Skip to main content

မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းများ ပြုစုထားရှိရေး ” အဆိုကို ဦးလှထွန်း (ခန္တီးမဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည်‌့သည်တော်များအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော့်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပထမကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ချမ်းငြိမ်း တင်သွင်း သွားတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများရဲ့သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းနှင့် ပတ်သက်ပြီးတော့ မှတ်တမ်းစွယ်စုံကြမ်းများပြုစုထားရှိရေးနှင့်ပတ်သက်ပြီးတော့ အကြံပြုဆွေးနွေး သွားမှာဖြစ်ပါတယ်။  လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာနိုင်ငံအတွင်း မှာမှီတင်းနေထိုင်ကြတဲ့ ကျွန်တော်တို့တိုင်းရင်းသားအားလုံးဟာ ရှေးနှစ်ပေါင်းထောင်ချီကနေပြီး အတူတူနေလာခဲ့ကြတဲ့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ မြန်မာမင်းများ လက်ထက်တုန်းကလည်း တိုင်းပြည်ရဲ့ကာကွယ်ရေး လုပ်ငန်းကအစ အားလုံးဟာစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တိုင်းပြည် ရန်ကိုလည်း ကာကွယ်ခဲ့ကြပါတယ်။ မြန်မာမင်းများလက်ထက်မှာတော့ သမိုင်းတွေနှင့်ပတ်သက် ပြီးတော့ ပညာရှင်များနည်းပါးခြင်း၊ သွားရေးလာရေးခက်ခဲခြင်များကြောင့် တိုင်းရင်းသားတွေရဲ့ စာပေ၊ သမိုင်းစွယ်စုံကြမ်းတွေကို ရေးသားပြုစုနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ အဲ့ဒီကနေတစ်ဆင်‌့ မြန်မာနိုင်ငံကို ကျူးကျော်စစ် ၃ ကြိမ်ဆင်နွှဲခဲပြီး ၁၈၈၅ ခုနှစ်မှာ တစ်နိုင်ငံလုံးကျွန်ဘဝကိုရောက်ခံရပါ တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ တစ်ချိန်တုန်းက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့နေခဲ့တဲ့ တိုင်းရင်းသားတွေဟာ နယ်ချဲ့အင်္ဂလိပ်တို့ရဲ့ တိုင်းရင်းသားအချင်းချင်း တောင်ပေါ်မြေပြန့်၊ ဘာသာစကား၊ လူမျိုးတွေကိုခွဲခြားသပ်လျှိုပြီးတော့ စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင်လုပ်ခဲ့တဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်ရဲ့တိုင်းရင်းသားတွေဟာ အင်မတန်ဝမ်းနည်း စရာကောင်းတဲ့ စည်းလုံးညီညွတ်မှု အထိ ပျက်ပြားသွားခဲ့ရတဲ့ နောက်ဆုံးအဆင်‌့တော့ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်ရတဲ့ အဆင့်အထိရောက်ခဲ့ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြန်တော့လည်း အင်္ဂလိပ်တွေရဲ့ သပ်လျှိုသွေးခွဲမှုကြောင့် တိုင်းပြည်ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေ၊ တိုင်းပြည်ကိုပြန်လည် တည်မတ်နေရတဲ့ အတွက်ကြောင့် သမိုင်းမှတ်တမ်းများမပြုစုနိုင်ခဲ့ပါဘူး။ သို့သော်လည်း တော်လှန်ရေးကောင်စီလက်ထက် ခုန သက်ဆိုင်ရာဒုတိယဝန်ကြီးပြောသွားသလို ၁၉၆၄ ခုနှစ်မှာတော့ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနကဆရာဆရာမတွေကိုတာဝန်ပေးပြီးတော့ တိုင်းရင်းသားတွေရဲ့စာပေ၊ ဘာသာစကားတွေကိုမှတ်တမ်းပြုစုစေခဲ့ပါတယ်။ အဲ့ဒီပြုစုတဲ့နေရာမှာ လည်း ပြန်လည်လေ့လာ ကြည့်တဲ့အခါ တော်တော်အခက်အခဲတွေ့ကြုံခဲ့တဲ့အနေအထားကိုတွေ့ရပါ တယ်။ ရေးသားပြုစုခဲ့တဲ့ သမိုင်းစာအုပ်စာတမ်းတွေဟာ နိုင်ငံခြားသားစာရေးဆရာတွေပြုစုရေးသား ခဲ့တဲ့စာအုပ်တွေဖြစ်တဲ့ အတွက်ကြောင့် မှီငြမ်းကိုးကားပြုစုရတဲ့အခါမှာ အများကြီးအခက်အခဲဖြစ်ခဲ့ကြ ပါတယ်။ အဲ့သလို အခက်အခဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ သမိုင်းပြုစုရေးအတွက် ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်က ဆရာဆရာမများဟာ အဖွဲ့တွေခွဲပြီးတော့ တိုင်းရင်းသား အသီးသီးတွေရဲ့စာပေ၊ ယဉ်ကျေးမှုသမိုင်းတွေပြုစုလေ့လာခဲ့ပါတယ်ဆိုတဲ့ အထောက်အထားတွေ အများကြီးတွေ့ရပါတယ်။ ၁၉၆၅ ခုနှစ်မှာ (၈)ကြိမ်မြောက် ပြည်ထောင်စုနေ့ကိုတက်ရောက်လာကြတဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၁၂ ဦးရဲ့ တွေ့ဆုံမေးမြန်းရရှိထားတဲ့အချက်အလက်၊ ကျောင်းပိတ် ကာလ ၄၅ ရက်မှာ တိုင်းရင်းသားအသီးသီးရဲ့သမိုင်းမှတ်တမ်းများလေ့လာပြုစုပြီး ၁၉၆၆ ခုနှစ်မှာ ခုနက ကျွန်တော်တို့တင်ပြသွားသလို ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်းလူမျိုးများရဲ့စာအုပ်တွေ ကိုတော့ ပုံနှိပ်ထုတ်ဝေနိုင်ခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း အခြားတိုင်းရင်းသားများရဲ့ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုတွေကိုတော့ ရေးသားနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုရေးသားပြုစုထားတဲ့ဟာကို ပြန်ကြည့်တဲ့အခါမှာ အခန်းအနေနဲ့ တချို့စာအုပ် တွေမှာ ၅ ခန်းပါပါတယ်။ တချို့စာအုပ်တွေမှာတော့ ၆ ခန်းပါပါတယ်။ ခေါင်းစဉ်ငယ်အားလုံးဟာ ၅၂ ခုပါဝင်ရေးသားထားတာကိုတွေ့ရပါတယ်။ တစ်ဖန် ၁၉၉၈ ခုနှစ်မှာ ပြန်ကြားရေးဝန်ကြီးဌာနကနေ ထုတ်ဝေခဲ့တဲ့ အတွဲ(၁)၊ အမှတ်(၂) ယနေ့မြန်မာဆိုတဲ့ စာအုပ်ထဲမှာ တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၁၃၅ မျိုးရှိကြောင်း ကချင်မျိုးနွယ်စုမှာ ၁၂ မျိုး၊ ကယား မျိုးနွယ်စုမှာ ၉ မျိုး၊ ကရင်မျိုးနွယ်စုမှာ ၁၁ မျိုး၊ ချင်းမျိုးနွယ်စုမှာ ၅၃ မျိုး၊ ဗမာမျိုးနွယ်စုမှာ ၉ မျိုး၊ မွန် မျိုးနွယ်စုမှာ ၁ မျိုး၊ ရခိုင်မျိုးနွယ်စုမှာ ၇ မျိုး၊ ရှမ်းမျိုးနွယ်စုမှာ ၃၃ မျိုးရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။ သို့သော်လည်း ဒီနေ့ ဒီအချိန် ဒီအခါမှာ ပြန်ပြီးတော့လေ့လာကြည်‌့မယ်ဆိုရင် ဒီဟာတွေလဲ တိုင်းရင်းသားလူမျိုးနွယ်စုအားလုံး ပါဝင်နိုင်ခြင်းမရှိသေးဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ ရေးသားပြုစုတဲ့နေရာမှာလည်း တချို့ တိုင်းရင်းသားတွေဟာ တစ်ခြားတိုင်းရင်းသားထဲမှာ ရောနှောပါဝင်နေတာကိုလည်းတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ တိုင်းရင်းသားများရဲ့သမိုင်းစာတမ်းတွေပြုစုတဲ့အခါမှာ အဲ့ဒီ တိုင်းရင်းသားတွေရဲ့ ဆန္ဒအရ ပြုစုတာဟာပိုမိုပြည့်စုံပြီးတော့ ပိုမိုအကျိုးရှိမှာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ယနေ့တိုးတက်တဲ့ တိုင်းပြည်တွေမှာ လူတွေမဆိုထားနဲ့ သတ္တဝါတွေတောင် မှတ်တမ်းပြုစုပြီးတော့ နည်းပါးလာမှုတွေ၊ တိုးတက်လာမှုတွေမှတ်တမ်းပြုစုနေကြပါတယ်။ ဒါကြောင့် တိုင်းရင်းသားလူတွေရဲ့ သမိုင်းစွယ်စုံကြမ်း တွေကိုပြုစုတဲ့အခါမှာ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့ပြုစုရေးသားရမယ့် ခေါင်းစဉ်လေးတွေကို ကူညီပေးမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့လည်း မိမိဒေသမှာရှိကြတဲ့ တိုင်းရင်းသား လူမျိုးနွယ်စုအသီးသီးရဲ့ ဓလေ့ထုံးတမ်းတွေ၊ စာပေယဉ်ကျေးမှုတွေရေးသားပြုစုပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ပေါင်းစပ်ပြီးတော့ပြုစုလိုက်မယ်ဆိုရင် အင်မတန်မှခန့်ညားထည်ဝါပြီး ပြည့်စုံတဲ့ စွယ်စုံကျမ်းတစ်ခုဖြစ်လာနိုင်မယ်လို့ ကျွန်တော်ယုံကြည်မိပါတယ်။ ကျွန်တော်တို့ နာဂတိုင်းရင်းသား များဟာ လေရှီး၊ လဟယ်၊ နန်းယွန်းမှာတော့ အများဆုံး နေထိုင်ပါတယ်။ ဟုမ္မလင်း၊ ခန္တီးစသည်အားဖြင်‌့ ပြန့်နှံ့ပြီးတော့ နေထိုင်လျက်ရှိပါတယ်။ နာဂတိုင်းရင်းသားများဟာ နှစ်ပေါင်း ၃၀ အတွင်း အတော့်ကို တိုးတက်လာတယ်လို့သုံးသပ်မိပါတယ်။ ၁၉၇၃ ခုနှစ် သင်တန်းဆင်းတုန်းက ကျေးရွာတစ်ရွာမှာ တာဝန်ထမ်းဆောင်စဉ်တုန်းက မနက်ပိုင်းကျောင်းတက်တော့ အစ်ကိုကျောင်းလာတက်တယ်။ ညနေပိုင်းကျောင်းပြန်ကြည့်တဲ့အခါကျတော့ အစ်ကိုအစား ညီကလာပြီးတော့ထိုင်တယ်။ ဟာ ဘယ်လို ဖြစ်တာလဲ။ အစ်ကိုမအားလို့ ကျွန်တော်လာထိုင်တာ။ အဲ့ဒီလိုဘဝကနေပြီး အခုလူတိုင်း လူတိုင်း၊ ရွာတိုင်း ရွာတိုင်းမှာကျောင်းတွေရှိပြီးတော့ စာသင်ကြားနိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့ ဒေသတွေ တော်တော်လေးဖွံ့ဖြိုးနေပါပြီး။ လမ်းပန်းဆက်သွယ်ရေးအနေနဲ့လည်း တစ်ချိန်တုန်းက တော့်တော်‌့ကို ခက်ခက်ခဲခဲသွားလာခဲ့ရပါတယ်။ ဒါပေမယ့် ယနေ့ကားလမ်းတွေဖောက်လုပ်ထားတဲ့အတွက် သွားရေး လာရေးလည်းတော်တော်ကောင်းနေပါပြီ။ ဒါကြောင့်မို့ ဒီလိုသမိုင်းတွေပြုစုတဲ့အခါမှာ အချိန်မီရရှိရေး၊ သွားလာမြန်ဆန်ရေးဟာလည်း အများကြီးအထောက်အကူဖြစ်နေပါတယ်။ ဒါကြောင့်မို့လို့ ဒီ သမိုင်း ပြုစုတဲ့နေရာမှာ ကျွန်တော်တို့မြို့နယ်အသီးသီးက ဒီမှာရောက်ရှိနေကြသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအနေနဲ့လည်း တစ်ဒေါင့် တစ်နေရာကနေပြီးတော့ ပါဝင်ပြီးတော့ ဖြည်‌့စွက်ကူညီ ချင်ပါတယ်။ ခုန ကျွန်တော်တင်ပြသလို ပြုစုရေးသားရမယ့်အချက်အလက်တွေကို ကျွန်တော်တို့ကို ပြုစုပေးမယ်ဆိုရင် ဝိုင်းဝန်းပြုစုပေးနိုင်ဖို့အတွက်အကြံပြုရင်း ဒေါက်တာချမ်းငြိမ်းရဲ့ အဆိုကို ထောက်ခံဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။