သဘောထားရှင်းလင်းချက်တင်ပြဖို့ အဆိုကို ကျွန်တော့်အနေနဲ့ လေးလေးနက်နက် လေးလေးစားစား ထောက်ခံတင်ပြအပ်ပါတယ်။