Skip to main content

ဒေါ်တင်နွယ်ဦး၏ တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဆောင်ရွက်တိုက်တွန်းကြောင်းအဆိုကို ယနေ့ဆွေးနွေး

ဦးစိန်ဝင်း(မအူပင်မဲဆန္ဒနယ်)။              ။ လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အထူးဖိတ်ကြားထားသော ပုဂ္ဂိလ်များ၊ နယ်ပယ်ဒေသအသီးသီးမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ခင်ဗျား။ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သရင်း လေးစားမိပါကြောင်း ဂါရဝပြုအပ်ပါတယ် ခင်ဗျား။ ကျွန်တော်ကတော့ မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မဲဆန္ဒနယ်မှ ဒေါ်တင်နွယ်ဦး၏ တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများပြန်လည် ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်တိုက်တွန်းကြောင်း အဆိုကို ထောက်ခံအကြံပြု တင်ပြ ဆွေးနွေးသွားပါ့မယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံ ဥပဒေအခြေခံမူများ အခန်း(၁) အမှတ်စဉ် ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေး စနစ်ဖြစ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်သဖြင့် ဈေးကွက်စီးပွားရေးစနစ်ကို စနစ်တကျပြောင်းလဲ ဖော်ဆောင်သွား ရပါ့မယ်။ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ ရောင်းလိုအား၊ ဝယ်လိုအားကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုကို စောင့်ရတဲ့အပြင် လွတ်လပ်မှု၊ ယှဉ်ပြိုင်မှုအခြေခံများဖြင့် စီးပွားရေးဆောင်ရွက်ရတယ်လို့သိရှိထားပါတယ်။ ဈေးကွက်စီးပွားရေး စနစ်ကိုဖော်ဆောင်တဲ့အခါ လက်ရှိနိုင်ငံသားများရဲ့အခြေအနေ၊ စွမ်းအား၊ ကျွမ်းကျင်မှု၊ အရည်အချင်း၊ ရင်းနှီးငွေစတဲ့ စီးပွားရေးခြေခံ အချက်အလက်တွေကိုလည်း ထည့်တွက်စဉ်းစားဖို့ လိုအပ်ပါတယ်လို့ ကျွန်တော် တင်ပြအပ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းများကို အရှုံးအမြတ်အပေါ် အကြမ်းအားွဖင့် သုံးမျိုးတွေ့ရှိရပါတယ်။ (၁) အရှုံးများသောစက်ရုံအလုပ်ရုံလုပ်ငန်းများ။ (၂) အရှုံးအမြတ် မရှိသော စက်ရုံအလုပ်ရုံ လုပ်ငန်းများ။ (၃) အမြတ်များသော စက်ရုံအလုပ်ရုံလုပ်ငန်းများဟု အကြမ်းအားဖြင့် သုံးမျိုးတွေ့ရှိရပါတယ်။ အရှုံးများသော အရှုံးအမြတ်မရှိသော စက်ရုံအလုပ်ရုံ လုပ်ငန်းများကို ပုဂ္ဂလိကလွှဲပြောင်းမှုကို ဦးစားပေးပြီး စနစ်တကျ ဆောင်ရွက်ဖို့လိုပါတယ်။ နောက်တစ်နည်း အနေနဲ့ တင်ပြရရင် ရင်းနှီးမြှုပ်နှံမှု သွင်းအားစုအပေါ် အခြေပြုပြီးတော့ အကြမ်းအားဖြင့်သုံးမျိုး သုံးစားတွေ့ရှိရပါတယ်။ (၁) အသေးစား လုပ်ငန်း၊ (၂) အလတ်အစားလုပ်ငန်း၊ (၃) အကြီးစားလုပ်ငန်း။ လက်ရှိအခြေအနေမှာ နိုင်ငံတော်ပိုင် စက်ရုံအလုပ်ရုံလုပ်ငန်းများမှာ အချို့လုပ်ငန်းသည်အရှုံနှင့် နှစ်စဉ်အရှုံးပြနေကြောင်း၊ တချို့လုပ်ငန်း များသည် မြတ်သင်‌့သလောက်မမြတ်ကြောင်း အမြတ်နည်းကြောင်း တွေ့ရှိရပါတယ်။ တချို့စက်ရုံ အလုပ်ရုံသည် အစိုးရသာ အမြတ်မရသော်လည်း မြတ်တဲ့သူက မြတ်နေကြောင်းကြား သိရပါတယ်။ ဘာကြောင့် ရှုံးတာလဲလို့ စက်ရုံ အလုပ်ရုံတွေဘာကြောင့် ရှုံးတာလဲလို့ ဆန်းစစ်လေ့လာတဲ့ အခါမှာ ကျွန်တော့်အနေနဲ့ ဝန်ထမ်း အတွေ့အကြုံကို အခြေခံပြီး တင်ပြရရင်တော့

(၁) အစကတည်းက စီမံကိန်း ရေးဆွဲမှု အားနည်းတာတွေ တချို့နေရာမှာ တွေ့ရပါတယ်။

(၂) ဒေသစွဲ၊ ပုဂ္ဂိုလ်စွဲလုပ်ငန်းဆောင်ရွက် တာတွေတွေ့ရပါတယ်။

(၃) နယ်မြေဒေသအခြေခံအချက်အလက်တွေကို အခြေမပြုတာတွေသွားတွေ့ ရပါတယ်။

(၄) လုပ်ငန်းစီမံခန့်ခွဲမှုအားနည်းတာတွေသွားတွေ့ရပါတယ်။

(၅) အုပ်ချုပ်မှုညံ့ဖျင်းတာ တွေရပါတယ်။

(၆) လူမှန်နေရာမှန်မထားရှိတာတွေ့ရပါတယ်။

(၇) အဂတိလိုက်စားခြင်းနှင့် အလွဲသုံးစားပြုလုပ်တာတွေတွေ့ရပါတယ်။

(၈) ကျွမ်းကျင်မှုအားနည်းတာတွေ့ရပါတယ်။

(၉) နည်းပညာ၊ နည်းစနစ်အရည်အသွေးညံ့ဖျင်းတာတွေ့ရပါတယ်။

(၁၀) စွမ်းဆောင်ရည်အားနည်းတာ တွေ့ရပါတယ်။

(၁၁) ဈေးကွက်စီးပွားရေးစနစ်နှင်‌့အညီ ဈေးကွက်ရပစ္စည်းမထုတ်လုပ်တာလည်း တွေ့ရပါတယ်။

(၁၂) ရောင်းအား ဈေးကွက်းတိုးချဲ့မှု အားနည်းတာကို တွေ့ရပါတယ်။ ဒီဖော်ပြပါ အချက်တွေရဲ့ တစ်ခုခုသော် လည်းကောင်း၊ နှစ်ခုသုံးခုသော်လည်းကောင်း အဲ့ဒီအကြောင်းတရားတွေ ကြောင့် အရှုံးပေါ်တာ တွေ့ရပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံတွေ ရှုံးတာ အဓိက အချက်တစ်ချက်ကို တစ်ချောင်းတည်းပဲ ပြောပါဆိုရင်တော့ လူမှန်နေရာ မှန်ထားရှိမှု အားနည်းတာ တွေ့ ရတယ်လို့ ကျွန်တော် ဥက္ကဋ္ဌကြီးကို တင်ပြလိုပါတယ်။ ဒါတွေကို သင်ခန်းစားယူပြီး ပြုပြင်ဖို့ဆိုရင် အသစ် ပြန်လည်ဖွဲ့စည်းပြီး ဈေးကွက် စီးပွားရေး စနစ်နှင့်အညီ ဥပဒေ လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းပြီး အမှန် တကယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။

လေးစားရပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ပြုပြင်ပြောင်းလဲမှုကို ပြည်သူတွေက မျှော်လင့်တောင့် တနေပါတယ်။ တကယ်လည်း ပြောင်းလဲဖို့လိုအပ်နေပါပြီ။ တစ်ခုတော့ရှိတယ်။ စနစ်တကျ ပြောင်းလဲဖို့တော့ လိုပါတယ်။ စနစ်တကျမပြောင်းလဲ ရင် အကောင်းဘက်ကို မပြောင်းလဲဘဲ အဆိုးဘက်ကို ပြောင်းတာမျိုးဖြစ်သွားမှာ ကျွန်တော် အရမ်းစိုးရိမ်မိပါတယ်။ စီးပွားရေးကို ပြောင်းလဲတဲ့အခါမှာ ကျွမ်းကျင်သော လူ့အဖွဲ့အစည်းနှင့် သက်ဆိုင်ရာ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ စိတ်တူကိုယ်တူ ပေါင်းစပ်ဖွဲ့စည်းပြီး လွှဲပြောင်းမှုကို စနစ်တကျ ဆောင်ရွက်ဖို့လိုပါတယ်။ လွှဲပြောင်းတဲ့ အခါမှာလည်း လုပ်ငန်းအသွင် သဏ္ဍာန်အားဖြင့် ကျွန်တော့်ရဲ့ အမြင်အရ ၅ မျိုးဖွဲ့စည်း ဆောင်ရွက်ရပါမယ်။

(၁) ပုဂ္ဂလိကပိုင်လုပ်ငန်း၊

(၂) အသင်းအဖွဲ့ပိုင် လုပ်ငန်း၊

(၃) ကုမ္ပဏီပိုင်လုပ်ငန်း၊

(၄) ကော်ပိုရေးရှင်းလုပ်ငန်း၊

(၅) အများပိုင်ကုမ္ပဏီလုပ်ငန်း

ဖွဲ့စည်းပြီးတော့ စနစ်တကျ လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။ လွှဲပြောင်းတဲ့ အခါမှာလည်း အရှုံးများသော စက်ရုံ အလုပ်ရုံများနှင့် အရှုံးအမြတ် မရှိသောလုပ်ငန်းများကိုသာ ဦးစားပေး လွှဲပြောင်း ပေးသင့်ပါတယ်။ အမြတ်များသော လုပ်ငန်း စက်ရုံ အလုပ်ရုံများကိုတော့ အစိုးရပိုင်အနေနဲ့ ကာလ အမြတ်ရရှိသည် အထိ ထားရှိ ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံအခြေအနေအရ အများစုဆင်းရဲနေတာရယ်။ နိုင်ငံရေးစနစ်အရ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်ကို ကာလတစ်ခုအထိ မျှတအောင် ထိန်းကျောင်း ထားဖို့တော့ လိုအပ်ပါမယ်လို့ တွေးထင်မိပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ဒီလို လွှဲပြောင်းတဲ့အခါမှာလည်း တချို့ လုပ်ငန်းတွေက နိုင်ငံံ့ရဲ့ဂုဏ်သိက္ခာကို ဦးစားပေးတဲ့ အနေနဲ့ထားရှိရမှာ ဖြစ်ပါတယ်။ ဥပမာ - ရန်ကုန်မြို့မှာရှိတဲ့ တရား ရုံးချုပ်တို့၊ တိုင်းစုပေါင်းရုံးတို့ဟာ နှစ်ပေါင်း ၁၀၀ နီပါး ရှိပြီးဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခု အနေနဲ့လည်း ဖော်ပြလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုနိုင်ငံံ ဂုဏ်သိက္ခာကို တိုးတက်စေနိုင်တဲ့ အဆောက်အဦတွေ ကိုတော့ စဉ်းစား ချင့်ချိန်ပြီးတော့ ဒါကို ကျွန်တော့် အနေနဲ့ကတော့ နိုင်ငံပိုင်အနေနဲ့ပဲ ဆက်လက်ထားရှိ သင့်တယ်လို့ ကျွန်တော် အကြံပြုလိုပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ပြောင်းလဲတဲ့အခါမှာ စနစ်တကျ ပြောင်းလဲဖို့တော့ လိုအပ်မယ် ထင်ပါတယ်။ တစ်ဖက်ကို လွှဲပြောင်းဖို့ဆိုတာက စနစ်တကျ လွှဲပြောင်းမှ လွှဲပြောင်းတဲ့သူလည်း အကျိုးရှိမယ်။ လွှဲပြောင်းခံရတဲ့သူလည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ လွှဲပြောင်းတဲ့အခါမှာ ပထမနှစ်မှာ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ လက်ရှိစက်ရုံ အလုပ်ရုံတွေရဲ့ တန်ဖိုးကို စနစ်တကျ ကော်မရှင်တွေနဲ့ စိစစ်ပြီးတော့ တွက်ချက်ဖို့ လိုပါတယ်။ ပြီးတော့ ဘာကြောင့် ရှုံးရတယ်ဆိုတဲ့ စာတမ်းစနစ်တကျ တည်ဆောက်ထားဖို့လိုပါတယ်။ နောက်အမြတ်ရရှိ အောင်ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ အကြံပြုချက်တွေ လုပ်ပေးထားရပါမယ်။  ဒါမှ လည်းတစ်ဖက်က လွှဲပြောင်းတဲ့လူဟာ တစ်ခါတည်း လုပ်ငန်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒုတိယအဆင့်ကတော့ ပူးပေါင်း ထိန်းကျောင်းပေးဖို့ လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ စက်ရုံအလုပ်ရုံတွေမှာ ဝန်ထမ်းတွေရဲ့ အကြောင်း၊ ဝန်ထမ်းတွေရဲ့ အနာဂတ်ကိစ္စ၊ ပင်စင်ပေးဖို့/ မပေးဖို့၊ ဆက်ပြီးတော့ ဒီဝန်ထမ်းတွေနှင့် လက်တွဲဖို့/မတွဲဖို့။ ဒီအချက်တွေလည်း ဒုတိယအဆင့်မှာ စဉ်းစားထား ရမှာဖြစ်ပါတယ်။ တတိယ အဆင်‌့ကတော့ ဒီအပြီးအပြတ် လွှဲပြောင်းဖို့ကိစ္စမှာ ကူညီပံ့ပိုးပေးဖို့လိုပါ တယ်။ လိုအပ်ရင်လည်း တချို့ လုပ်ငန်းတွေက ချေးငွေထုတ်ပေးဖို့ လိုအပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်မို့လို့ စနစ်တကျ လွှဲပြောင်းဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ လွှဲပြောင်းတဲ့အခါမှာ လည်း စီးပွားရေး အဖွဲ့အစည်းတွေ ရှုံးရင်လည်း နိုင်ငံရှုံးတာပါပဲ။ တိုင်းပြည်စီးပွားရေး တိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေး စနစ်ဖြစ်ပေါ်ဖို့အတွက် ၃ နှစ်လောက်တွဲပြီးတော့ လုပ်သင်‌့တယ် လို့ကျွန်တော်ထင်ပါတယ်။ ဘာလို့တုန်း ဆိုတော့ တချို့လုပ်ငန်းတွေဟာ ပိုက်ဆံရှိပြီးတော့ ဒီဟာ တန်တယ်ဆိုပြီးတော့ လုပ်ငန်းတွဲလုပ်ပြီးတော့ ဒီလုပ်ငန်းကို ဖျက်ပြီးတော့ မြေရောင်းခဲ့ရတာမျိုးတို့ စက်ရုံခွာရောင်းတာမျိုးတို့ ဒီလိုမျိုးတွေသွား တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ လွှဲပြောင်းတဲ့ အခါမှာ ကိုယ်ဆီကနေပြီးတော့မှ နောက်လုပ်မယ့် လူကို စနစ်တကျ လွှဲပြောင်းဖို့က အထူးအရေးကြီး တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်ခင်ဗျား။

လေးစားရအပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပုဂ္ဂလိကလွှဲပြောင်းပေးမှုမှာ အရေးတကာ အရေးကြီးဆုံးကတော့ နိုင်ငံပိုင်ပစ္စည်းကို စနစ်တကျလေလွင့်ဆုံးရှုံးမှုမရှိအောင်လုပ် ဖို့လိုပါတယ်။ ကျွန်တော်တို့ အလှူပေးသလို အလှူ လက်ဖက်နဲ့ မျက်နှာလုပ်တာမျိုး မဖြစ်အောင် စနစ်တကျ လွှဲပြောင်းပေးဖို့ လိုအပ်ပါတယ်။ လွှဲပြောင်းတဲ့ အခါမှာလည်း လွှဲပြောင်းခံရသူ လက်ထဲမှာ စနစ်တကျ လွှဲပြောင်းပြီး ကာလတစ်ခုအထိ ထိန်းကျောင်းပြီးတော့ ကူညီပေးဖို့ လိုအပ်ပါတယ်လို အကြံပြုရင် နိဂုံးချုပ် အနေဖြင့် အဆိုပြုချက်အား သတိကြီးကြီးထားပြီး ဆောင်ရွက်ဖို့ လိုအပ်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ် ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။