Skip to main content

ဒေါက်တာနေလင်း (ဆိပ်ကမ်းမဲဆန္ဒနယ်) က မြန်မာပြည် အလယ်ပိုင်း၊ အပူပိုင်းဒေသရှိ ပြည်သူများ မျက်စိ ဝေဒနာများစွာ ခံစားနေရမှုကို အထူး အစီအစဉ်ဖြင့် ကုသပေးရန် အဆိုကို ဆွေးနွေးခြင်း

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး၊ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာနေလင်း ဖြစ်ပါတယ်။ ဒီကနေ့ တင်ပြဆွေးနွေးမယ့် အပိုင်းကတော့ တောင်သာ မဲဆန္ဒနယ်မှ ဦးအောင်သောင်းရဲ့ အဆိုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံ့တာဝန်ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံ များနှင့်ပေါင်းစပ်ပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ လက်ရှိ မျက်စိဝေဒနာရှင် မျက်စိမမြင်တဲ့ ဦးရေ များပြားမှုအတိုင်းအတာဟာ နိုင်ငံအနေနဲ့ အဓိကကျန်းမာရေးပြဿနာ ဟုတ်လား၊ မဟုတ်လားဆိုတာ ကို ပထမဆန်းစစ် ကြည့်ဖို့လိုပါမယ်။ နိုင်ငံအနေနဲ့ ကူးစက်ရောဂါများဖြစ်တဲ့ HIV, AIDS, နောက်တစ်ခါ မလေးဒီယား၊ TB အစရှိတဲ့ ကူးစက်ရောဂါများ အဖြစ်များသလို Non-Conmunicable Diece ခေါ်တဲ့ ကင်ဆာရောဂါတွေ၊ သွေးတိုးရောဂါတွေ၊ နုလုံးသွေးကြောကျဉ်း ရောဂါတွေအစရှိတဲ့ ရောဂါ များလည်း အဓိက ကျန်းမာရေးပြဿနာများ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မျက်စိရောဂါဝေဒနာဟာ နိုင်ငံအတွက် အဓိက ကျန်းမာရေး ပြဿနာဟုတ်၊ မဟုတ် မူတည်ပြီးတော့ ဒါတွေကို စဉ်းစားဆုံးဖြတ် ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ မျက်စိရောဂါ ဖြစ်ပွားမှု အခြေအနေကို ၂၀၁၀ ခုနှစ် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကျန်းမာရေး စာရင်းဇယားများအရ ကြည့်မယ်ဆိုလို့ရှိရင် Population ၁ သိန်းမှာ ၅၂၀ လောက် မျက်မမြင်ဦးရေ ရှိပါတယ်။ ရာခိုင်နှုန်း အားဖြင့်ဆိုလို့ရှိရင် ဝ.၅၂ ရာခိုင်နှုန်းလောက်ရှိပါတယ်။ နောက်အဓိက မျက်စိမမြင်တဲ့ အဓိက ဝေဒနာရှင်များဟာ အထူး သဖြင့် နိုင်ငံအနေနဲ့ကတော့ ခုနက ဆရာကြီးပြောသွားသလို မျက်ခမ်းစပ်ရောဂါ၊ အတွင်းတိမ်ရောဂါ၊ ရေတိမ်ရောဂါ၊ နောက်မျက်စိအတွင်းပိုင်း အလွှာပျက်စီးတဲ့ရောဂါနှင့် စက်ရုံ၊ အလုပ်ရုံတွေများကြောင့်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာတဲ့ မျက်စိထိခိုက်ဒဏ်ရာရ ရောဂါတွေ၊ ဒါတွေ ဟာ နိုင်ငံမှာ အဖြစ်များတဲ့ရောဂါတွေ ဖြစ်ပါတယ်။ ထို့အတူပဲ တောင်သာမြို့နယ်အပါအဝင် မြန်မာပြည်အလယ်ပိုင်းနှင့် အပူပိုင်းဒေသများမှာ အဓိကဖြစ်တဲ့ မျက်စိဝေဒနာတွေကို ပြန်ကြည့် မယ်ဆိုရင်လည်း အဓိကအားဖြင့် ရေတိမ်ရောဂါနှင့် အတွင်းတိမ်ရောဂါများသာ အဖြစ်များကြောင်း တွေ့ရှိရပါတယ်။ လက်ရှိတစ်တိုင်းပြည်လုံးအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးရုံကြီး ရန်ကုန်၊ မန္တလေး မျက်စိအထူးကုဆေးရုံကြီးအပါအဝင် တိုင်းဒေသကြီးတွေ၊ ပြည်နယ်များမှာရှိတဲ့ ဆေးရုံများမှာ နှစ်စဉ် ကုသပေးရတဲ့နှုန်းကို ပြန်ကြည့်မယ်ဆိုရင် လူဦးရေ ၁၀ သိန်းမှာ ၈၆၀ ပတ်ဝန်း ကျင်လောက်သာ ပုံမှန်နှစ်စဉ် ခွဲစိတ်ပေးရတာ ဖြစ်ပါတယ်။ ပျမ်းမျှအားဖြင့် နှစ်စဉ်လူနာဦးရေ ဆေးရုံ အားလုံးအနေနဲ့ လူနာဦးရေ ၃၀၀၀၀ ကနေ ၅၀၀၀၀ ပတ်ဝန်းကျင်လောက် နှစ်စဉ်ခွဲစိတ်ကုသပေး နေတာ ဖြစ်ပါတယ်။ အဓိက မျက်စိအတွင်းတိမ်မျက်စိရောဂါ အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းက အရင်းတုန်းက ၁၉၆၄ ခုနှစ်ကနေစပြီး  မျက်ခမ်းစပ်နှင့် မျက်မမြင်တိုက်ဖျက်ရေး  စီမံကိန်းစတင်ခဲ့တာ အဲဒီတုန်းကတော့ မြန်မာပြည်တစ်ပြည်လုံးမှာ ၄၃ ရာခိုင်နှုန်းလောက်ရှိပေမယ့် ခုချိန်မှာတော့ မြန်မာပြည်အလယ်ပိုင်း၊ အပူပိုင်းဒေသတွေမှာ တော်တော်လေးကင်းစင်သွားတဲ့ ရောဂါဖြစ်ပါတယ်။ နောက်အတွင်းတိမ်ရောဂါဆိုလို့ရှိရင်လည်း အဓိက ဖြစ်ရတဲ့ အကြောင်းအရင်းက အသက်အရွယ် အပိုင်းအခြားအရ၊ ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ပြောင်းလဲမှုအရ၊ မျက်စိအတွင်းပိုင်းမှာရှိတဲ့ မှန်ဘီလူးထူထဲ မာကြောလာပြီးတော့ အတွင်းတိမ်ဖြစ်ရခြင်း ဖြစ်ပါတယ်။ ကျန်တဲ့ဆက်စပ်ရောဂါများ ဖြစ်တဲ့ သွေးတိုး ရောဂါတို့၊ ဆီးချိုရောဂါတို့ အစရှိသည်ဖြင့် ဒါတွေလည်း ပေါင်းစပ်ဖြစ်လာတာ၊ နောက် မျက်စိထိခိုက် ဒဏ်ရာရလို့ အတွင်းတိမ်ဖြစ်တာ၊ နောက်တစ်ခါ ဓာတုပစ္စည်းတွေကြောင့် တောက်ဆိပ်ဖြစ်ပြီးတော့ အတွင်းတိမ်ရောဂါတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျန်းမာရေးဆိုင်ရာ စာရင်းဇယားများအရရော၊ ရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းအရရော အဓိက မျက်စိရောဂါဟာ ကျန်းမာရေး ပြဿနာတစ်ခု တော့ ဖြစ်တယ်။ သို့သော်လည်းပဲ မြန်မာတစ်ပြည်လုံးရဲ့ ဖြစ်ပွားမှုအခြေအနေနဲ့ နှိုင်းယှဉ်ကြည်‌့မယ် ဆိုရင်တော့ အဓိက ဦးစားပေး ဆောင်ရွက်ရမယ့် ပြဿနာတစ်ခုတော့ မဟုတ်ပါကြောင်း ကျွန်တော့် အနေနဲ့ တင်ပြချင်ပါတယ်။ လက်ရှိကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အဖွဲ့အစည်းများ၊ NGO များ အနေနဲ့လည်း ဒီရောဂါကာကွယ်ကုသရေး ပိုင်းဆိုင်ရာမှာ အားလုံး ပူးပေါင်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ဆိုရင်လည်း ဆရာကြီးပြောသွားသလိုပဲ မျက်ခမ်းစပ်နှင့် မျက်စိမမြင်ရောဂါ ဝေဒနာတိုက်ဖျက်ရေးစီမံကိန်းများကို မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်းအထက်၊ မကွေး၊ မန္တလေး၊ ပဲခူးအရှေ့ ဒါတွေမှာ ဦးစားပေးဆောင်ရွက်လျက်ရှိပါတယ်။ ထို့အတူပဲ အပူပိုင်း ဒေသစိမ်းလန်းစိုပြေရေးစီမံကိန်း၊ ကျေးလက်ဒေသရေရရှှိရေးစီမံကိန်းအစရှိသည့်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ ကလည်း ပူးပေါင်း ဆောင်ရွက်နေကြသလို NGO အဖွဲ့အစည်းများ၊ ဇီဝိတဒါနဆေးရုံ၊ သီတဂူဇီဝိတဒါနဆေးရုံ၊ ရွှေပြည်ဟိန်း၊ အလင်းရောင်ဖောင်ဒေးရှင်းစသည့်ဖြင့် ဟိုတစ်နေ့က တင်ပြသွားတဲ့ သီပေါမဲဆန္ဒနယ်က ဦးရဲထွန်းရဲ့ အခမဲ့ မျက်စိကုသတဲ့လုပ်ငန်းတွေ  ဒီလူမှုရေး အဖွဲ့အစည်းများကလည်း ကျန်းမာရေးစောင်‌့ရှောက်မှုလုပ်ငန်းတွေမှာ တစ်တတ်တစ်အားနှင့် ပါဝင် ဆောင်ရွက်နေကြတဲ့အတွက်ကြောင့် ဒီကာကွယ်ကုသရေးအပိုင်းမှာတော့ အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်လျက်ရှိတာကို တွေ့ရပါတယ်။ လက်ရှိအခက်အခဲ စိန်ခေါ်မှု၊ အခက်အခဲနှင့်စိန်ခေါ်မှုတွေ ကတော့ အဓိက နံပါတ်(၁) အချက်ကတော့ မျက်စိလူနာရှင်များရဲ့အပိုင်း၊ နံပါတ်(၂)  ကျန်းမာရေး ဝန်ကြီးဌာနကနေ ဆောင်ရွက်နေရတဲ့ အနေအထား၊ နံပါတ်(၃) အချက်ကတော့ ငွေရေးကြေးရေး အပိုင်း၊ နံပါတ်(၄) အချက်ကတော့ ပြည်သူလူထုအတွင်းမှာ ကွင်းဆင်းပြီးတော့ နယ်လှည့်ဆေးကုသ ရေးဆောင်ရွက်နေတဲ့ အပိုင်းဆိုပြီးတော့ စိန်ခေါ်မှု ၄ ခုရှိပါတယ်။ အဲဒီ ၄ ခုမှာ လူနာရှင်ရဲ့ အပိုင်းက တော့ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံများအရဆိုလို့ရှိရင် ဒီရောဂါဟာ အသက်အရွယ်ကြီးမြင့်ပြီးတော့ ဖြစ်လာတဲ့ ရောဂါတွေ ဖြစ်တဲ့အတွက်ကြောင့် အသက်ကြီးပိုင်းလူကြီးများဟာ ခွဲစိတ်ရန် မကြောက်ပါ နှင့်။ မေတ္တာစေတနာရှေ့ထားပြီး အခမဲ့ ခွဲစိတ်ပေးတာတောင် လက်မခံဘူး။ ဒါကျွန်တော်တို့ မျက်စိ ဝေဒနာရှင်လူနာတွေ အပိုင်းမှာ၊ နောက်တစ်ချက်က စရိတ်စက ငွေကြေး၊ ငွေကြေးပိုင်းမှာ ဆိုလို့ရှိရင် လူနာရှင်တစ်ယောက် ဆေးရုံ၊ ဆေးခန်းလာရောက်ပြသမယ်ဆိုလို့ရှိရင် မျက်စိအင်္ဂါချို့တဲ့တဲ့ အတွက် ကြောင့် ကိုယ့်ရဲ့သားသမီး သို့မဟုတ် ဆွေးမျိုးသားချင်း တစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးလာ ရပါတယ်။ မျက်စိမခွဲခင် စမ်းသပ်ဖို့၊ မျက်စိခွဲတဲ့အချိန်၊ မျက်စိခွဲပြီး Follow up ပြန်ခေါ်တဲ့အခါမှာ ကြိမ်ဖန်များစွာ လာရတဲ့အတွက်ကြောင့် ဒီအဖော်မပါဘဲနှင့် လာလို့မရပါဘူး။ နောက်တစ်ချက်ကတော့ ဒီလူနာတစ်ယောက်ဟာ လာတဲ့လမ်းစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်၊ အထွေထွေ မမျှော်မှန်းနိုင်တဲ့ စရိတ်စကတွေ စသည်ဖြင့် လူနာရှင်များအပိုင်းမှာလည်း ဒါအခက်အခဲ ဖြစ်တဲ့အတွက်ကြောင့် ဒါဟာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့က လည်း တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ ဆေးရုံ၊ ဆေးခန်း မျက်မမြင် တိုက်ဖျက်ရေး စီမံကိန်းအပါအဝင် မျက်စိအထူးကု ဆရာဝန်ကြီးတွေကို လက်ရှိမွေးထုတ်ထားတာ ၃၀၀ ကျော်လောက်ပဲ ရှိပါတယ်။ ဒါတွေလည်း ဝန်နှင့်အား မမျှအောင် သင်ကြားရေး ဆေးရုံတွေမှာရော၊ စီမံကိန်း လုပ်ငန်းတွေမှာရော ဖြန့်ခွဲပြီး တာဝန်ယူ ဆောင်ရွက်နေရတဲ့ အပိုင်းဖြစ်ပါတယ်။ ပွင့်လင်းရာသီရောက်မှသာ အလှူရှင်များရဲ့ အစီအစဉ်နှင့် နယ်လှည့်ခွဲစိတ် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ နောက်တစ်ခါ ခွဲစိတ်တဲ့အခါမှာ ငွေရေးကြေးရေးအပိုင်း၊ ငွေကြေးရေး အပိုင်းမှာဆိုလို့ရှိရင် မျက်လုံးတစ်လုံးကို ခွဲစိတ်ဖို့ရာ မခွဲစိတ်မီ၊ ခွဲစိတ်တဲ့အချိန်၊ နောက်ခွဲစိတ်ပြီးတဲ့အချိန်မှာ သုံးစွဲရတဲ့ဆေးဝါး၊ ဒီဆေးဝါးကဆိုရင် သုံးစွဲတဲ့ကုမ္ပဏီ၊ သုံးစွဲတဲ့ဆေးအမျိုးအစား ဒီအပေါ်မူတည်ပြီးတော့ လက်ရှိ ဘယ်လောက်ကုန်ကျလည်းဆိုရင် ငွေကြေး အရ ၂၀၀၀၀ ကနေ ၁၀၀၀၀၀ အထိ ကုန်ကျပါတယ်။ သုံးစွဲတဲ့ ဆေးဝါးအမျိုးအစားနှင့် ကုမ္ပဏီ၊ နိုင်ငံ အပေါ်မူတည်ပြီး ကုန်ကျတဲ့စရိတ်စက ဖြစ်ပါတယ်။ ဒီအပေါ်မှာ ဆရာဝန်၊ သူနာပြုတွေရဲ့ အပိုလစာ၊ နောက်တစ်ခါ ရေ၊ မီးကိစ္စ၊ နောက်တစ်ခါ ခွဲစိတ်ကိရိယာတွေရဲ့ မတည်ပစ္စည်းတန်ဖိုး၊ ဒါတွေမပါ သေးပါဘူး။ ဆေးဝါးပစ္စည်းနှင့်ပတ်သက်ပြီး အနည်းဆုံးကုန်ကျစရိတ်က ကျခံသုံးစွဲရတာ ၂၀၀၀၀ က နေ ၁၀၀၀၀၀ လောက်ရှိပါတယ်။ လက်ရှိ နိုင်ငံတော်ပိုင် ဆေးရုံများအနေနဲ့ကလည်း ဆေးပဒေသာပင် ကနေကျခံသုံးစွဲတာ သို့မဟုတ် စရိတ်မျှပေးစနစ်နဲ့ ဆောင်ရွက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ထို့အတူ  NGO အဖွဲ့အစည်းများရဲ့ လူမှုရေး အဖွဲ့အစည်းများ အနေနဲ့လည်း အလှူရှင်တွေ၊ စေတနာ သဒ္ဒါတရားထက်သန်တဲ့ လူတွေအပေါ်မူတည်ပြီးတော့က ရတဲ့ငွေကြေးပေါ်မှာ ချင့်ချိန်သုံးစွဲပြီးတော့ ဆောင်ရွက်နေရတဲ့ အပိုင်းရှိပါတယ်။ ခုနကပြောသလို လူနာဘက်ပိုင်း ပြန်ကြည့်တော့လည်း ခရီးအကွာအဝေးပေါ်မူတည်ပြီးတော့ အနည်းဆုံး ခုနကတင်ပြခဲ့သလို နေစရိတ်၊ စားစရိတ်၊ တည်းခို စရိတ်၊ အထွေထွေမမျှော်လင့်နိုင်တဲ့ စရိတ်စကတွေ၊ ဒီစရိတ်စကတွေ အားလုံးဟာ ၂၀၀၀၀ ကနေ ၅၀၀၀၀ ကြားထဲမှာရှိတဲ့အတွက်ကြောင့် ငွေရေးကြေးရေးအပိုင်းက ကျွန်တော်တို့အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်ပါတယ်။ နောက်အထူးအစီအစဉ်နှင့် နယ်လှည့်ခွဲစိတ်မှု ဆောင်ရွက်တဲ့နေရာမှာလည်း စေတနာရှင်အလှူရှင်တွေရဲ့ မတည်မှုပေါ်မူတည်ပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။ အတွေ့အကြုံ အရဆိုရင် မခွဲစိတ်မီ ကြိုတင်ပြီးတော့ ပြင်ဆင်ရေးအပိုင်းမှာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ တိုင်းဒေသကြီးအစရှိသည်ဖြင့် အာဏာပိုင်အဆင့်အကုန်လုံးနှင့် ကြိုတင်ညှိနှိုင်းရပါတယ်။ ညှိနှိုင်းပြီး တဲ့နောက်မှာ ခွဲစိတ်မယ့်လူနာ၊ မျက်စိပြသလိုတဲ့လူနာတွေကို ကျေးရွာတွေအထိ လိုက်ပြီးတော့ သတင်း ပို့ရပါတယ်။ သတင်းပေးရပါတယ်။ သတင်းပေးပြီးတဲ့အခါ သတင်းအချက်အလက်တွေ ရရှိပြီးတဲ့အခါ ကျမှ လူနာဦးရေဘယ်လောက် စုဆောင်းရရှိသလဲ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ပြင်ဆင်ရတာ ဖြစ်ပါ တယ်။ နောက်တစ်ချက်ကလည်း ခွဲစိတ်ဖို့ကို သက်ဆိုင်ရာ မြို့နယ်မှာရှိတဲ့ ဆေးရုံတွေကို ပြင်ဆင်ရပါ တယ်။ ပိုးသတ်ရတာတို့၊ နောက်တစ်ခါ ဒီခွဲစိတ်တဲ့ကိရိယာတွေကို ပေါင်းတင်ဖို့အတွက်ပြင်ဆင်ရတာ၊ ရေကိစ္စ၊ မီးကိစ္စ၊ ကျေးရွာတွေမှာ မီးမရှိတော့ မီးစက်ငှားရတဲ့ကိစ္စ အများကြီးကြိုတင်ပြီးတော့ ဆောင်ရွက်ခဲ့ကြရတာ ဖြစ်ပါတယ်။ ထို့အတူပဲ ကျွန်တော်တို့ လူနာတွေကိုလည်း ကျေးရွာတွေကနေ ခွဲစိတ်တဲ့နေရာမြို့နယ်အထိ Transport ကိစ္စစီစဉ်ပေးရတယ်။ လိုအပ်လို့ရှိရင် တည်းဖို့စီစဉ်ပေးရ တယ်။ စားဖို့သောက်ဖို့ စီစဉ်ပေးရတယ်။ ခွဲစိတ်ပြီးပြန်တော့လည်း ပြန်လိုက်ပို့ရတယ်။ ဒါအပြင် လာခွဲ တဲ့ ဆရာဝန်၊ ဆရာမတွေကိုလည်း ဒီအလှူရှင်၊ စေတနာရှင်တွေက ထိုက်သင်‌့တဲ့ လက်ဆောင်ပစ္စည်း တွေ ဝယ်ပေးရသေးတယ်။ ဒါကြောင့်မို့လို့ တစ်ကြိမ် တစ်ကြိမ် နယ်လှည့်ခွဲစိတ်ဆောင်ရွက်မယ် ဆိုလို့ရှိ ရင်လည်း သိန်း ၃၀၀ နှင့် ၄၀၀ ကြား ကုန်ပါတယ်။ ပြန်ကြည့်လိုက်လို့ရှိရင် ခွဲတာနှင့် အကျိုးရှိလား၊ မရှိလား ပြန်စဉ်းစားဖို့လိုမယ်။ ဆရာဝန်တစ်ယောက်က လူနာ တစ်ယောက်ကို ၁၅ မိနစ်နှုန်းနဲ့ တွက်လို့ ရှိရင် တစ်နာရီကို ၄ ယောက်ထွက်ပါတယ်။ ၈ နာရီ အဆက်မပြတ်ခွဲမယ်ဆိုရင် လူနာ ၃၂ ယောက်။ အဲဒီတော့ ဆရာဝန်တစ်ယောက်တည်းခွဲလို့ မရဘူး။ ၁၀ ယောက်လောက် ဝိုင်းခွဲရင်တော့ တစ်ရက်မှာ လူနာ ၁၅၀ ပဲ ပြီးပါတယ်။ ဒါကြောင့် ၅ ရက်လောက် ခွဲမယ်ဆိုရင် ဒါ ၁၀၀၀ ပတ်ဝန်းကျင်လောက်ပြီး တယ်။ ဒါကြောင့်မို့လို့ ကုန်တဲ့ သိန်း ၃၀၀ နဲ့ပဲ အနည်း ဆုံးတွက်လို့ရှိရင် အထွေထွေကုန်ကျစရိတ်ဟာ ခုနတင်ပြခဲ့သလိုပဲ ၂၀၀၀၀ ကနေ ၃၀၀၀၀ ပတ်ဝန်းကျင်လောက် ကုန်ကျပါတယ်။ ဒါငွေရေးကြေး ရေး အပိုင်းတင်ပြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီမျက်စိရောဂါ နယ်လှည့်ခွဲစိတ်ကုသတာရော၊ နယ်ဘက်အစိုးရဌာနတွေက ဆောင်ရွက်တာရောအစရှိသည်ဖြင့် ဒါတွေ ဆောင်ရွက်တဲ့အခါမှာ ဒီငွေရေးကြေးရေးအပိုင်းဟာ ကန့်သတ်ချက်နှင့်အတားအဆီး တစ်ခုဖြစ်နေတယ် ဆိုတာကို တွေ့ရှိရပါတယ်။ ဒါကြောင့်မို့လို့ ဖြေရှင်းဆောင်ရွက်ရမယ့်နည်းလမ်းတွေ Ways Forward တွေကတော့ ခုနက ဆရာကြီးလည်း တင်ပြသွားသလိုပဲ တစ်နိုင်ငံလုံးကို ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။ ထို့အတူပဲ မျက်စိဝေဒနာဟာ အခုခွဲပြီး အခုပျောက်သွားမယ့်ရောဂါမဟုတ်ပါဘူး။ ဒီရောဂါကြီး ဟာ Age Process အရ ဖြစ်နေတဲ့ရောဂါဖြစ်တဲ့အတွက်ကြောင့် ရှိနေမြဲ၊ ဖြစ်နေမြဲရောဂါ ကျွန်တော် တို့လည်း အသက်ကြီးလာရင် ဖြစ်မှာပဲ။ ဒီရောဂါကြီးဟာ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ရောဂါ Sentain Action သွားမယ့် လုပ်ငန်းအစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း ကျန်းမာရေး ကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကို ဒီထက်ဒီထက် တိုးမြှင့်ပြီးဆောင်ရွက်မှသာ မျက်စိဆရာဝန်တွေ ပိုမိုမွေးထုတ် ရအုန်းမယ်။ ဆရာဝန်၊ ဆရာမတွေ၊ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ မွေးထုတ်ရအုန်းမယ်။ ဆေးရုံသုံးပစ္စည်း တွေ ဒီထက်ပြန်ပြီးတော့ ဖြည့်စည်းဝယ်ယူရအုန်းမယ်။ နောက်တစ်ခါ အချိန်ကာလတစ်ခုကို ဖြတ်ကျော် ရအုန်းမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မျက်စိအလင်း ပြန်လည်ရရှိရေးအတွက် အဆိုပြုတင်ပြသွားတဲ့ အဘဦးအောင်သောင်းရဲ့ အဆိုဟာ နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် အကျိုးရှိလုပ်ငန်း၊ အကျိုးပြုတဲ့လုပ်ငန်းတစ်ခုတော့ ဖြစ်တော့ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဥက္ကဋ္ဌကြီးစကားအရ ပြောရ မယ်ဆိုလို့ရှိရင် အရာရာကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက်ရမယ့် လုပ်ငန်းတစ်ခု ဖြစ်ပါတယ်လို့ ပြောကြားရင်းနဲ့ ကျွန်တော့်ရဲ့တင်ပြချက်ကို ထောက်ခံတင်ပြအကြံပြု တင်ပြအပ်ပါတယ်ခင်ဗျား။