Skip to main content

ဒေါ်တင်နွယ်ဦး၏ ဈေးကွက်စီးပွားရေး ပီပြင်ရေး အတွက် နိုင်ငံပိုင် အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂိလပိုင်ပြုလုပ်ရေးဆိုကို ဒေါ်စန္ဒာမင်းမှ ဆွေးနွေးခြင်း

ဒေါ်စန္ဒာမင်း(ဇမ္ဗူသီရိမဲဆန္ဒနယ်)။        ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှင်။ ကျွန်မကတော့ ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဒေါ်စန္ဒာမင်းဖြစ်ပါတယ်။ ကျွန်မက ဒီနေ့ တင်ပြချင်တာကတော့ ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ် ပေါ်လာရေးအတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ စက်ရုံအလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရန်နှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဖြင့် တိုင်းပြည်ရဲ့ စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် တိုက်တွန်းကြောင်းအဆိုကို ထောက်ခံတင်ပြ သွားမှာဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ တိုင်းပြည်ရဲ့စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အစိုးရရဲ့အခန်းကဏ္ဍ ပုဂ္ဂလိကရဲ့အခန်းကဏ္ဍတွေဟာ အလွန်အရေးကြီးပါတယ်။ ပြောင်းလဲနေသော ဈေးကွက်စီးပွားရေးနှင့် စီးပွာရေးအခြေအနေများနှင့် လိုက်လျော် ညီထွေစွာမူဝါဒတွေကို ချမှပေးရမှာဖြစ်တယ်။ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အခြေခံ မောင်းနှင်အားဟာ ပုဂ္ဂလိကအခန်းကဏ္ဍ ပဲဖြစ်ပါတယ်။ ကုန်စည်ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေးကို ဆောင်ရွက်ရာမှာ ပုဂ္ဂလိကအခန်းကဏ္ဍတွေဟာ အစိုးရထက် ပိုပြီးတော အောင်မြင်စွာ လုပ်ကိုင်နိုင်ပါတယ်။ အစိုးရဆိုတာကတော့ ပုဂ္ဂလိကအပါအဝင် စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် မူဝါဒတွေချမှတ်ပေးတဲ့ အလုပ်တွေ၊  အခွန်အကောက်ကောက်ခံရတဲ့ အလုပ်ကိုသာ လုပ်ဆောင်သင့်ပါတယ်။ သို့သော်လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များကို အထိန်းအကြောင်းမရှိ လွှတ်ထား ၍မရသကဲ့သို့ လုပ်ကိုင်၍ မရအောင်လည်း အသေးအဖွဲ့လေးတွေမှအစ အစိုးရကပါဝင်စွက်ဖက်မှု၊ တင်းကြပ်စွာထိန်းချုပ်မှုတွေကို ရှောင်ရှားသင့် ပါတယ်။ ဒါကြောင်‌့ ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဟာ အဓိကကျတဲ့ တွန်းအားတစ်ခုဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းအားဖြင့်  ရရှိလာမယ့်အကျိုးအမြတ်တွေ ကတော့ ဈေးကွက်လုပ်နည်း လုပ်ဟန်တွေတိုးတက်မှုရှိလာမယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာမယ်။  ဆင်းရဲမွဲတေမှု တွေလျော့ချလာနိုင်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့မြန်မာနိုင်ငံမှာ ပုဂ္ဂလိက ပိုင်ပြုလုပ်ရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းထားတယ်ဆိုတာကို ကျွန်မတို့သိရပါတယ်။ ဒီကော်မတီ အနေနဲ့လည်း အထွေထွေပုဂ္ဂလိကပိုင် ပြုလုပ်ရေးပေါ်လစီများလည်း ချမှတ်အကောင်အထည် ဖော်ခဲ့တယ်ဆိုတာကိုသိပါတယ်။

သို့သော် နိုင်ငံပိုင်လုပ်ငန်းတွေဖြစ်တဲ့  ကုန်ပစ္စည်းထုတ်လုပ်တဲ့ စက်ရုံတွေ၊ စားသောက် ကုန်ထုတ်သော စက်ရုံများ၊ ရုပ်ရှင်ရုံများ၊ ဆန်စက်များကို ပုဂ္ဂလိကပိုင်ပြုလုပ်လိုက်ရခြင်းဟာ အောက်ပါ ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်ပါတယ်။ (၁) နိုင်ငံတော်လျာထားငွေ လုံလောက်စွာမရရှိဘူး၊ (၂) လုပ်ငန်းတိုးချဲ့ရန် နိုင်ငံတော်မှ ငွေကြေးလုံလောက်စွာ မရရှိဘူး၊ (၃) ဒီစက်ရုံတွေဟာ အကြွေးတွေ တင်နေပါတယ်။ (၄) ထုတ်လုပ်မှုစွမ်းအား အပြည့်အဝ ဒီစက်ရုံတွေက ထုတ်လုပ်နိုင်ခြင်းမရှိပါဘူး။ (၅) ဝန်ထမ်းများရဲ့ စိတ်ဓာတ်စွမ်းအားတွေကျဆင်းနေပါတယ်။ စတဲ့အကြောင်းများကြောင့်လည်း အစိုးရပိုင် စက်ရုံများဟာ တစ်နှစ်ထက်တစ်နှစ် လက်တွေ့မှာ အရှုံးများပေါ်လာတယ်။ နောက်ဆုံးမှာတော့ ပုဂ္ဂလိကပိုင်အဖြစ်နဲ့ ပြောင်းလဲလိုက်ရမယ့် အခြေအနေကို ကြုံကြိုက်ခဲ့ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးရှင်။ ကျွန်မတို့မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အထက်ဖော်ပြပါ ပြဿနာပေါင်းများစွာနဲ့ ကြုံတွေ့နေရတဲ့စက်ရုံတွေကို ပုဂ္ဂလိကကိုလွှဲအပ်တယ်ဆိုလို့ရှိရင် အဲဒီပုဂ္ဂလိကအနေနဲ့ ဆက်လက်ပြီးတော့ ဒီအလုပ်ကို ဆက်လက်လွှဲပြောင်းယူမယ်ဆိုရင် ဆက်လက်ပြီးရှင်သန်နိုင်စွမ်းလည်းရှိရမယ်။ ယှဉ်ပြိုင် နိုင်စွမ်းလည်းရှိတဲ့ စက်ရုံများအဖြစ် ရရှိဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင် အဲဒီစက်ရုံတွေကို ပုဂ္ဂလိကပိုင် အဖြစ် လေလံဆွဲဝယ်ယူလိုက်ပေမယ့် စက်ရုံတွေကိုဖျက်ပြီး ‌မြေကြီးရောင်းစားရတဲ့ အ‌ခြေအနေများကိုသာ ကြုံတွေ့နေရပါတယ်။ စက်ရုံအလုပ်သမားတွေရဲ့ ဘဝဟာလည်း ကစဉ့်ကလျားဖြစ်ကုန်ရပါတယ်။ တချို့ဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စားသောက်ကုန်ထုတ်လုပ်နေတဲ့ အမှန်တတယ် ထုတ်လုပ်နိုင်မှု မရှိတော့ပေမယ့်လည်း ထုတ်လုပ်တဲ့ကိန်းဂဏန်းတွေကို မမှန်မကန် ဖော်ပြကြတယ်။ အဲဒီအတွက်လည်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှာ ကိန်းဂဏန်းအမှားတွေရရှိခဲ့သလို တိုင်းပြည်ရဲ့ GDP မှာလည်း  ကိန်းဂဏန်းအမှားတွေရရှိခဲ့ပါတယ်။ ဒီပုဂ္ဂလိကပိုင်လုပ်မယ့် စက်ရုံများကို ပုဂ္ဂလိကပိုင်လုပ်မယ်ဆိုရင် တော့ အမှန်တကယ် ရှင်သန်နိုင်စွမ်းလည်းရှိပြီး ဆက်လက်ယှဉ်ပြိုင်နိုင်စွမ်းလည်းရှိမယ့်စက်ရုံများကို သေသေချာချာစိစစ်ပြီးတော့ ရွေးချယ်ပေးအပ်လိုက်ဖို့ဟာအရေးကြီးပါတယ်။ ဒါမှသာ ၂၀၁၅ မှာ ရရှိလာမယ့် AFTA မှာ ကျွန်မတို့ ဆက်လက်ပြီးယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Futura Privatization Program ကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ရင် နိုင်ငံတော်ကို အထောက်အပံ့ပေးနိုင်မယ့်အပြင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိလာမှာဖြစ်ပါတယ်။ ဒါကြောင့် နိဂုံးချုပ် အနေနဲ့ ရှင်သန်နိုင်စွမ်းအားရှိပြီး ယှဉ်ပြိုင်နိုင်စွမ်းအားလည်းရှိသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများဖြစ်တဲ့ စက်ရုံအလုပ်ရုံများကို ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာပေါ်ပေါက်လာရေးအတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေမှာဖြစ်ကြောင်းအဆိုကို ထောက်ခံ တင်ပြလိုက်ရပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။