Skip to main content

ဦးခမိုင်မုံကွမ်က မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင်‌့ ပတ်သက်၍ မှတ်တမ်း စွယ်စုံကျမ်း ပြုစုထားရှိရေး အဆိုကို ဆွးနွေးခြင်း

ဦးခမိုင်မုံကွမ်။   ။မင်္ဂလာပါ စာနဲ့ ဖတ်ပြီးမှ အဆိုပြုဆွေးခွင့်ပြုပါရန် တင်ပြလိုပါတယ်ခင်ဗျာ။ လေးစားအပ်ပါ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စု ဝန်ကြီးများ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ရှေးဦးစွာဂရဝါပြုအပ်ပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့ ကချင်ပြည်နယ်မှ ဆွမ်ဘရာဘွမ်မြို့နယ်မှ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးခမိုင်မုံကွမ် ပါခင်ဗျာ။ ကျွန်တော်တင်ပြ ဆွေးနွေးလိုသော ကဏ္ဍများမှာ ကန့်ဘလူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ချမ်းငြိမ်းရဲ့ မြန်မာတိုင်းရင်းသားများရဲ့ ဓလေ့၊ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းမျာနဲ့ ပတ်သက်၍ မှတ်တမ်းတင် စွယ်စုံကျမ်းထားရှိရေး အဆိုကို ထောက်ခံသွားမှာဖြစ်ပါတယ် ခင်ဗျာ။ မှတ်တမ်းတင်စွယ်စုံ ကျမ်းပြုစုရေးအဆို ထားရှိရေးအဆိုဟာ အဓိပ္ပါယ်လေးနက်သည့် အဆိုဖြစ်၍ တိုင်းရင်းသားလူမျိုးစု တစ်စု ချင်းစီ၏ သမိုင်းစာပေနှင့် ယဉ်ကျေးမှုမှာ ထုံးတမ်းစဉ်လာမှာ အပေါ်ယံတူသော်လည်း ဆင်းသက်ပုံ သမိုင်းနဲ့ ဓလေ့ယဉ်ကျေးမှုမှာ မတူညီနိုင်တာတွေ ရှိတဲ့အတွက် အချိန်ယူပြီးတော့ ပြုစုရမည်ဟုလည်း တင်ပြဆွေးနွေးလိုပါတယ် ခင်ဗျာ။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ။ ကျွန်တော်တို့ကချင်မျိုးနွယ်စုများရဲ့ သမိုင်းယဉ်ကျေးမှု ဆင်းသက်စဉ် လာပုံကို စွယ်စုံကျမ်းအဖြစ် တင်ပြရမည်ဆိုရင် ဆင်းသက်ပုံမှာ ဘိုးဘွားနတ်ဂျော့ခေတ်တွင် မိုးနတ်တမန်တော်များကို ပူဇော်ကိုးးကွယ်၍ ဖန်ဆင်းရှင်က တိမ်တိုက်နဲ့အတူ ကျန်နွမ်းနဲ့ ဝေချွန်း ကိုဖန်ဆင်း၍ ကျန်နွမ်းနဲ့ ဝေချွန်းက ကမ္ဘာကြီးနဲ့ ကောင်းကင်ဘုံ၊ လူသားနဲ့ ကောင်းကင်ဘုံအပါအဝင် သက်ရှိသက်မဲ့ အားလုံးပါဝင်သော မချန်ဝခွန်းကို မွေးဖွား၍ ထိုမှတစ်ဆင့် ဂျိမ်းဖော့ မျိုးနွယ်စု ပေါက်ဖွားမွေးလာတယ်ဟု ဘိုးဘွားအမွေအနှစ်အရ ယုံကြည်ကြပါတယ်ခင်ဗျာ။ ဆင်းသက်လာတော့ ဂျိမ်းဖော့မျိုးနွယ်စု လူသားများသည် ကောင်းကင်ပေါ်က မိုးနတ်တမန်တော်များကို ယောက္ခမ အမျိုးအနွယ်ဖြင့် သတ်မှတ်၍ ဂျိမ်းဖော့မျိုးနွယ်စုများက သမက်အဖြစ်ခံယူ၍ မိုးနတ်တစ်မန်တော်၏ နတ်သမီးတော်ကို တောင်းခံရာတွင် မဂွန်းလစ် ဟူသော လွယ်ပလိုင်းနဲ့အတူ ကွမ်ဖိုးမျိုးစုံ ရိုးရာသေနတ်၊ မောင်း အပါအဝင် ယူဆောင်တင်တောင်းကြပြီး ယောက္ခမမျိုးဖြစ်ကြသော မိုးနတ်တမန်တော်များက သမီးတော်နဲ့အတူ ဒရူကျင်နီခေါ် မထိုးလှန် မဂမ်ကျင်ထီး(ခေါ်) မခုတ်ဓါးကို ပြန်လည်ပေးအပ်၍ ဆွေမျိုးတော်စပ်ပုံမှာ ယခုအချိန်အထိ တည်ဆဲဖြစ်ပြီး ဆုတောင်းကောင်းချီးပေးခဲ့သော ဒရူကျင်နီနဲ့ မဂမ်ကျင်ထီး(ခေါ်) မခုတ်ဓါး၊ မထိုးလှန်များကို ကချင်လူမျိုးစု ဒူဝါကြီးများက မနောတိုင်အဖြစ် ကမ္ဘာမြေကြီး ပေါ်တွင် စိုက်ထားစိုက်ထူ၍ ယနေ့တိုင် မနောပွဲ ကျင်းပပူဇော်ကောင်းချီးမင်္ဂလာ တောင်းခံလျက်ရှိပါတယ် ခင်ဗျာ။

ဥက္ကဋ္ဌကြီးခင်ဗျား ကချင်မျိုးနွယ်စုများ၏ ကမ္ဘာမြေကြီးရေလွမ်းပြီးနောက် ဆင်းသက်ပုံသမိုင်းကို တင်ပြရမည်ဆိုရင် ကျန်နွမ်းနှင့် ဝေချွန်းက သားဖြစ်သော နင်ဂွန်ဝါမဂမ်ကို ကမ္ဘာမြေကြီးကို ရေလွှမ်းတော့ မယ် မဂျွယ်ရှိန်ရာဘွမ် တောင်ပေါ်သို့ ရှောင်တိမ်းနေထိုင်၍ ကမ္ဘာမြေကြီး ရေခန်းသွားသည့်အခါ မလိ အင်မိုင်ဇွတ် (ခေါ်) မြစ်ဆုံဒေသမှာ မြွေနတ်နဂါးသမီးတော်ကို လက်ထပ်ပေါင်းသင်း၍နေထိုင်ပြီး ကမ္ဘာမြေကြီးကို စောင့်ရှောက်ရန် မှာကြားခဲ့၍ ကျွနိုပ်တို့ မိဘနှစ်ပါးအနေဖြင့် ဖန်ဆင်းရှင်ပေးအပ်ခဲ့သော တာဝန်ကျေပြီဟု ပြောဆိုပြီးနောက် ရွှံ့နွံ့မြေကြီးဖြစ်သွားသည်ကို သမိုင်းအရ ဂျိမ်းဖော့ဒူဝါကြီးများက ရှဒစ်လုံများကို တည်ထားပူဇော်ကြပါတယ်ခင်ဗျာ။ မဂျွယ်ရှိန်ရာဘွမ်တောင်ပေါ်မှ နင်ဂွန်ဝါမဂမ် (ခေါ်) ဂျာဝါရုမ်ဂျာ အနေဖြင့် မိဘနှစ်ပါး မှာကြားထားသည့်အတိုင်း  မလိ၊ အင်မိုင်ဇွပ်(ခေါ်) မြစ်ဆုံဒေသမှ မြွေနတ်နဂါး သမီးတော်ကိုခေါ်ယူ၍ နွမ်ရော်ဂျာ ဘန်နိမ်ဂွန်ဝါရှဝါနန် ဟူသောအမည်နာမဖြင့် ကွမ်ဘန်ရှလိုင် လူသတို့သမီးအဖြစ် ပြောင်းလဲဆေးကြောမင်္ဂလာ ခံယူခြင်း အအောင်မြင်မှု အထိမ်းအမှတ်ဖြင့် ကချင်အမျိုးသမီးများက မြွေနတ်နဂါးသမီးတော်ကို ဂုဏ်ပြုသောအနေဖြင့် ယနေ့တိုင် ငွေမောင်းအကျီကို ကြေးခွံအဖြစ် အစားထိုး ဝတ်ဆင်လျက်ရှိပြီး ကချင်အမျိုးသားများအနေနဲ့တော့ နှစ်ဖက် အမိတ်ပါခေါင်းပေါင်း ပေါင်းခြင်းနှင့် မနောအက အင်္ကျီများတွင် နဂါးဘုရင် ပုံတော်များကို ကပ်ထား ဝတ်ဆင်၍ မနောပွဲပြုလုပ်ရင်းနဲ့ ဂုဏ်ပြုပူဇော်လျက်ရှိပါတယ်ခင်ဗျား။ အလားတူ မလိအင်မိုင်ဇွပ် (ခေါ်) မြစ်ဆုံဒေသမှာ ကချင်မျိုးနွယ်စုများ၏ လေးစားဂုဏ်ပြု ကိုးကွယ်ထားသော ရာဇဝင်တည်ရှိရာ နေရာဒေသဖြစ်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား ကျွန်တော်တို့ ကချင်မျိုးနွယ်စုများမှာ မဂျွယ်ရှိန်ရာဘွမ်တောင်ပေါ်မှ ဆင်းသက် အခြေကျနေထိုင်လျက်ရှိသော နယ်မြေဒေသများမှာ ယခုလက်ရှိ ကချင်ပြည်နယ်ကို ဗဟိုပြု၍ နေထိုင်လျှက်ရှိပါတယ်ခင်ဗျာ။ ကချင်မျိုးနွယ်စုများ၏ ပြည်နယ် ကိုယ်စားပြုအမည်မှာ ကချင်ဆိုသော အမည်နာမအဖြစ် လူမျိုးစု(၆) မျိုးဖြင့် ကိုယ်စားပြုထားပါတယ်ခင်ဗျာ။ ဂျိမ်းဟော့၊ ရဝမ်၊ လောင်ဝေါ၊ လချီ(စ်)၊ ဇိုက်ဝါး၊ လီဆူးတို့ဖြစ်ပြီး ကချင်ဆိုသော စကားလုံးများမှာ အားလုံးရဲ့ကိုယ်စားပြု အမည်နာမဖြစ် ပြီး ကချင်စကားဆိုသည်မှာ ဂျိမ်းဖော့စကား၊ ဂျိမ်းစော့စာ ဆိုသည်မှာလည်း ဘုံစာဖြစ်ပါတယ်။ ယခင်က “ဂျိမ်းဟော့၊ ဝမ်ပေါင်အမျိုးရှားနီ” ဆိုသည်မှာ ကချင်ပြည်ထောင်စု မျိုးနွယ်စုများ ဟုခေါ်သော စကားရပ်နှင့် နေထိုင်ခြင်းဖြစ်ပြီး ဂျိမ်းဖော့ဟူသော ဘုံစကားမှ ကချင်ဟူသော စကားရပ်ပြောင်းလဲခြင်းသည် ယခင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ဗမာပြည်ကို သိမ်းပိုက်ပြီးနာက် နှစ်ပေါင်း(၂၀)ခန့်မှ ကချင်ပြည်ကို တိုက်ခိုက် သိမ်းပိုက်သည့်အချိန်တွင် အထမဆုံးအနေဖြင့် ဂျိမ်းဖော့လူမျိုး ဂါးခရဲမ်အဖိုးကြီးကို တွေ့ဆုံအမည်နာမ မေးမြန်းရာတွင် ကျွန်တော်က ဂါးခရဲမ်လူမျိုးဖြစ်ကြောင်းတင်ပြရာတွင် အင်္ဂလိပ်စာအဖြစ် ပြန်လည် မှတ်တမ်းတင်ရာ ဂါးခရဲမ်မှ ကချင်ဆိုသော အမည်နာမ ပေါ်ထွန်းလာခြင်းဖြစ်ပါ၍ ထိုအချိန်မှစ၍ လူမျိုးစု များကို ကချင်ဟုရှေ့မှာထည့်၍ ခေါ်ဆိုလျက်ရှိပါသည်ခင်ဗျာ။ ဂျိမ်းဟော့ဆိုသော စကားရပ် ပေါ်ထွန်းလာခြင်းသည် မိုးနတ် တမန်တော်များနှင့် ယဉ်တွဲနေထိုင်ခဲ့ရင်းနှင့် တချို့မှာ နတ်တမန်တော် အနေဖြင့် တည်ရှိလိုပြီး အချို့မှာ လူသားအဖြစ် ခွဲခွါပြောင်းလဲနေထိုင်ခဲ့ရာ မိုးနတ်တမန်တော်များက ခင်ဗျားတို့မှာ အမြောအမြင်ရှိပြီး မျက်စိပွင့် နားလည်၍ ကမ္ဘာကြီးကို အုပ်စိုးနိုင်သော လူသားများဖြစ်သည့် အတွက် ဂျိမ်းဖော့ဟူသော အမည်နာမဖြင့် နေထိုင်သွားရန် မိုးနတ်တမန်တော်များက ပေးခဲ့သည့် ဂျိမ်းဖော့ဆိုသော အမည်နာမဖြစ်၍ ဂျိမ်းဖော့ဟူသော စကားရပ်မှာ ကမ္ဘာကြီးပေါ်ထွန်းလာသည်မှ စ၍ တည်မြဲခေါ်တွင်၍ ကျယ်ပြန့်သော အမည်နာမဖြစ်ပါတယ်ခင်ဗျာ။

ကချင်စာပေအနေနှင့် တင်ပြရမည်ဆိုလျှင် အင်္ဂလိပ်နယ်ချဲ့ခေတ်မရောက်ခင်တွင် အရှေ့ဘက်မှ တရုတ်လူမျိုးစုများရေးသားသောစာများနှင့် ပူးပေါင်းအသုံးပြုပြီး အများပိုင်းမှာ သင်္ကေတပစ္စည်းအဖြစ် အသီးအရွက်များ၊ ပန်းပွင့်များကို အဓိပ္ပါယ်ဖွင့်ဆို လဲလှယ်ပို့ဆောင် ချိပ်ဆက်လျက်ရှိသော စာပေယဉ်ကျေး မှုများ အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်ခင်ဗျာ။ ယခုလက်ရှိသုံးစွဲသော ကချင်ဂျိမ်းဖော့ စာများမှာ နှစ်ပေါင်း (၁၀၀) ကျော်က အင်္ဂလိပ်လူမျိုးဘာသာရေး ဆရာမစ္စတာ ဟမ်ဆန်အနေဖြင့် လက်တင်စာပေနှင့် ပေါင်းစပ်၍ မွေးဖွားပေးသော ကချင်ဂျိမ်းဖော့်စာဖြစ်၍ မည်သူမဆို လွယ်လွယ်နှင့် ဖတ်ရူးရေးသားနိုင်သော စာဖြစ်ပါသည်ခင်ဗျာ။

ဥက္ကဋ္ဌကြီးခင်ဗျား ကချင် မျိုးနွယ်စုများအနေဖြင့် အင်္ဂလိပ်နယ်ချဲ့ခေတ် မရောက်ခင်တွင် အုပ်ချူပ်ရေး ပိုင်းတွင် မူဝါဒ (၂) မျိုးဖြင့် မလိခဧရာဝတီအရှေ့ပိုင်းတွင် ကွမ်ကျင်၊ ကွမ်စာ (ခေါ်) ပဒေသရာဇ် မူဝါဒဖြင့် အုပ်ချူပ်ခဲ့ပြီး မလိခဧရာဝတီမြစ် အနောက်ဘက်ခြမ်းတွင် ဂွမ်လောင်ဒူဝါကြီးများက ဆိုရှယ်လစ် ဒီမိုကရေစိမူဝါဒများဖြင့် ကျင့်သုံးအုပ်ချူပ်ကြပါတယ်။ ကချင်ဂျိမ်းဖော့ လူမျိုုးနွယ်စုသတ်မှတ်ချက်မှာ ဂျိမ်းဖော့၊ ရဝမ်၊ လော်ဝေါ၊ လချိ(စ်)၊ ဇိုင်ဝါး၊ လီဆူး၊ ခခိုးဆမ်(ခေါ်) ခန္တီး၇ှမ်း၊ မုန်ဆာ၊ ဂါးနန်း၊ နာဂ၊ ဆမ်(ခေါ်) ရှမ်းများနှင့် ချင်းများပါဝင်ပြီး နေထိုင်ဆင်းသက်သော ညီအစ်ကိုများဖြစ်ပြီး နေထိုင်သော နယ်မြေဒေသများမှာ အရှေ့ဘက်တွင် တရုတ်ပြည်၊ ယူနန်ပြည်နယ်အထိ၊ ရှမ်းပြည်နယ်ဘက်တွင် ကွက်ခိုင် လားရှိုး၊ မူဆယ်၊ နမ်းခမ်း ရွှေလီမြစ်တစ်လျှောက်၊ အနောက်ဘက်တွင် ဟူးကောင်းဒေသ၊ ချင်းတွင်းမြစ်ရိုး တစ်လျှောက်၊ ဟိုမလင်း၊ ခန္တီးနာဂတောင်တန်းနှင့် အိန္ဒိယနယ်မြေအထိ နေထိုင်ပြီး မြောက်ဘက်တွင် တိဘက်၊ မွန်ရိုးလီးယားအထိ၊ တောင်ဘက်တွင် မိုးညှင်း၊ ကာဒူ၊ နန်စီအောင်၊ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ မဲဇာအထိ ဂျိမ်းဖော့လူမျိုးများစုထထဲမှ လဖိုင်ဒူဝါကြီးနှင့် လထော်အမျိုုးအမျိုးဖြစ်သော ဂါးဒူး၊ ဂါးနန်းဒူဝါကြီးများနေထိုင်ခဲ့ကြသဖြင့် ကျဆန် လဘမ်အမျိုးဖြစ်သော နာဂဒူဝါကြီးများမှာ ကချင်ဂျမ်းဖော့ မျိုးနွယ်စုများ၏ ညီအစ်ကိုရင်းချာများဖြစ်ကြောင်းကိုလည်း ဤလွှတ်တော်သို့ တင်ပြလိုပါ တယ်ခင်ဗျာ။

စွယ်စုံကျမ်းအရ ဖြစ်ခဲတာတွေကို တင်ပြရမည်ဆိုလျှင် ယခင်က ဗမာဘုရင်များနယ်ချဲ့ရာတွင် လည်း ကချင်မျိုးနွယ်စု ဒူဝါကြီးများနှင့် ပဋိပက္ခစစ်ဖြစ်ပွားခဲ့သညိကု ကချင်လို မာန်မာဂျန်းဟုခေါ်ဆိုသော ရာဇဝင်များလည်းရှိခဲ့ပါသည်။ ဗမာဘုရင်များနဲ့ ကချင်မျိုးနွယ်စု ဒူဝါကြီးများက မဲဇာတောင်တွင် အနိုင်မခံ အရူံးမပေးဘဲ မြက်တော်များလှဲပြားသွားသည်အထိ တိုက်ခိုက်ကြရာ နောက်ဆုံးတွင် စစ်ရေးမဆင်းဘဲ တံတမန်နည်းအ၇ ညီအစ်ကိုများအဖြစ် သတ်မှတ်၍ ယှဉ်တွဲနေထိုင်ရေးအတွက် မြက်တော်များလှဲပြားသွား သည်ကို အဓိပ္ပါယ်ဖော်ဆိုပြီး ကချင်ဘာသာစကားငြဖ့် ယခင်မာန်ခေါ်ဆိုခြင်းမှ မြဲန်ဟုပြောင်းလဲခေါ်ဆို ကြောင်းသိရှိရပါတယ်ခင်ဗျာ။ မြဲန်ဟုခေါ်ဆိုခြင်းမှာ မဲဇာတောင်တွင် အပြီးသတ်စစ်ကို ပြေငြိမ်းခဲ့သော အမည်နာမဖြစ်ကြောင်းကိုလည်း တင်ပြလိုပါတယ်ခင်ဗျာ။

ဥက္ကဋ္ဌကြီး ခင်ဗျာ ယခုလို စစ်ကို ပြေငြိမ်း၍ သံတမန်နည်းအရ ယှဉ်တွဲ နေထိုင်ပြီး နောက်တွင် ဗမာဘုရင်များက ယိုးဒယား ထိုင်းနိုင်ငံကို သွားရောက် သိမ်းပိုက်ရာတွင်လည်း ကချင်အမျိုးသားတပ်များက သွားရောက်ကူညီကြောင်း သိရှိရပါတယ်ခင်ဗျာ။ အလားတူ နာဂဒူဝါကြီးများနှင့် ကချင်ဒူဝါကြီး ညီအစ်ကို များနှင့် အိန္ဒိယကသဲလူမျိုးနဲ့ စစ်ဖြစ်ရာတွင်လည်း ဗမာဘုရင်းများမှ ဗန္ဗုလဦးဆောင်၍ လာရောက်ကူညီခဲ့ သည်ကိုလည်း သိရှိရပါတယ်ခင်ဗျာ။ တရားရေးဏ္ဍအနေဖြင့် မူဝါဒများကို တင်ပြရမယ်ဆိုလျှင် ဒူဝါကြီးများ အချင်းချင်း ပဋိပက္ခစစ်ဖြစ်ပွားပါက ရိုးရာဓလေ့ထုံးစံအဖြစ် တစ်ဖက်နဲ့ တစ်ဖက်ကို ချိတ်ဆက်ဆက်သွယ် ကိုယ်စားပြု ပြောနိုင်ရေးအတွက် နှစ်ဖက်စလုံးက ရွေးချယ် သတ်မှတ်ထားသော ပုဂ္ဂိုလ်များကို စေလွှတ်များ ကို စေလွှတ်၍ လူသေမှုဖြစ်စေ၊ လူသတ်မှုဖြစ်စေ၊ ကြီးလေးသော အမှုများကို ဖြေရှင်းရာတွင် သတို့သမီးပေးစားခြင်း၊ နယ်မြေဒေသများ ခွဲပေးခြင်း၊ ကွမ်ဖိုးအနေဖြင့် ရွှေ၊ ငွေ၊ ရတနာများ ပေးဆပ်ခြင်း ဖြင့် ကချင်ဂျိမ်းဖော့ ဘာသာစကားဖြင့် ကဆာ(ခေါ်) သံတမန်များက နှစ်ဖက်စလုံးကို ပြောဆိုနားချ၍ ညှိနှိုင်းဖြေရှင်းခြင်းကို ကျင့်သုံးခဲ့ကြပါတယ်ခင်ဗျာ။

အထက်ပါ ကချင်မျိုးနွယ်စုများ၏ သမိုင်းရာဇဝင်မှတ်တမ်းတင်နိုင်ရေးအတွက် အတိုချူပ်တင်ပြ ဆွေးနွးမှုအပေါ် နိုင်ငံတော်အနေဖြင့် လိုအပ်သလို မှတ်တမ်းတင်ပေးနိုင်ရေးအတွက ်တင်ပြဆွေးနွေးရင်း ကန့်ဘလူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာချမ်းငြိမ်း၏ မြန်မာနိုင်ငံတိုင်းရင်းသား များ၏ သမိုင်းနှင့် ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းနှင့် ပတ်သက်၍ မှတ်တမ်းတင်စွယ်စုံကျမ်း ပြုစုထားရှိ ရေးအဆိုကို ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ကျွန်တော် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်မှ လေးလေးနက်နက် ထောက်ခံရင်း နိဂုံးချူပ်အပ်ပါတယ်ခင်ဗျား။