Skip to main content

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းမှ သာပေါင်းမဲဆန္ဒနယ်မှ ဦးဝင်းသန်း၏ အရေးကြီးအဆိုနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောချက်

လေးစားချစ်ခင်ရပါသော လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ သာပေါင်း မဲဆန္ဒနယ်မှ ဦးဝင်းသန်း မေးမြန်းတဲ့ မေးခွန်းဆန်သော အဆိုဟာ မေးသင်‌့မေးထိုက်တဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီလို မေးမြန်းတဲ့အတွက်လည်း ကျွန်တော့်အနေနဲ့ စိတ်မကောင်းမရှိပါဘူး။ မေးမြန်းချက် ရဲ့ ပထမအပိုဒ်ထက် ဒုတိယအပိုဒ်ကို ကျွန်တော် ဦးစွာ ရှင်းလင်းတင်ပြချင်ပါတယ်။ လွှတ်တော်ကို အလေးထားရာ မရောက်ဘူးဆိုတဲ့ မေးမြန်းမှုနဲ့ ပတ်သက်ပြီးတော့ မိမိလွှတ်တော် ဥက္ကဋ္ဌအနေနဲ့ လွှတ်တော်အပေါ် အလေးထားပါတယ် ဆိုတာ ဦးစွာပြောချင်ပါတယ်။ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာ လွှတ်တော်ရဲ့ အဆင့်အတန်းကိုလည်း အမြဲကာကွယ် ထိန်းသိမ်းလျက်ရှိပါတယ်။ ယမန်နေ့ ၂၃-၈-၂၀၁၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စနဲ့ ပတ်သက်၍ ညှိနှိုင်းဆွေးနွေး လိုကြောင်း ဖိတ်ခေါ်ခဲ့၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် မိမိနှင့် တာဝန်ရှိသူများက မနေ့က မနက် ၉ နာရီမှာ စတင်ပြီး ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ လွှတ်တော် အစည်းအဝေးကို ဒါကြောင့်လည်း အချိန်မီ မရောက်ခဲ့ခြင်းဖြစ်ပါတယ်။ နောင်တွင် လွှတ်တော်ကို မိမိအနေဖြင့် လွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များကို အလေးထား ဆက်လက်လေးစား သွားမှာ ဆောင်ရွက်သလို လွှတ်တော်ရဲ့ ဂုဏ်သိက္ခာမြင်‌့မားရေးနဲ့ လွှတ်တော်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့် မှန်ကန်စွာ ရရှိရေးဆောင်ရွက်ရာတွင် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ် များအား စော်ကားရာ အဖြစ်မျိုး မရောက်အောင် အချိန်ကို တွက်ချက်ပြီး လေးစားလိုက်နာ ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြပါတယ်။

လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကိုယ်စားလှယ်ဦးဝင်းသန်း ပြောဆိုဆွေးနွေးမေးမြန်းမှု များဟာ မေးသင့်မေးထိုက်တဲ့ ကိစ္စများဖြစ်တယ်လို့ ကျွန်တော် ဝန်ခံပြောဆိုပြီးဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့လည်း သဝဏ်လွှာ တင်ပြ ရေးသားတဲ့နေ့က ဝန်ခံကတိဆန်သော ဆောင်ရွက်မှုများ လွှတ်တော် ရှေ့မှောက်မှာ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များရဲ့ တရားနည်းလမ်း ကျစွာဖြင့် စုပေါင်းလက်မှတ်ရေးထိုး တင်ပြချက် သို့တည်းမဟုတ် တာဝန်ပေးချက်ကို လွှတ်တော် ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် မည်သို့မှ ပစ်ပယ်နိုင်ခြင်း၊ လျစ်လျူပြုရန် ဖြစ်ခြင်းမပြုနိုင်ပါဘူး။ ဒါကိုလည်း ကျွန်တော် နားလည်း လက်ခံပါတယ်။ ကျွန်တော့်အနေနဲ့ ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှု ပပျောက်စေ နိုင်ငံတော်အတွက် ဥပဒေပြုလွှတ်တော်နဲ့ ကိုယ်စားလှယ်များအတွက် အုပ်ချုပ်ရေးအဖွဲ့ တရားစီရင်ရေးအဖွဲ့များအတွက် အဆင်ပြေချောမွေ့စေပြီး ဂုဏ်သိက္ခာအတွက်လည်းကောင်း၊ ထိခိုက် နစ်နာမှု အနည်းဆုံး အတွက်သာ စဉ်းစားတွေးတော ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ ဦးဝင်းသန်းနဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ထင်မြင်ယူဆ စရာဖြစ်သော ထင်မြင်ယူဆနိုင်သော လွှတ်တော်အပေါ်တွင် လွှမ်းမိုးသော အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မျှ မရှိကြောင်းကိုလည်း လွှတ်တော်ကို အသိပေး တင်ပြလိုပါတယ်။ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူ့အကျိုးအတွက် မှန်ကန်မျှတစွာဖြင့် ဂုဏ်သိက္ခာရှိရှိ၊ ဆောင်ရွက် နေနိုင်ရန် ယခု ရက်ပိုင်းအတွင်း အမျိုးသား လွှတ်တော်က ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနဲ့ ပတ်သက်၍ စတင် ဆောင်ရွက် မယ်ဆိုတာလည်း ကြားသိထားရပါတယ်။ ဒါကြောင့် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ မိမိ တို့ လွှတ်တော် အခန်းကဏ္ဍ ရောက်တဲ့အခါမှာ ဆောင်ရွက်ဖွယ်ရာ ဆောင်ရွက်နိုင်အောင် သီးခံ စောင့်ဆိုင်း ‌ဆောင်ရွက်ပေးပါရန် မိမိအနေနဲ့ ထပ်  ံမေတ္တာရပ်ခံပါတယ်။ အားလုံးကျေးဇူးတင်ပါတယ်။