Skip to main content

လာတ်ပေးလာတ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်း

ဦးသိန်းထွန်းဦး (အဖွဲ့ဝင်၊  ဥပဒေကြမ်းကော်မတီ)။    ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်း ဒေသကြီး၊ အမရပူရမဲဆန္ဒနယ်မှ ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းထွန်းဦး ဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လာဘ်ပေး  လာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်းအား ဥပဒေကြမ်းကော်မတီက လေ့လာစိစစ် တွေ့ရှိချက် အစီရင်ခံစာကို ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌရဲ့ တာဝန်ပေးချက်အရ ကော်မတီရဲ့ ကိုယ်စား ဖတ်ကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

၁။       အမျိုးသားလွှတ်တော်၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်ဥက္ကဋ္ဌက ပေးပို့လာသော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်ချက် များဖြင့် အတည်ပြုကာ ပြည်သူ့လွှတ်တော်၌ဆွေးနွေးနိုင်ရန် အထက်ရည်ညွှန်း ၁ ပါ စာ ဖြင့်ပေးပို့လာ ပါသည်။

 

၂။       ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီသည် အထက်ရည်ညွှန်း ၂ ပါစာဖြင့် ပေးပို့လာသော လာဘ်ပေး လာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းကို လေ့လာစိစစ်နိုင်ရန် ၁၇-၈-၂၀၁၂ နှင့် ၁၉-၈-၂၀၁၂ ရက်နေ့များတွင် ကော်မတီအစည်းအဝေးများကျင်းပြုလုပ်ကာ စိစစ်ခဲ့ကြပါသည်။

၃။       လာဘ်ပေး လာဘ်ယူမှုပပျောက်ရေးဥပဒေကြမ်းတွင် အခန်း ၁၁ ခန်းနှင့် ပုဒ်မပေါင်း ၇၂ ခု ပါရှိပါသည်။

၄။       ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှ တာဝန်ပေးအပ်ထားသော အချက် ၁၂ ချက်နှင့် အညီ ပုဒ်မတစ်ချက်ခြင်းအလိုက် လေ့လာစိစစ်ခဲ့ကြရာ စိစစ်တွေ့ရှိချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(၁)     လာဘ်ပေးလာဘ်ယူမှုဟူသော စကားရပ်အစား အဂတိတရားလေးပါးနှင့် မလွတ်ကင်းသော လုပ်ငန်းဆောင်ရွက်ချက်များပါ အကျုံးဝင်စေပြီး အဓိပ္ပါယ်ပိုမိုလေးနက်စေရန် ဤဥပဒေကြမ်း၏ အမည်ကို အဂတိလိုက်စားမှုတားမြစ်ရေး ဥပဒေဟု ပြင်ဆင်သင့်ပါ သည်။

(၂)     ထိုသို့ ဥပဒေကြမ်း၏အမည်ကို ပြင်ဆင်လိုက်သဖြင့် ဥပဒေကြမ်းတစ်ရပ်လုံးတွင် ပါဝင် သော လာဘ်ပေးလာဘ်ယူမှု ဆိုသည့်စကားရပ်အစား အဂတိလိုက်စားမှုဟု အသီးသီး အစားထိုး ပြင်ဆင်ပါသည်။

(၃)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များနှင့် အတည်ပြုခဲ့သည့် ပုဒ်မ ၂ ပုဒ်မခွဲ (ဋ)၊ (ဌ)၊ ပုဒ်မ ၃ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၇ ပုဒ်မခွဲ (က)၊ ပုဒ်မ ၂၈၊ ပုဒ်မ ၅၉၊ ပုဒ်မ ၆၀နှင့် ၆၁ တို့ အနက်မှ ပုဒ်မ ၂ ပုဒ်မခွဲ (က)၊ (ဂ)၊ ပုဒ်မ ၇ ပုဒ်မခွဲ (ခ) မှ အပ ကျန်ပုဒ်မများကို အမျိုးသားလွှတ်တော်၏အတည်ပြုချက်အတိုင်း သဘော တူပါသည်။

(၄)     အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက် ပုဒ်မ ၂ ပုဒ်မခွဲ (က)မှ သို့မဟုတ် ထိုသို့ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်သော်လည်းကောင်း စကားရပ်ကို ပယ်ဖျက်ပြီး အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ကို ပြင်ဆင်ချက်ဖြင့် သဘောတူပါသည်။

 (၅)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၂ ပုဒ်မခွဲ(ဂ)သည် တင်ပြထားသော ပိုင်ဆိုင်မှုများမှာ ပြည့်စုံမှုရှိ ပါသဖြင့် မူလပြဋ္ဌာန်းချက်အတိုင်း ထားရှိသင့်ပါသည်။

 (၆)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၂ ပုဒ်မခွဲ (ဎ)ရှိ ဆောင်ရွက်ပေးသောသူ တစ်ဦးဦးကို ဆိုသည် ဟူသော စကားရပ်အစား အရေးအသားကျစ်လစ်စေရန် ဆောင်ရွက်ပေးသောသူကို ဆိုသည်ဟု ပြင်ဆင်ပါသည်။

(၇)     မူလပြဋ္ဌာန်းချက် ပုဒ်မ ၂ ပုဒ်မခွဲ (ထ)အား ကော်မရှင်ရုံးဆိုသည်မှာ အဂတိလိုက်စားမှု တားမြစ်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့က ဤဥပဒေအရ သတ်မှတ်ဖွဲ့စည်းပေး ထားသောရုံးကို ဆိုသည်ဟု ဥပဒေရေးထုံးအရ ညီညွတ်မှုရှိစေရန် ပြင်ဆင်ပါသည်။

(၈)     မူလပြဋ္ဌာန်းချက် ပုဒ်မ ၂ ပုဒ်မခွဲ (ဓ)၊ ပုဒ်မခွဲ(န)၊ ပုဒ်မခွဲ(ပ)နှင့် ပုဒ်မ ၃၅ တို့ရှိ လာဘ်ပေး လာဘ်ယူမှုပပျောက်ရေးဟူသော စကားရပ်အား မလိုအပ်ပါသဖြင့်ပယ်ဖျက်ခဲ့ပါသည်။

(၉)     မူလပြဋ္ဌာန်းချက် ပုဒ်မ ၃ ပုဒ်မခွဲ (င)အား အရေးအသားကျစ်လစ်စေရန်အတွက် အဂတိ လိုက်စားမှု ကျူးလွန်သူများအား ထိရောက်စွာအရေးယူရန်ဟု ပြင်ဆင်ပါသည်။

(၁၀)    မူလပြဋ္ဌာန်းချက် အခန်း (၃) ခေါင်းစဉ်အား ဥပဒေရေးထုံးနှင့် ညီညွတ်စေရန်အတွက် ကော်မရှင် ဖွဲ့စည်းခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များဟုပြင်ဆင်ပါသည်။

(၁၁)    မူလပြဋ္ဌာန်းချက် အခန်း (၃) ခေါင်းစဉ်အောက်ရှိ ခေါင်းစဉ်ခွဲအား ရှေ့နောက်ညီညွတ် မှုရှိစေရန် ကော်မရှင်ဖွဲ့စည်းခြင်းဟုပြင်ဆင်ပါသည်။

(၁၂)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၇ ပုဒ်မခွဲ(ခ) မှ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက် ဖြစ်သည့် ကော်မရှင်အသစ်တစ်ရပ်ဆိုသည့် စကားရပ်အစား ကော်မရှင်အဖွဲ့အသစ်ဟု ပြင်ဆင်ပါ သည်။

 (၁၃)   မူလပြဋ္ဌာန်းချက် ပုဒ်မ ၁၄ ရှိ တမင်ဟူသောစာသားသည် ဥပဒေရေးထုံးနှင့် မညီညွတ် သဖြင့်ပယ်ဖျက်ပြီး၊ ရာထူးမှ ရပ်စဲနိုင်သည် စကားရပ်အစား တာဝန်မှရပ်စဲနိုင်သည်ဟု ပြင်ဆင်ခဲ့ပါသည်။ 

(၁၄)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၁၅ ပုဒ်မခွဲ (င)ရှိ သက်ဆိုင်ရာဆိုသည့် စကားရပ်အား မလိုအပ်ပါဖြင့် ပယ်ဖျက်ပါသည်။

(၁၅)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၁၆ ပုဒ်မခွဲ (စ)ရှိ လုပ်ငန်းကော်မတီအဖွဲ့နှင့် စကားရပ်အစား လုပ်ငန်းကော်မတီ၊ လုပ်ငန်းအဖွဲ့နှင့်ဟု ရှေ့နောက်ညီညွတ်မှုရှိစေရန် ပြင်ဆင်ပါသည်။

(၁၆) မူလပြဋ္ဌာန်းချက် ပုဒ်မ ၂၀ ပုဒ်မခွဲ (ခ)ရှိ လိုအပ်သလိုစာသားသည် မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

(၁၇)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၂၉ ပုဒ်မခွဲ (က) ရှိ တရားစွဲဆိုအရေးယူရန် အကြောင်း ပေါ်ပေါက်ကြောင်း ဆုံးဖြတ်သည့်ကိစ္စတွင် စကားရပ်အစား တရားစွဲဆို အရေးယူရန် ပေါ်ပေါက်ကြောင်း ဆုံးဖြတ်သည့် ကိစ္စတွင်ဟု ပြင်ဆင်ပါသည်။

(၁၈)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၃၁ ပုဒ်မခွဲ(ဃ)ရှိ ပုဒ်မခွဲ(က)၊ (ခ)နှင့် (ဂ)တို့နှင့်ဟူသော စကား ရပ်အား ဥပဒေရေးထုံးနှင့် ညီညွတ်စေရန် ပုဒ်မခွဲ(က)၊ (ခ)၊ (ဂ)တို့နှင့်ဟု ပြင်ဆင်ပါ သည်။

(၁၉)    မူလပြဋ္ဌာန်းချက် အခန်း (၆) ခေါင်းစဉ်အား ရှေ့နောက်ညီညွတ်မှု ရှိစေရန်အတွက် ကော်မရှင်ရုံးဖွဲ့စည်းခြင်းဟု ပြင်ဆင်ပါသည်။

(၂၀)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၆၄ ပုဒ်မခွဲ (ခ)ရှိ တည်ဆဲဥပဒေနှင့်အညီ စကားရပ်အစား သက်ဆိုင်ရာလွှတ်တော်ဥက္ကဋ္ဌ၏ ဟူသောစကားရပ်ဖြင့်  ပြင်ဆင်ဖြည့်စွက်ပါသည်။

(၂၁)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၇၁ အား ထုတ်ပြန်ထားသော ဥပဒေများနှင့်ညီညွတ်မှုရှိစေရန် အတွက် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းများ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်း များ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု ပြင်ဆင် ပါသည်။

(၂၂)    မူလပြဋ္ဌာန်းချက် ပုဒ်မ ၉ ပုဒ်မခွဲ (ဇ)၊ ပုဒ်မ ၁၆ ပုဒ်မခွဲ (ဇ)၊ ပုဒ်မ ၁၇ ပုဒ်မခွဲ (ဂ) တို့အား ထည့်သွင်းရန်မလိုအပ်ပါသဖြင့် ပယ်ဖျက်ပါသည်။

၅။       ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသည် အမျိုးသားလွှတ်တော် ဘဏ္ဍာရေးနှင့် ဥပဒေ ရေးရာ ကော်မရှင်ဥက္ကဋ္ဌက ပေးပို့လာသည့် လာဘ်ပေးလာဘ်ယူမှုပပျောက်ရေး ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၄၄ အရ စိစစ်ခဲ့ပြီး နည်းဥပဒေ ၄၅ နှင့်အညီ အတည်ပြုနိုင်ပါ ရန် ပြည်သူ့လွှတ်တော်သို့ အစီရင်ခံတင်ပြအပ်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါတယ်။