Skip to main content

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်မှ ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရာယူခြင်း

ဦးစိုးဝင်း (ဒုတိယဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီးဌာန)။       ။ လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ ကျွန်တော့်အနေနဲ့ ဦးစွာဆုတောင်း မေတ္တာပို့သ အပ်ပါတယ်။ ကျွန်တော်တို့ ကန့်ဘလူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ချမ်းငြိမ်းရဲ့အဆိုဟာ ကျွန်တော်တို့ နိုင်ငံနှင့် လူမျိုးအတွက် အထူးပင်လျော်ကန် သင့်မြတ်သော အဆို ဖြစ်ကြောင်းကို ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်။ ဒီအဆိုနှင့်ပတ်သက်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက ရှုထောင့်အမျိုးမျိုးက နေပြီးတော့မှ အမျိုးသားရေးအမြင်နဲ့ ဆွေးနွေးချက်များဟာ မှတ်တမ်း စွယ်စုံ ကျမ်းပြုစုတဲ့အခါမှာ များစွာ အထောက်အကူ ဖြစ်မှာ ဖြစ်ကြောင်းကိုလည်း တင်ပြလိုပါတယ်။ အခုလို လွှတ်တော်ကိုယ်စားလှယ်တော် ကြီးများအနေနဲ့ တက်တက်ကြွကြွ ဆွေးနွေးတဲ့ အတွက်လည်း ကျွန်တော်တို့ ဝန်ကြီးဌာနများ အနေနဲ့ အထူးပင် ကျေးဇူးတင်ရှိ ပါကြောင်း တင်ပြလိုပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျွန်တော့်အနေနဲ့ တင်ပြလိုတာကတော့ သြဂုတ်လ ၂၂ ရက်နေ့ စတုတ္ထပုံမှန် အစည်းအဝေးရဲ့ (၃၂) ရက်မြောက်နေ့မှာ ကျွန်တော်တို့တင်ပြသလိုပဲ ဒီလုပ်ငန်း ပမာဏဟာ ကြီးမား ကျယ်ပြန့်ပြီးတော့မှ အချိန်ယူပြီးတော့မှ လုပ်ဆောင်ရမယ့် အနေအထားရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီလုပ်ငန်းကြီးအောင်မြင်ဖို့အတွက် ကျွန်တော်တို့ အမျိုးသား အဆင့်ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီးတော့မှ စနစ်တကျဆောင်ရွက်နိုင်ရေး အဆင့်ဆင့် တင်ပြပြီတော့မှ အောင်မြင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဥက္ကဋ္ဌ ။   ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ လွှတ်တော်ကိုယ်စားလှယ်များရဲ့ သဘောထားကို ရယူလိုပါတယ်။ ဒေါက်တာချမ်းငြိမ်းတင်သွင်းတဲ့အဆိုကို ထောက်ခံအတည်ပြုပါ သလားခင်ဗျား။

          [သုံးကြိမ်တိုင်တိုင်မေးမြန်းပါသည်။ လွှတ်တော်က ထောက်ခံအတည်ပြုပါသည်။]

ဥက္ကဋ္ဌ ။   ။ ကန့်ကွက်ရန်ရှိပါသလားခင်ဗျား။ ကန့်ကွက်ရန်မရှိတဲ့အတွက် ကန့်ဘလူမဲဆန္ဒနယ်မှ ဒေါက်တာချမ်းငြိမ်းတင်သွင်းတဲ့ မြန်မာနိုင်ငံတိုင်းရင်းသားများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ မှတ်တမ်းစွယ်စုံကျမ်းပြုစုထားရှိရေးအဆိုကို လွှတ်တော်က အတည်ပြု ကြောင်းနှင့် သင့်တင့်သော အချိန်ကာလအတွင်း သတ်မှတ်ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် သက်ဆိုင်သော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ပညာရှင်များ ပါဝင်သော အမျိုးသား ကော်မရှင်ဖြင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း အတည်ပြုကြေညာမှတ်တမ်းတင်ပါ တယ်။