Skip to main content

ဦးနိုင်လှမောင်(ချောင်းဆုံမဲဆန္ဒနယ်) က ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ကြွရောက်လာကြတဲ့ ပြည်ထောင်စုအဖွဲ့ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာလို့ ချမ်းသာကြပါ စေကြောင်း ဆုမွန်ကောင်းတောင်းပြီး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ချောင်းဆုံမဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်‌ေတော် ကိုယ်စားလှယ် ဦးလှမောင်(ခ)ဦးနိုင်လှမောင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ကန့်ဘလူမဲဆန္ဒနယ်မှ  ဒေါက်တာ ချမ်းငြိမ်း အဆိုတင်သွင်းသွားတဲ့ မြန်မာနိုင်ငံနိုင်ငံ တိုင်းရင်းသားများရဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ ထုံးတမ်းများနှင့် ပတ်သက်ပြီးတော့ မှတ်တမ်းစွယ်စုံကျမ်း ပြုစုထားရှိရေးအဆိုကို အပြုသဘော ဆွေးနွေးသုံးသပ်အကြံပြုသွားမှာဖြစ်ပါတယ်။

ကြည်ညိုလေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။  တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့်ပတ်သက်ပြီးတော့ ကျွန်တော့်အနေနဲ့မွန်ပြည်နယ် တိုင်းရင်းသားလူမျိုးတို့၏ အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်ပါတယ်။ ၎င်းကိစ္စနှင့် စပ်လျဉ်းပြီးတော့ သင့်တင့်မျှတအောင်၊ တင်ပြနိုင်အောင် လက်လှမ်းမီသလောက် သမိုင်းအချို့တို့ ကနေ ကောက်နုတ်စုစည်းထားတာကို ရေးသားပြုစုထား ပါတယ်ခင်ဗျား။ ၎င်းအချက်များကို တင်ပြနိုင် အောင် အထိုက်အလျောက်အချိန်ယူမှာမို့ ခွင့်ပြုနိုင်ပါရန် ရိုသေစွာ ပန်ကြားအပ်ပါတယ်။ ဦးစွာ ပထမ မွန်တိုင်းရင်းသားအကြောင်းတို့ရဲ့ သမိုင်းကဏ္ဍကိုဆွေးနွေးမည်ဖြစ်ပါတယ်။ မွန်သမိုင်းဖြစ်စဉ် ကဏ္ဍရပ်များဟာ ကျယ်ပြန့်ရှည်လျားမည်ဖြစ်တဲ့အတွက် လိုရင်းအချက်အလက်များကို ကောက်နုတ် ရွေးချယ်၍ လိုရင်းတိုရှင်းနှင့်ပင် အကျဉ်းချုပ်တင်ပြသွားပါမယ်။ မွန်သမိုင်း အကြောင်းပြောမယ်တော့ မယ်ဆိုရင် ဘာသာရေး၊ ဗုဒ္ဓဘာသာပါလာသလို ဗုဒ္ဓဘာသာအကြောင်း ပြောရင်လည်း မွန်တွေ အကြောင်း ပါလာရမယ်ဆိုတာက အခုတက်ရောက်နေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်မျာ းအားလုံး သိပြီးဖြစ်ပါလိမ်‌့မယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မွန်သမိုင်းနဲ့ပတ်သက်တဲ့ကိစ္စကို ဗုဒ္ဓဘာသာနဲ့ပဲ အရင်စလိုက်ပါမယ်ခင်ဗျား။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသ သုဝဏ္ဏဘူမိသို့ ရှေးဦးစွာ ဝင်ရောက်နေ ထိုင်ကြတဲ့ မွန်လူမျိုးများဖြစ်ကြတဲ့ ဥက္ကလာပတိုင်းသား တဖုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့ဟာ ဂေါတမမြတ်စွာဘုရားအား ပထမဦးစွာ ဖူးမြော်ခွင့်ရပြီး ဆံတော် ၈ ဆူကို ပူဇော်ခွင့်ရကာ ဥက္ကာလပ တိုင်းသို့ ပြန်လာ၍ ဥက္ကလာပမင်းကြီး၏ အကူအညီဖြင့် ရွှေတိဂုံ စေတီတော်ကို တည်ခဲ့ပါတယ်။ ယခင် မွန်ဘာသာအခေါ်အားဖြင့် (ဍုင်လ္ဂုင်) ခေါ်ပြီးတော့ ယခုရန်ကုန်မြို့ကို တည်ထားကိုးကွယ်ခဲ့ပါတယ်။ ဂေါတမမြတ်စွာဘုးရား ၈ ဝါရချိန်မှာ သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောက်ပြီးတော့ ဗုဒ္ဓတရားတော်ကို ဟောကြားခဲ့၍ မွန်လူမျိုးတို့သည် ဗုဒ္ဓဘာသာဝင်ဦးစွာဖြစ်ခြင်း၊ သီရိဓမ္မာသောက မင်းကြီးလက်ထက် တွင် တတိယသင်္ဂါယတနာတင်ပြီး ကိုးတိုင်းကိုးဌာနသို့ သာသနာပြုစေလွှတ်ခဲ့ရာ၌ ဘီစီ ၂၅၀ ခန့်မှာ သုဝဏ္ဏဘူမိ သထုံပြည်သို့ ရှင်သေဏထေရ်နှင့် ရှင်ဥတ္တရထေရ်တို့ အမှူးပြုသော ရဟန်းတော်များ ကြွရောက်ကာ ဗုဒ္ဓတရားတော် ချီးမြှင့်ခဲ့ခြင်း ဗုဒ္ဓသာသနာ အဆောက်အဦတည်ထား ကိုးကွယ်ခဲ့ခြင်း တဖန် အေဒီ ၄ ရာစုခန့်တွင် သုဝဏ္ဏဘူမိ သထုံပြည်မှ မွန်အရှင် ဗုဒ္ဓဃောသသည် သီဟိုရ်ကျွန်း သီရိလင်္ကာနိုင်ငံသို့ ကြွချီပြီး ပိဋကတ်သုံးပုံ မွန်ဘာသာအက္ခရာဖြင့် ကူးယူးခဲ့သဖြင့် မွန်တို့ဒေသ တစ်ခွင်တွင် ပိဋကတ်သုံးပုံပျံ့နှံ့ခဲ့ရာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်စွာ ကိုးကွယ်ကြခြင်းဖြင့် ဗုဒ္ဓဘာ သာ သာသနာတော်သည် နေလိုလလို ထွန်းလင်းတောက်ပခဲ့ပါတယ်။ မွန်ဘုရင်များ စိုးစံအုပ်ချုပ်ခဲ့ သော ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့ရှိ မြို့ရွာများတို့တွင် ဘုးရားစေတီပုထိုးကျောင်းများ၊ ဒသနိက အဆောက်အဦများ အမြောက်အမြား တည်ထားကိုးကွယ်ခဲ့၍ ယခုတိုင်ဖူးမြော်တွေ့နိုင်မည်ဖြစ်ပါ သည်။ ထူးခြားထင်ရှားသော စေတီများကို တင်ပြရမယ်ဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ မွန်လို ကျိုက်ဒဂုံလို့ ခေါ်တဲ့ ရွှေတိဂုံဘုးရားစေတီတော် ကျိုက်ဒေးအပ်လို့ခေါ်တဲ့ ကျိုက်ဒေးအပ် ဗိုလ်တစ်ထောင်စေတီ တော်၊ ကျိုက်ဝိုင်းလို့ခေါ်တဲ့ ကျိုက်ဝိုင်းစေတီတော်၊ မင်္ဂလာဒုံမှာရှိတဲ့ ကျိုက်ကလို့၊ ကျိုက်ကလဲ့ စေတီ တော်၊ ကျိုက်ပွန်စေတီတော်၊ ကျိုက်ကလော့ပွန်စေတီတော်၊ ပဲခူးမြို့မှာရှိတဲ့ ကျိုက်မော့တဲလို့ခေါ်တဲ့ ရွှေမောဓောစေတီတော်၊ ပုသိမ်မြို့မှာရှိတဲ့ ကျိုက်မုတ်ထောလို့ ခေါ်တဲ့ ရွှေမုတ်ထော စေတီတော်၊ သံလျင်မြို့မှာရှိတဲ့ ကျိုက်ခေါက်ဆိုတဲ့ ကျိုက်ခေါက်ဘုးရားစေတီတော်၊ မွန်ဘာသာအားဖြင့် ကျိုက်မော့ဝမ်း လို့စေတီဆိုရာမှနေပြီးတော့ ကာလကြာမြင်‌့လာသည်နှင့်အမျှ ကျိုက်မှော်ဝန်းစေတီ ဟုခေါ်ဆိုနေကြတဲ့ ကျောက်တန်း ရေလယ် ဘုးရားစေတီတော် မော့ဝမ်းဆိုတာက မွန်ဘာသာအနေနဲ့ ဂဝံကျောက်လို့အဓိပ္ပာယ်ရပါတယ်။ ဂဝံကျောက်ဆောင်ကို တည်ထားခြင်းအစွဲပြု၍ ကျိုက်မှော်ဝန်း စေတီတော်ဟု ခေါ်တွင်ခြင်းဖြစ်ပါတယ်။ ကျိုက်ထိုမြို့ရှိ မွန်ဘာသာအခေါ်အားဖြင့် ကျိုက်ဣသိယိုး ဟု ခေါ်ဆိုရာမှ ကာလရွေ့လျှော့၍ ကျိုက်ထီးရိုးစေတီတော်ဟု ခေါ်ဆိုရခြင်းဖြစ်ပါတယ်။ ကျိုက်ဣသိယိုး ဆိုသည်မှာ မွန်ဘာသာစကားွဖစ်၍ ၎င်း၏အဓိပ္ပာယ်မှာ ကျိုက်ဆိုသောစကားသည် ဘုးရားအဓိပ္ပာယ် ရ၍ ဣသိ ဆိုသည်မှာ ရသေ့ဟုခေါ်ပါသည်။ ယိုး ဆိုသည်မှာ ခေါင်းပေါ်ရွက်ခြင်းကိုဆိုလိုသဖြင့် တစ်ပိုဒ်လုံး၏ အဓိပ္ပာယ်မှာ ရသေ့ရွက်ထားသောဘုရားဟု အဓိပ္ပာယ်ရပါသည်။ ၎င်းအပြင် မော်လမြိုင်မြို့မှ ကျိုက်သန်လန်ဘုရား၊ ကျိုက်ခမီမြို့မှ ကျိုက်ခမီရေလယ်ဘုရား၊ ကျိုက်မရောမြို့မှ ကျိုက်မရောဝ် (ခ) ကျိုက်မရောဘုရား၊ ဖားအောက်မြို့မှ ကျိုက်ရေးဂေး (ခ) ရိုးဂိုးဘုရား စသည် များတို့သည် မြတ်စွာဘုရား၏ ဆံတော်၊ ဓာတ်တော်များ ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ၎င်းအပြင် မွန်ဒေသကျေးရွာအသီးသီးတို့တွင်လည်း စေတီအများအပြားတည်ထားကိုးကွယ်ခဲ့ရာ ကျိုက်အမည်ဖြင့် စတင်ခေါ်ဆိုသော စေတီများတို့သည် မွန်မင်းဆက်လက်ထက်က တည်ထား ကိုးကွယ်ခဲ့သော ဘုရားများဖြစ်ကြပါသည်။

ဥက္ကဋ္ဌကြီးခင်ဗျား။ အေဒီ ၁၀၅၇ ခုနှစ် ပုဂံပြည့်ရှင် အနော်ရထာမင်းဟာ သုမဏ္ဏဘူမိ သထုံပြည့်ရှင် မွန်ဘုရင် မနုဟာမင်းထံမှ ပဋိကတ်သုံးပုံကို သိမ်းယူဆောင်ကြဉ်ခဲ့ရာတွင် မနုဟာမင်း နှင့်တကွ မောင်းမမိသံများ၊ မွန်ပညာရှိ ကဝိသုခမိန်အကျော်အမော်များ၊ ပန်း ဆယ်မျိုးပညာရှင်များ၊ စစ်သည်တော်ရဲမက်ဗိုလ်ပါများ၊ မွန်တို့၏ ယဉ်ကျေးမှုအမွေအနှစ်များကို ပုဂံပြည်သို့ ယူဆောင်ခဲ့ရာ သုဝဏ္ဏဘူမိ သထုံပြည် မွန်နေပြည်တော် ပျက်သုန်းခဲ့ရပါတယ်။ ၎င်းမနုဟာမင်းသည် မွန်ဘုရင် သထုံ မင်းဆက်၏ ၅၇ ဆက်မြောက်ဘုရင်ဖြစ်ပါတယ်။ ၎င်းမင်းမတိုင်မီက မွန်နေပြည်တော် သုဝဏ္ဏဘူမိတွင် မင်းဆက်ပေါင်း ၅၆ ဆက်ရှိခဲ့ရာ ၎င်းမင်းများတို့၏ အမည်၊ မိဖုရားအမည်နှင့် နန်းတက်သက္ကရာဇ်များ ကိုပါ ပူးတွဲတင်ပြထားပါတယ်။ အချိန်ကိုလေးစားသောအားဖြင့် အဆိုပါမင်းဆက်များတို့၏အမည်ကို ဖတ်ကြားတင်သွင်းခြင်းမပြုတော့ပေမယ့် သထုံ-နေပြည်တော် သုံးကြိမ်တိုင်တိုင် ပျက်ဆီးခဲ့တဲ့ ခုနှစ်၊ သက္ကရာဇ် ဘုရင်နှင့် မိဖုရားအမည်တို့ကိုတော့ တင်ပြလိုပါတယ်။ သထုံမင်းဆက် ၅ ဆက်မြောက် အင်္ကုရရာဇာနှင့် မိဖုရား နန္ဒာဒေဝီလက်ထက် သာသနာသက္ကရာဇ် ၁၃၇ ခုနှစ်မှာ ပထမ အကြိမ် နေပြည်တော် ပျက်ဆီးခဲ့ရပါတယ်။ သထုံမင်း၏ ၄၆ ဆက်မြောက် ဒီဃရာဇာ ဘုရင် နှင့် မိဖုရားတော် သုဝဏ္ဏဒေဝီလက်ထက် သာသနာသက္ကရာဇ် ၁၄၀၂ ခုနှစ်မှာ ဒုတိယအကြိမ် သထုံပျက်ဆီးခဲ့ပြန်ပါ တယ်။ သထုံမင်း၏ ၅၇ ဆက်မြောက် မနောဟရီရာဇာ(ခ) မနုဟာမင်းနှင့် မိဖုရားတော် ဣနင်္ဂလာဒေဝီ လက်ထက် သာသနာသက္ကရာဇ် ၁၆၀၁ ခုနှစ် အေဒီ ၁၀၅၇ ခုနှစ်တွင် တတိယအကြိမ် သထုံ နေပြည်တော် ပျက်ဆီးခဲ့ရပါတယ်။ သထုံနေပြည်တော်သည် သုံးကြိမ်တိုင်တိုင် ပျက်ဆီးခဲ့ရပါသည်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သုဝဏ္ဏဘူမိ သထုံပြည်အပြင် ဟံသာဝတီ(ခ) ပဲခူးမြို့နှင့် မုတ္တမမြို့များတို့သည်လည်း မွန်မင်းဆက်များ၏ နေပြည်တော်မြို့များဖြစ်ခဲ့ကြပါတယ်။ ပထမ ဟံသာ ဝတီ ပဲခူးနေပြည်တော်ကို သမလမင်းက သက္ကရာဇ် ၁၈၇ မှ ၁၉၉ ခုနှစ်များတွင် စိုးစံအုပ်ချုပ်ခဲ့ပါ သည်။ သမလမင်းမှစ၍ ဝိမလမင်း၊ အသားကုမ္မာမင်းနှင့် အခြားမင်းအသီးသီးတို့ စိုးစံခဲ့ရာ သက္ကရာဇ် ၄၀၅၊ ၄၁၉ ခုနှစ်တွင် စိုးစံသော ၁၇ ဆက်မြောက် တိဿမင်းလက်ထက်တွင် မင်းဆက်ပြတ်၍ ပထမ ဟံသာဝတီပျက်ဆီးခဲ့ရပါတယ်။ သက္ကရာဇ် ၆၄၃ ခုနှစ်တွင် ဝါရီရူမင်းသည် မုတ္တမမြို့တွင် ထီးနန်း စိုက်ထူ၍ မွန်လူမျိုးစုကို အုပ်ချုပ်ခဲ့ပါတယ်။ ဝါရီရူမင်းမှစ၍ မင်းအဆက်ဆက် စိုးစံခဲ့ရာ မင်းအဆက် ပေါင်း ၈ ဆက်ရှိပါတယ်။ ၈ ဆက်မြောက်မင်းဖြစ်သော ဗညားဦးမင်းသည် သက္ကရာဇ် ၇၀၁-၇၄၅ ခုနှစ် တွင် သမလမင်းတည်ထောင်၍ တိဿမင်းလက်ထက်က ပျက်ဆီးခဲ့သော ပထမဟံသာဝတီမြို့ဟောင်း ကို ပြန်လည်မွမ်းမံပြင်ဆင်၍ တည်ထောင်ပြီး ဒုတိယဟံသာဝတီကို ပြန်လည်တည်ထောင်ပါတယ်။ ဒုတိယဟံသာဝတီနေပြည်တော်တွင် ဗညားဦးမင်းမှ သုရှင်တကာရွတ်ပိမင်းလက်ထက်အထိ မင်းဆက် ပေါင်း ၁၁ ဆက်စိုးစံခဲ့၍ သက္ကရာဇ် ၉၀၀ တွင် ဒုတိယဟံသာဝတီ ပျက်သုန်းခဲ့ရပါတယ်။ ၎င်းနောက် သက္ကရာဇ် ၉၁၂ မှ ၉၁၄ အထိ သမိန်စက္ကဝေါ (ခ) သမိန်စောထွဋ် နှင့် သမိန်ထောရာမ ဘုရင်တို့က တတိယဟံသာဝတီတွင် နန်းစံခဲ့ပြန်ပါတယ်။ ၎င်းအပြင် သက္ကရာဇ် ၁၀၈၆ မှ ၁၁၀၆ အထိ ဆင်ကျားရှင်သမိန်ထောကလည်းကောင်း၊ သက္ကရာဇ် ၁၁၀၆ မှ ၁၁၁၉ အထိ ဗျမိုင်းတိရာဇာကလည်း ကောင်း စတုတ္ထဟံသာဝတီကို စိုးစံခဲ့ပြန်ပါတယ်။ သို့ဖြစ်ပါ၍ ပထမဟံသာဝတီမင်းဆက် ၁၇ ဆက်၊ ဒုတိယဟံသာဝတီမင်းဆက် ၁၁ ဆက်နှင့် တတိယဟံသာဝတီမင်းဆက် ၂ ဆက်၊ စတုတ္ထ ဟံသာဝတီမင်းဆက် ၂ ဆက်ရှိသဖြင့် စုစုပေါင်း ဟံသာဝတီမင်းဆက်ပေါင်း ၃၂ ဆက်ဖြစ်ပါတယ်။ မုတ္တမမင်းဆက်မှာ ဝါရီရူမင်းဟာ ဗညားဦးမင်းအထိ ၈ ဆက်ဖြစ်ပါတယ်။ အထက်ဖော်ပြပါ ဟံသာ ဝတီမင်းဆက် ၃၂ ဆက်နှင့် မုတ္တမမင်းဆက် ၈ ဆက်တို့၏ ဘုရင်အမည်၊ နန်းတက်သည့် ခုနှစ်၊ သက္ကရာဇ် စာရင်းအားလုံးကို ပူးတွဲပြီးတော့ တင်ပြထားရှိပါတယ်။ အချိန်ကိုလေးစားသောအားဖြင့် ၎င်းစာရင်းကို ဖတ်ကြားခြင်းမပြုတော့ပါကြောင်း ပန်ကြားအပ်ပါတယ်။ ယခု ကျွန်တော်တင်ပြခဲ့တဲ့ မွန်သမိုင်းမင်းဆက်များဟာ သထုံမင်းဆက် ၅၇ ဆက်၊ ဟံသာဝတီမင်းဆက် ၃၂ ဆက်၊ မုတ္တမမင်းဆက် ၈ ဆက်တို့သည် မွန်သမိုင်း၏ မင်းဆက်အမည်မျှသာွဖစ်ပါတယ်။ ၎င်းတို့၏ တိုင်းပြုပြည်ပြု ဆောင်ရွက်ချက်များ မပါဝင်သေးကြောင်း တင်ပြအပ်ပါတယ်။ မြန်မာသမိုင်းတွင် အနော်ရထာမင်းနှင့် ဆက်စပ်၍ မနုဟာမင်းအကြောင်းကို တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း၊ ဘုရင်မင်းခေါင်နှင့်ဆက်စပ် ၍ ရာဇာဓိရာဇ်အကြောင်းတစ်စိတ်တစ်ပိုင်းကိုလည်းကောင်း၊ တပင်ရွှေထီးနှင့် ဘုရင်နောင်တို့နှင့် စပ်လျဉ်း၍ မွန်တို့၏သမိုင်းတစ်စိတ်တစ်ပိုင်းကိုလည်းကောင်း အနည်းငယ်မျှသာ တွေ့ရှိထားခြင်း ဖြစ်ပါသည်။ မွန်မင်းဆက်များသည် နှစ်ပေါင်းများစွာ အောက်မြန်မာပြည်တစ်လွှားတွင် ထီးနန်းစိုက် ထူ၍ အုပ်ချုပ်လာခဲ့ရာတွင် နိုင်ငံတော်၏ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံတော်ထူထောင်ရေး၊ ပြုပြင် ပြောင်းလဲရေးဆောင်ရွက်ချက်များ စိတ်ဝင်စားစွာနဲ့ မှတ်သားထိုက်သော ဆောင်ရွက်ချက် များစွာရှိ ပါသည်။ တိုင်းရင်းသားသမိုင်းနှင့်စပ်လျဉ်း၍ မှတ်တမ်းများ စွယ်စုံကျမ်းများ ထားရှိရေးကိစ္စ ဆောင်ရွက်ရန်မှာ မြန်မာ့သမိုင်းတွင်တွေ့ရှိထားသော မွန်သမိုင်းအချို့နှင့်သာ မှတ်တမ်းတင်မည်ဆို ပါက မလုံးလောက်ပါသေးကြောင်း တင်ပြလိုပါတယ်။ မွန်မင်းဆက် အဆက်ဆက်တို့၏ ထီးနန်းစိုက်ထူ ရာ အုပ်ချုပ်စိုးစံခဲ့သော ဒေသအသီးသီးရှိ မြို့ကြီး၊ မြို့ငယ်၊ ကျေးရွာများတစ်ဝိုက်တွင် ရှေးဟောင်း ယဉ်ကျေးမှုအမြောက်အများရှိပါသောလည်း ရှာဖွေတူးဖော်မှုမပြုလုပ်ရသေးပါကြောင်း တင်ပြလိုပါ တယ်။ စစ်တောင်မြစ်နှင့် သံလွင်မြစ်ကြား