Skip to main content

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော သွင်းကုန်ပို့ကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း

     ဥက္ကဋ္ဌ။  ။ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေး ပြီး ၁၃-၃-၂၀၁၂ ရက်နေ့က အတည်ပြုခဲ့တဲ့ သွင်းကုန်ပို့ကုန်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် သို့ ၁၅-၃-၂၀၁၂ ရက်က ပေးပို့ခဲ့ပါတယ်။ ဒီဥပဒေကြမ်းကို ၁၇-၇-၂၀၁၂ ရက်နေ့မှာ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်များဖြင့် ပြန်လည်ပေးပို့လာတဲ့အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၂ အရ လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပြီး ပြင်ဆင်ချက် မိတ္တူများကိုလည်း ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်များနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့သတ်မှတ်ထားတဲ့ ၂၃-၇-၂၀၁၂ ရက်နေ့ အထိ ပြင်ဆင်ချက်တင်သွင်းဖို့ တစ်စုံတရာမရှိတဲ့အတွက် အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်များကို ယခုလွှတ်တော်သို့ တင်ပြပြီးအဆုံးအဖြတ်ရယူသွားမှာ ဖြစ်ပါတယ်။ အဆိုမှာသွင်းကုန်ပို့ကုန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖြန့်ဝေတင်ပြထားတဲ့ အမျိုးသားလွှတ်တော်ရဲ့ ပြင်ဆင်ချက်များအတိုင်း အတည်ပြုရန် ဖြစ်ပါတယ်။ ဒီအဆိုကို လွှတ်တော်က  သဘောတူပါသလားခင်ဗျား။

 [ သုံးကြိမ်တိုင်တိုင် မေးမြန်းပါသည်။ လွှတ်တော်က သဘောတူပါသည်။]

      ဥက္ကဋ္ဌ။  ။ လွှတ်တော်က  သဘောတူတဲ့အတွက် သွင်းကုန်ပို့ကုန်ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ပြန်လည်ပေးပို့သည့် ပြင်ဆင်ချက်များအတိုင်း အတည်ပြုကြောင်းနှင့် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၆၃ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာပါတယ်။