Skip to main content

ဒေါက်တာချမ်းငြိမ်း တင်သွင်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင်‌့ ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်း ပြုစုထားရှိရေး အဆိုနှင်‌့ စပ်လျဉ်းပြီး ဆွေးနွေးခြင်း

ဦးအောင်ထွန်းသာ(မြောက်ဦးမဲဆန္ဒနယ်)။။ မင်္ဂလာပါခင်ဗျား။ ရိုသေလေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင်‌့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဧည့်သည်တော်များ ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကြပါစေလို့ မေတ္တာပို့သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင် ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသ မြောက်ဦးမြို့နယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ထွန်းသာ ဖြစ်ပါတယ်။ ကျွန်တော်က ၁-၈-၂၀၁၂ ရက်နေ့ ကန့်ဘလူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်းတင်သွင်းတဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင်‌့ ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်း ပြုစုထားရှိရေး အဆိုကို ထောက်ခံဆွေးနွေး တင်ပြသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ ခင်ဗျား- ကျွန်တော်ဟာ ရခိုင်တိုင်းရင်းသားဖြစ်တာကြောင့် ရခိုင် တိုင်းရင်းသားများနှင့် ပတ်သတ်သည့် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများကို အချိန်ကိုတန်ဖိုးထားသော အားဖြင့် လိုရှင်းကိုတိုတိုရှင်းရှင်း တင်ပြ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးတင်ပြခွင့်ရတဲ့အတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ဒေါက်တာ ချမ်းငြိမ်းတို့အား အထူးကျေးဇူးတင်ရှိပါတယ်။

လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား-

ဓညဝတီ၊ ရမ္မာဝတီ၊ မေဃဝတီ၊ ဒွါရာဝတီ အမည်ရှိသော ဝတီလေးရပ်နဲ့ ပေါင်းစည်းထားတဲ့ ရခိုင်ပြည်နယ်သည် သမိုင်းမှတ်တမ်းများအရ ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် တို့ပါဝင်သော သမိုင်းကြောင်းရှည်လျားသည့် ခေတ်ကြီးလေးခေတ်ကို ဖြတ်သန်းခဲ့ရပါတယ်။ ဓညဝတီခေတ်ကို ပထမ ဓညဝတီ၊ ဒုတိယ ဓညဝတီ၊ တတိယ ဓညဝတီ ဟူ၍ ခေတ်သုံးခေတ်ပိုင်းခြားလေ့လာနိုင်ပါတယ်။ ဓညဝတီ ခေတ်တစ်ခုလုံးသည် ဘီစီ ၃၃၂၅ မှ အေဒီ ၃၇၂ အထိ ရှည်လျားခဲ့သည်ဟု ရခိုင်သမိုင်းမှတ်တမ်းများ အရသိရှိရပါသည်။ ရခိုင်တို့သည် မာရရူး မင်းဆက်မှ စတင်ဆင်းသက်လာခဲ့သည်ဟု အဆိုရှိသည့်အတိုင်း ပထမဓညဝတီခေတ်သည် မာရရူးမင်းဆက်မှ မင်းငယ် ပျော်လှစည်သူအထိ မာရရူးမင်းဆက်ပေါင်း ၅၇ ဆက် နှစ်ပေါင်း ၁၈၁၇ နှစ်အထိကြာမြင့်စွာအုပ်ချုပ်ခဲ့ကြပါတယ်။ ဒုတိယ ဓညဝတီခေတ်သည် ကံရာဇာကြီး မင်းမှ သီရိရာဇာ မင်းအထိ မင်းဆက်ပေါင်း ၂၈ ဆက် နှစ်ပေါင်း ၉၂၇ အထိလည်းကောင်း ၊ တတိယ ဓညဝတီ ခေတ်သည် စန္ဒာ သူရိယမင်းမှ သူရိယကေတု မင်းအထိ မင်းဆက်ပေါင်း ၂၅ ဆက်၊ နှစ်ပေါင်း ၉၀၆ ခုနှစ်အထိ အုပ်ချုပ်ခဲ့ကြပါတယ်။ ဝေသာလီခေတ်သည် တတိယ ဓညဝတီ သူရိယမင်းဆက်မှ မဟာစန္ဒရမင်းသည် စန္ဒရ မင်းဆက်ကို တည်ထောင်၍ အေဒီ ၃၂၇ တွင် ဓညဝတီ မှ ဝေသာလီသို့ ပြောင်းရွှေ့စိုးစံပါတယ်။ မဟာစန္ဒရ မင်းမှ ငတုံမင်း ခေါ် စောရွှေလု မင်းအထိ မင်းဆက်ပေါင်း ၁၂ ဆက်၊ နန်းစံနှစ်ပေါင်း ၄၉၇ နှစ် ကြာမြင့်ခဲ့ပါသည်။ လေးမြို့ခေတ်သည် ငတုံမင်းခေါ် စောရွှေလုမင်း၏ ညီတော် ခတ္တသင် ဟာ အေဒီ ၈၁၈ တွင် ဝေသာလီကို စွန့်ခွာပြီး လေးမြို့မြစ်ကမ်းတွင် ပြင်ဆာမြို့ကို တည်ထောင်သည်မှစ၍ လေးမြို့ခေတ်ဖြစ်လာ သည်။ လေးမြို့ခေတ်သည် ခတ္တာသင် မင်းမှ မင်းစောနွယ်အထိ မင်းဆက်ပေါင်း ၆၀ ၊နန်းဆန်နှစ်ပေါင်း ၆၁၂ နှစ် ကြာမြင့်ခဲ့ပါတယ်။ မြောက်ဦးခေတ်ကို ပထမ မြောက်ဦးခေတ်၊ ဒုတိယ မြောက်ဦးခေတ်၊ တတိယ မြောက်ဦး ခေတ် ဟု ၃ ခေတ်ခွဲခြားထားပြီး အေဒီ ၁၄၃၀ မှ အေဒီ ၁၇၈၄ အထိ ၃၅၄ နှစ်ရှည်ကြာခဲ့ပါတယ်။ ပထမ မြောက်ဦးခေတ်သည် မင်းစောနွယ်မှ မင်းခေါင်ရာဇာအထိ မင်းဆက် ၁၂ ဆက် နှစ်ပေါင်း ၁၀၁ နှစ် စိုးစံခဲ့ ပါတယ်။ ဒုတိယ မြောက်ဦးခေတ်သည် အေဒီ ၁၅၃၁ မှ ၁၆၃၈ အထိကြာမြင့်ခဲ့ပြီး မင်းမဟာဘုရင်ကြီးမှ မင်းစနေအထိ မင်းဆက် ၉ ဆက်၊ နှစ်ပေါင်း ၁၀၇ နှစ်အုပ်ချုပ်ခဲ့ပါတယ်။ တတိယ မြောက်ဦးခေတ်သည် အေဒီ ၁၆၃၈ မှ ၁၇၈၄ အထိ ကြာမြင့်ခဲ့ပြီး ၊ နရပတေ့ကြီးမင်းမှ မဟာသမ္မတရာဇာမင်းအထိ မင်းဆက် ၂၈ ဆက်၊ နှစ်ပေါင်း ၁၄၆ နှစ် စိုးစံခဲ့ပါတယ်။ မဟာသမ္မတရာဇာမင်း နန်းသက် ၂  နှစ်အတွင်း တိုင်းပြည်ဆူပူမှု အမျိုးမျိုး ကြောင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နန်းတွင်းရေး ဖရိုဖရဲ ဖြစ်နေချိန်တွင် အမရပူရဘုရင် ပဒုံမင်းက လာရောက်တိုက်ခိုက်သိမ်းခဲ့သဖြင့် ရခိုင်သက္ကရာဇ် ဥသြရေသောက် ၁၁၄၆ ခရစ်သက္ကရာဇ် ၁၇၈၄ ခုနှစ်တွင် ရခိုင်မင်းဆက် နိဂုံးချုပ်ခဲ့ပြီး ထီးနန်းလည်း ပျောက်ခဲ့ရပါတော့သည်။ ယခုနေ့အထိဆိုလျှင် နှစ်ပေါင်း ၂၂၈ နှစ် ရှိခဲ့ပါပြီ။ ရခိုင်တိုင်းရင်းသားတို့၏ ရှည်လျားတဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ဓညဝတီခေတ်မှ မြောက်ဦး ခေတ်ကုန်ဆုံးသည် အထိ ခေတ်ကြီး လေးခေတ်အတွင်း မင်းဆက်ပေါင်း ၂၃၁ ဆက် ၊ နန်းစံနှစ်ပေါင်း ၅၁၀၉ နှစ် ရှိခဲ့တာကြောင့် သင်္ချာနည်းနဲ့တွက်ကြည့်ပါက မင်းတစ်ပါး၏ နန်းစံသက်တမ်းမှာ ပျမ်းမျှ ၂၂.၁ နှစ်ရှိကြောင်း ရခိုင်သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။

အထက်ဖော်ပြပါတင်ပြဆွေးနွေးမှုများသည် ရခိုင်တို့၏ သမိုင်းအကြောင်းကို ရခိုင်တိုင်းရင်းသားများ အားလုံးသိရှိနိုင်စေရန် ရည်ရွယ်ပြီးတော့အကျဉ်းချုပ် တင်ပြထားခြင်းဖြစ်ပါသည်။ ဆက်လက်ပြီးတော့ ယဉ်ကျေးမှုစာပေ၊ ဓလေ့ထုံးတမ်းများနှင့် စပ်လျဉ်း၍ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား- ရှေးရခိုင်ဘုရင်များသည် ဓညဝတီခေတ်မှစ၍ ယဉ်ကျေးမှုအဆင့်မြင့်မား စွာ စီမံအုပ်ချုပ်နိုင်ခဲ့သဖြင့် ယင်းခေတ်တွင် ယနေ့တိုင် အထူးထင်ရှားကျော်ကြားနေသော မဟာမြတ်မုနိ ရုပ်ရှင် တော်မြတ်ကို သွန်းလုပ်ပူဇော်နိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရခိုင်တို့ဟာ ကြေးသွန်းပညာကို ပိုင်ပိုင် နိုင်နိုင်တတ်မြောက်ထားပြီ ဖြစ်ကြောင်းလေ့လာသိရှိနိုင်ပါတယ်။ ဝေသာလီခေတ်တွင် စာပေအဆင့်အတန်း ပိုမို မြင့်မားတိုးတက်လာသည်နှင့်အမျှ ၎င်းခေတ်တွင်ရေးထိုးခဲ့သော အာနန္ဒာစန္ဒရကျောက်စာမှာ ယနေ့တိုင် အခိုင်အမာတည်ရှိနေပါသေးတယ်။ ဝေသာလီဘုရားကြီးမှာလည်း ကျောက်တစ်လုံးထဲကို ထွင်းထုထားပြီး အလွန်လက်ရာမြောက်သည့် ကျောက်ညိုဆင်းတုတော်ကြီးဖြစ်ပါတယ်။ ဝေသာလီခေတ်၏ ထူးခြားထင်ရှားမှု တစ်ခုမှာ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးများ သွန်းလုပ်ပြီး ရောင်းဝယ်ဖောက်ကားမှုတွင် အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။ လေးမြို့ ခေတ်တွင် ထူးခြားထင်ရှားသော ကျောက်စာနှစ်ချပ် ရှိပါတယ်။ အဲဒီကျောက်စာကတော့ လောင်းဗြဲတောင်ပေါ် ကျောက်စာနှင့် မိကျောင်းကျောက်စာဖြစ်ပါတယ်။ လောင်းဗြဲတောင်ပေါ်ကျောက်စာဟာ ကျောက်ပြားကျောက် ချပ်တွင် ရေးထိုးထားခြင်းမဟုတ်ပဲ တောင်စွယ်တစ်ခုရှိ ကျောက်ဆောင်ပေါ်တွင် အပြည့်ရေးထိုးထားတာ ဖြစ်ပါတယ်။ မိကျောင်းကျောက်စာမှာလည်း ကျောက်ပြား ကျောက်ချပ်တွင် ရေးထိုးထားခြင်းမဟုတ်ပဲ မိကျောင်းသဏ္ဍာန် ရှိသော ဧရာမကျောက်တုံးကြီးပေါ်တွင် ရေးထိုးထားသော ထူးဆန်းသည့် ကျောက်စာဖြစ် ပါသည်။ မြောက်ဦးခေတ်သည် ရခိုင်တို့၏ ယဉ်ကျေးမှု အထွတ်အထိပ်သို့ရောက်ရှိအောင် မြှင့်တင်ပေးခဲ့သော ရွှေရောင်လွှမ်းသည့် ခေတ်တစ်ခေတ်ဖြစ်ပါတယ်။ မြောက်ဦးမြို့တွင် ယဉ်ကျေးမှု အနုပညာလက်ရာများ၊ ယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ၊ ဘုရား၊ပုထိုး၊စေတီ၊ကျောင်းကန်၊ ဇရပ်၊ သိမ်၊ ကျောင်း၊ ပိဋိကတ် တိုက်စသည့် တန်ဖိုးမဖြတ်နိုင်သော အဆောက်အဦးများ ၊ရှေးဟောင်းမြို့ရိုးတံတိုင်း၊ ကျုံး၊ မြောင်း၊ ရေတံခါး၊ ခံတပ်စသည်များအပြင် ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ၊ အုတ်ခွက်စာ၊ ဒင်္ဂါးပြားစာတို့ဖြင့် လေ့လာစရာ အများအပြားကျန်ရစ်ခဲ့ပါသည်။  

ရှေးဟောင်းမျိုးရိုးအတိုင်း ကျုံး၊ မြောင်း၊ ရေတံခါး၊ ခံတပ်စသည်များအပြင် ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ၊ အုတ်ခွက်စာ၊ ဒင်္ဂါးပြားစာတို့ဖြင့် လေ့လာစရာအများအပြား ကျန်ရစ်ခဲ့ပါတယ်။ လေးစားရပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ မြောက်ဦးခေတ်တွင် ဘုရင်မှူးမတ်တို့၏ ဝတ်စားဆင်ယဉ်မှု၊ အမျိုးသမီးများ ဆံထုံးထုံးနည်း ၆၄ မျိုးနှင့် ဝတ်စားဆင်ယဉ်ထုံးဖွဲ့မှုများ၊ ရခိုင်တူရိယာပစ္စည်းများ၊ ၎င်းတူရိယာပစ္စည်းများနဲ့ တွဲဖက်ပြီး ရခိုင်ရိုးရာ ကနည်းကဟန်များကို ကမ္ဘာသိမြန်မာသိဖြစ်သော ရှစ်သောင်းပုထိုးတော်ကြီး၊ ထုံးကပ်သီ ပုထိုးတော်ကြီးနှင့် ဝေါထိရွှေဂူ ဘုရားများအတွင်းရှိ လိုင်ပတ်အတွင်းနဲ့ နံရံများတွင် ထုစစ်ထားသော ကျောက်ဆစ်ရုပ်များ၊ ရုပ်လုံး ရုပ်ကြွများကိုကြည့်၍ လေ့လာနိုင်ပါသည်။ မြောက်ဦးခေတ် ဂဏန်းသင်္ချာ အရေးအသားကို ရခိုင် ဒင်္ဂါးပြားတွင်လည်းကောင်း၊ ကျောက်စာများတွင်လည်းကောင်း အထင်အရှား တွေ့ရှိနိုင်ပါတယ်။ ရှေးဆီမီးခွက်၊ ဒါလရုပ်၊ ရွှေဒင်္ဂါး၊ ငွေဒင်္ဂါးနဲ့ အချို့သော ရှေးဟောင်းပစ္စည်းများကို နန်းတော် ကုန်းရှိ မြောက်ဦးပြတိုက်၌ ပြသထားရှိပါတယ်။ မြောက်ဦးမြို့၏ ထူးခြားမှုတစ်ခုမှာ ဓညဝတီခေတ်မှ မြောက်ဦးခေတ်ထိ ခေတ်ကြီးလေးခေတ်၏ ယဉ်ကျေးမှု အမွေအနှစ်အားလုံးကို မြောက်ဦးမြို့ တစ်နေရာတည်း၌ပင် ပြီးပြည့်စုံအောင် လေ့လာနိုင်ခြင်းဖြစ်ပါတယ်။ ဒါကြောင့် ယခု အခါ ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များ၊ လေ့လာသူများ၊ စာတမ်းပြုစုပြီး ပါရဂူဘွဲ့ယူမယ့်ပုဂ္ဂိုလ်များ၊ သုတေသီများ၊ မှတ်တမ်းတင်ဓာတ်ပုံရိုက် မယ့်သူများ၊ အများအပြားလာရောက်ခဲ့တာဖြစ်ပါတယ်။ ထို့အပြင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုတွင် ပါဝင်သော မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ မရမများသည် ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ထိုမျိုးနွယ်စုများတွင်လည်း သမိုင်းရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ရှိခဲ့ကြပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်တမ်းတင်ထားရှိမှုမရှိခဲ့တာကြောင့် ယခုအခါ မျိုးနွယ်စုငယ်များ၏ သမိုင်းရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများမှာ လုံးဝပျောက်ကွယ်ပြီး ပျောက်ကွယ်လုနီးပါးရှိနေသည်ကို ဝမ်းနည်းဖွယ်ရာ ကြားသိနေရပါတယ်။ မည်သို့ပင် ဖြစ်စေ၊ အဆိုရှင် ဒေါက်တာချမ်းငြိမ်းရဲ့ ပျောက်ကွယ်လု ပျောက်ကွယ် ပြီးဖြစ်သော တိုင်းရင်းသားမျိုးနွယ်စုငယ်များ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများကို ရနိုင်သမျှရှာဖွေစုဆောင်းဖော်ထုတ်ပြီး မှတ်တမ်း စွယ်စုံကျမ်းတွင် ဖော်ပြနိုင်ရန် အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြထားသည် ကို ကြားသိရပါ၍ အဆိုရှင်၏ စေတနာဆန္ဒကို လိုက်လဲစွာ ကြိုဆိုပါကြောင်း လေးစားမိပါကြောင်း တင်ပြအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြရလျှင် ကန့်ဘလူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာချမ်းငြိမ်း စေတနာဆန္ဒဖြင့် တင်သွင်းထားသည့် မြန်မာနိုင်ငံ တိုင်းရင်းသား များ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်း ပြုစု ထားရှိရေးအဆိုဟာ ပြည်ထောင်စုဝန်ကြီး ဆွေးနွေးတင်ပြချက်အရ အတည်ဖြစ်ပြီးဖြစ်တာကြောင့် မှတ်တမ်းစွယ်စုံကျမ်းတွင် ရခိုင်တိုင်းရင်းသားတို့၏ ခေတ်အလိုက်ဖြစ်ထွန်းခဲ့သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ၊ အနုပညာလက်ရာများနှင့် ရာသီအလိုက် ဒေသအလိုက် နေ့ကြီးရက်ကြီးအလိုက်၊ ကျင်းပပြုလုပ်လျက်ရှိသည့် ရခိုင်ရိုးရာ ဓလေ့ထုံးတမ်းများဖြစ်သော နံသာ သွေးပွဲ၊ ရိုက်လောင်းပြိုင် တစ်နည်း အားဖြင့် လှေပြိုင်ပွဲ၊ ကောက်ဦးဆွမ်းတင်ပွဲ၊ ကျင်ကိုင်ပွဲ၊ အတာသြင်္ကန်ရေကစားပွဲ၊ ဒုံးရိမ်းကပွဲ၊ ရထားဆွဲပွဲ မှတ်တမ်းများနှင့် တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့နဲ့ ဆက်နွယ်နေသော တိုင်းရင်းသား မျိုးနွယ်စုငယ်များ၏ ယဉ်ကျေးမှုရိုးရာဓလေ့များကို ရောင်စုံ ဓာတ်ပုံများဖြင့် ဝေဝေဆာဆာ ထည့်သွင်း ဖော်ပြထားွခင်းဖြင့် အများပြည်သူလေ့လာဖတ်ရှုနိုင်သည့် အပြင် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု စည်းလုံးညီညွတ်မှု၊ လေးစားယုံကြည်မှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု အစရှိသော အကျိုးဖြစ်ထွန်း မှုများကို ရရှိစေနိုင်မည်ဟု ယုံကြည် ယူဆပါသောကြောင့် ဒေါက်တာချမ်းငြိမ်းရဲ့အဆိုအား ရာနှုန်းပြည့် ထောက်ခံပါကြောင်း လေးစားစွာ တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကျန်းမာကြပါစေ။