Skip to main content

မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ဆက်လက် ဆွေးနွေးခြင်း

ဒေါက်တာကျော်မြင်‌့ (ချမ်းအေးသာစံ မဲဆန္ဒနယ်)။       ။ လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ အားလုံး မင်္ဂလာအပေါင်းနှင်‌့ပြည်‌့စုံပြီးတော့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာ ခြင်းနှင့် ပြည့်စုံကြပါစေလို့ ကျွန်တော့်အနေနဲ့ ဆုမွန်ကောင်းပို့သအပ်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသစံ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်မြင့်ဖြစ်ပါတယ်။ အညာမှာပဲမွေးပြီးတော့ အညာမှာပဲကြီးလာတဲ့ ကျွန်တော့်အနေနဲ့ မန္တလေးတိုင်း ဒေသကြီး၊ တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း အဆိုတင်သွင်း သွားသော မြန်မာပြည်အလယ်ပိုင်း အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိဝေဒနာများစွာခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ထောက်ခံဆွေးနွေး သွားမှာဖြစ်ပါတယ်။ ကိန်းဂဏန်းများ ပါတဲ့အတွက်လည်း ကျွန်တော်‌့အနေနဲ့ ဖတ်ကြားတင်ပြခွင်‌့ ပြုရန်ခွင့် တောင်းခံအပ်ပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ အဆိုရှင်တင်သွင်းသလို မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသများ ဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်း ဒေသကြီးတွင် တစ်ချိန်က မျက်စိ ဝေဒနာဖြစ်သော မျက်ခမ်းစပ်ရောဂါအဖြစ်များတဲ့ ဒေသများဖြစ်တယ် ဆိုတာလည်း အများသိရှိပြီး ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယခင်က မြန်မာပြည် အလယ်ပိုင်း အပူပိုင်းဒေသမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူပြည်သားတွေဟာ မိုးခေါင်ရေရှား ဖုန်ထူတဲ့ဒဏ်ကြောင့် မျက်ခမ်းစပ် ရောဂါ အများဆုံး ဖြစ်ကြပါတယ်။ ၎င်းဒေသတွေကို သွားကြည့်မယ် ဆိုလို့ရှိရင် မျက်ခမ်းစပ်ရောဂါ ကြောင်‌့ဝေဒနာ ခံစားနေရသူများ၊ မျက်စိကွယ်လွန်သူများ အများအပြားတွေ့ရမှာ ဖြစ်ပါတယ်။ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာ ယင်းအချိန်က လူ ၁၀၀ ဆိုလို့ရှိရင် ၄၅ ဦးခန့် ဝေဒနာခံစား နေပြီးတော့ ကမ္ဘာတွင် မျက်ခမ်းစပ်ရောဂါထူထပ်တဲ့ အာဖရိကတိုက်နယ်မှ နိုင်ငံများနှင့်အတူ ရပ်တည် လျက်ရှိကြောင်းလည်း သိရှိရပါတယ်။ ကျန်းမာရေးဌာန အနေနဲ့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ထရက်ကုန်ပါကမ်းပေစ် မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေးစီမံကိန်းကို ၁၉၆၅ ခုနှစ် ကစပြီးတော့ ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၆၅ ခုနှစ်တွင် ချောက်မြို့ကို ဗဟိုပြုပြီးတော့ ဒေသ(၁)၊ ၁၉၆၆ ခုနှစ်တွင် မိတ္ထီလာမြို့ကို ဗဟိုပြုပြီးတော့ ဒေသ(၂)၊ ၁၉၇၀ ခုနှစ်တွင် မုံရွာနှင့် မြင်းခြံတို့တွင် ဒေသ(၃) နှင့် (၄) ဆိုပြီးတော့ မျက်ခမ်းစပ်ရောဂါ တိုက်ဖျက်ရေး စီမံကိန်းရုံးများကို ဖွင်‌့လှစ်ခဲ့ပါတယ်။ မျက်ခမ်းစပ်ရောဂါအတွက် လိုအပ်သော ဆေးများ၊ တစ်ကိုယ်ရေးသန့်ရှင်းရေး၊ မျက်စိရောဂါကို စနစ်တကျ ကုသထိန်းသိမ်းရေး ကျန်းမာရေးပေးရေး လုပ်ငန်းများအပြင် နိုင်ငံတော်မှ အပူပိုင်းဒေသအတွက် ရေရရှိရေးစီမံကိန်းများ များစွာ အကောင်အထည်ဖော် နိုင်တဲ့အတွက် ၁၉၈၄ ခုနှစ်နောက်ပိုင်းတွင် မျက်ခမ်းစပ်ရောဂါဟာ အပူပိုင်းဒေသမှာ ပြည်သူကျန်းမာရေးပြဿနာအဖြစ် ချုပ်ငြိမ်းသွားခဲ့ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မျက်ခမ်းစပ်ရောဂါ ကင်းရှင်းကြောင်း ကြေညာမည်ဆိုပါက အသက်တစ်နှစ်မှ ၉ နှစ်ကလေးများတွင် မျက်ခမ်းစပ်ရောဂါ လက္ခဏာ ၅ ရာခိုင်နှုန်းထက်နဲမှသာလျှင် မျက်ခမ်းစပ်ရောဂါ ကင်းတဲ့နိုင်ငံအနေနဲ့ ကြေညာနိုင်မှာဖြစ် ပါတယ်။ မိမိနိုင်ငံ ဖြစ်ပွားနှုန်းဟာ ယခု ၁.၃ ရာခိုင်နှုန်းသာရှိပြီးတော့ ၂၀၀၁ ခုနှစ်မှစပြီးတော့ မျက်ခမ်းစပ်ရောဂါ ကင်းရှင်းတဲ့ နိုင်ငံအဖြစ် ရပ်တည်လျက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန် ကြေညာချက်ကို စောင့်ဆိုင်းလျက်ရှိပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေနဲ့လည်း မိမိနိုင်ငံက မျက်ခမ်းစပ်ရောဂါကင်းရှင်းသွားသော်လည်း ကြေညာနိုင်ရန် ဒေသအတွင်း အခြားနိုင်ငံများနဲ့အတူ ကြေညာနိုင်ရန် စောင့်ဆိုင်းနေကြောင်းလည်း သိရှိရပါတယ်။ မိမိတို့နိုင်ငံရဲ့ မျက်ခမ်းစပ်ရောဂါနိမ့်နင်း ရေးစီမံချက်များကို အီဂျစ်နိုင်ငံတို့၊ ဆူဒန်နိုင်ငံတို့ အခြားအာဖိကတိုက် နိုင်ငံများက လာရောက် သင်တန်းများလေ့လာကြောင်းကိုလည်း ပြောကြားလိုပါတယ်။

လေးစားအပ်သော ဥက္ကဋ္ဌကြီးခင်ဗျား။ မျက်စိဝေဒနာအဖြစ်များဆုံး အခြားရောဂါများမှာ အတွင်းတိမ် ရောဂါနှင့် အခြားရောဂါများကြောင့် ဥပမာ- ဆီးချို၊ သွေးချိုရောဂါကြောင့်ပဲဖြစ်တတ်ပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု ပိုမိုကောင်းမွန် လာခြင်း၊ လူ့သက်တမ်းပိုမိုမြင်‌့မားလာခြင်းကြောင့် ဇရာနှင့်တွဲ၍ ဖြစ်တတ်သော ရောဂါများတွင် အတွင်းတိမ်ရောဂါ အများဆုံးရောဂါဖြစ်ပါတယ်။ ကျန်းမာရေးဌာန အနေနဲ့ ၁၉၈၀ ခုနောက်ပိုင်း မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး 'မ' သုံးလုံးစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာ မြန်မာပြည် အလယ်ပိုင်း မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့တွင် မျက်စိရောဂါကုဌာနများ မျက်ခမ်းစပ်နှင့် မျက်မမြင်ရောဂါ ကာကွယ်ရေးစီမံချက် ဌာနပေါင်း ၂၆ ခု နှင့် မျက်စိအထူးကုဆရာဝန် ၅၀ တို့အား တာဝန်ပေးထားပြီးကြောင်းလည်း သိရှိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့ကိုလည်း ၂၀၀၂ ခုနှစ်တွင် ဒေသ (၅) အဖြစ် သတ်မှတ်ပြီးတော့ ၎င်းမြို့ရှိ ကုတင် ၅၀ ဆံ့ဆေးရုံကိုလည်း မျက်စိရောဂါ အထူးကုဆေးရုံအနေနဲ့ မျက်စိရောဂါဝေဒနာ အမျိုးမျိုးအပြင် အတွင်းတိမ် ဝေဒနာရှင်များကိုလည်း ခွဲစိတ်ကုသပေးနိုင်ကြောင်းလည်း သိရှိရပါ တယ်။ ကျန်းမာရေး ဌာနအနေနဲ့ အထက်ပါစီမံချက်များ ၂၀၁၂ ခုနှစ်တွင် ကျေးရွာပေါင်း ၂၆၁၃ ရွာ လူဦးရေပေါင်း ၁.၁၅ သန်းကို မျက်စိ ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့တယ်လို့လည်း သိရှိ ရပါတယ်။ ၎င်းအပြင် မျက်စိရောဂါဝေဒနာရှင် ၆၅၄၆ ဦးကိုလည်း မျက်စဉ်းဆေးများကို ပေးအပ်တယ် လို့သိရှိရပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေး စီမံကိန်းဌာနများ၊ မျက်စိအထူးကုဆေးရုံကြီးများနှင့် ပုဂ္ဂလိက မျက်စိကုဆေးရုံကြီးများမှ ခွဲစိတ်ကုသသော အတွင်းတိမ်လူနာပေါင်း ၉၉၆၂၀ ဦးအနက် မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီးများတွင် အတွင်းတိမ်လူနာပေါင်း ၄၀၅၁၆ ဦး ကိုခွဲစိတ်ကုသဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဤကဲ့သို့ဆောင်ရွက်ပေးထားသော်လည်း မြန်မာနိုင်ငံတွင် ယခုအချိန်၌ အတွင်းတိမ်လူနာပေါင်း ၂၀၀၀၀၀ ခန့်ရှိသေးတယ်လို့ သိရှိရပါတယ်။ ဒီအတွက် ခွဲစိတ်ခံယူခွင်‌့မရရှိသေးသော လူနာလက်ကျန် ဘဲဂလော့ဒစ်စစ် များလာတာကို တွေ့မြင့်ရ မှာဖြစ်ပါတယ်။ လက်ကျန်လူနာများစာရင်းလျှော့နည်းအောင် အောက်ဂရီပရိုဂရမ် များ၊ ပြည်သူလူထု အခြေပြုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ NGO နှင့် INGO များစေတနာရှင် လူမှုရေးအဖွဲ့ အစည်းအသင်းများ၊ Civil Base Organization များအကူအညီများကို ယူပြီးဆောင်ရွက် မှသာလျှင် လက်ကျန်ဝေဒနာရှင်များစာရင်းလျှော့နည်းသွားမှာဖြစ်ပါတယ်။ သို့ပါသဖြင့် တောင်သာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းတင်သွင်းသော မြန်မာပြည်အလယ်ပိုင်း အပူပိုင်း ဒေသရှိပြည်သူများ၊ မျက်စိဝေဒနာများစွာ ခံစားနေရမှုကို အထူးအစီအစဉ်ဖြင့် ကုသပေးရန်အဆိုကို လေးလေးနက်နက် ထောက်ခံရင်း ကျွန်တော်၏ ဆွေးနွေးမှုကို နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။