Skip to main content

ဦးကြည်သာ (ဂွမဲဆန္ဒနယ်)မှ ဒေါ်တီနွယ်ဦးတင်သွင်းသည့်အဆိုကို ဆွေးနွေးခြင်း

ဦးကြည်သာ(ဂွမဲဆန္ဒနယ်)။    ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ယနေ့ အစည်းအဝေးသို့ ကြွရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး၊ အထူးဖိတ် ကြားထားသော ဧည့်သည်တော်များအပေါင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။ ကျွန်တော့်အနေနဲ့ ဒေါ်တင်နွယ်ဦးရဲ့ အဆိုကို အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် အရှေ့က ကိုယ်စားလှယ် နှစ်ဦးကလည်း အတော်အသင့် ဆွေးနွေးသွားပြီ ဖြစ်ပါတယ်။ ဒီဈေးကွက် စီးပွားရေးစနစ်ကို ပြောင်းလဲတဲ့ Reform ဆိုတဲ့ လုပ်ရပ်တွေကို နှစ်ပေါင်းများစွာကပဲ လုပ်လာကြတာပါ။   ၁၉၅၀ ခုနှစ်က ဝန်ကြီးချုပ် ချာချီဟာ နိုင်ငံပိုင်စတီးကုမ္ပဏီကြီးကို အများပိုင်ကုမ္ပဏီ Public ကုမ္ပဏီအဖြစ် စတင်ပြောင်းလဲခဲ့ပါတယ်။ အဲဒီတော့ ပြောင်းလဲတိုင်းကောင်းသော အကျိုးရလဒ်များရှိသလို မရှိခဲ့တာတွေလည်း အများကြီး ရှိပါတယ်။ အမေရိကန်ပြည်ထောင်စုဖွားသည် ကယ်လီဖိုးနီးယားပြည်နယ်က အဖြစ်ပျက်လေးတစ်ခုကို နမူနာတင်ပြဆွေးနွေးလိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်ဟာ လူဦးရေ ၃၅ သန်း လောက်ရှိပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးအချက်အချာအလွန်ကျတဲ့နေရာ ဖြစ်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ စီးပွားရေးဟာ ကမ္ဘာမှာအဆင့်မှာ ကြည်‌့ရင်တောင် အဆင့် ၆ နေရာထိ စီးပွားရေးလုပ်ငန်းတွေ တော်တော် ကြီးမားတဲ့ပြည်နယ်တစ်ခုပါ။ လျှပ်စစ်စွမ်းအင်ဆိုရင် မဂ္ဂဝပ် ၅၃၀၀၀ အင်အား တပ်ဆင်ထားပါတယ်။ သူ့ရဲ့အများ လိုအပ်တဲ့ အင်အားကလည်း ၅၁၅၀၀ ခန့်ရှိပါတယ်။ ဒီကယ်လီဖိုးနီးယား ပြည်နယ်မှာ ကုမ္ပဏီကြီး ၃ ခု၊ Southern California Edison, Pacific Gas and Electric, San Diego Gas and Electric ကုမ္ပဏီကြီး ၃ ခုက ကယ်လီဖိုးနီးယားလျှပ်စစ်ဓာတ်အားရဲ့ သုံးပုံ နှစ်ပုံ ကို ဖြန့်ဖြူးပေးပြီးတော့ ကျန်တဲ့ ITP ခေါ်တဲ့ အသေးစားကုမ္ပဏီ ၄၀ က ကျန်တဲ့ လျှပ်စစ်ဓာတ်အား ကို ဖြန့်ဖြူးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်မှာ Reform တစ်ခုစမ်းလုပ်ပါတယ်။ ဒါကတော့ လျှပ်စစ်ကုမ္ပဏီတွေကို ဗဟိုက ချုပ်ကိုင်ထားတဲ့ နည်းစနစ်ကို Reeducate လုပ်ပြီးတော့ ကုမ္ပဏီတွေကို အပြိုင်အဆိုင် ရောင်းချခွင့်ကို ပေးလိုက်ပါတယ်။ အဲဒီ Reform မစခင်က  ကယ်လီဖိုးနီးယားပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တစ်ယူနစ်ကို ၉ အဆင့်ပဲ ရှိပါ တယ်။ ဒီနေ့ မြန်မာငွေနဲ့ဆို ၇၀ ကျော်လောက်ရှိမှာပါ။ အဲဒီလို Reform လုပ်လိုက်ခြင်းအားဖြင့် လျှပ်စစ်ဓာတ်အားနှုန်းထားများ တစ်ဝက်ခန့်ကျဆင်းသွားမယ်လို့ အများက မျှော်လင့်ခဲ့တဲ့အတွက် ကြောင့် ၁၉၉၈ ခုနှစ်မှာ ဒီ Reform ကို လုပ်ခဲ့ပါတယ်။ သက္ကရာဇ် ၂၀၀၀ မှာ ပြဿနာစဖြစ်ပါတယ်။ သက္ကရာဇ် ၂၀၀၀ မှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ မိုးခေါင်တဲ့အတွက်ကြောင့် ရေအားလျှပ်စစ်ပေးတဲ့ KV ဟာ ရေမပြည့်တဲ့အတွက်ကြောင့် ရေအားကဏ္ဍက လျှပ်စစ်သိပ်မပေးနိုင်ခဲ့ ပါဘူး။ အဲဒီအချိန်မှာ သဘာဝဓာတ်ငွေ့ gas နှုန်းဟာ ၄ ဆအထိ တက်သွားပါတယ်။ ၄ ဆအထိ တက်သွားတဲ့အတွက်ကြောင့် ကုမ္ပဏီတွေရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတန်ဖိုးက မြင့်လာတယ်။ အဲဒီလိုအရေး အကြောင်းဖြစ်လာတဲ့အခါ အရည်အချင်းသိပ်မရှိ၊ အင်အားမကောင်းတဲ့ ကုမ္ပဏီငယ်တွေဟာ ဓာတ်အားကွန်ယက်ကြီးကို ဝင်ကူညီမယ့်အစား ထွက်ပြေးကြပါတယ်။ အဲဒီတော့ ဓာတ်အားစနစ်ဟာ မနိုင်မနင်းတွေ ဖြစ်လာပြီးတော့ ဓာတ်အားပြတ်တောက်မှုတွေဖြစ်၊ နောက်ဆုံးအရင်က တစ်ယူနစ်ကို ၉ ဆင့်ကနေ တစ်ဝက်ခန့်လျော့ကျသွား မယ်လို့ထင်ခဲ့တဲ့ ဒီ Reform ကြီးဟာ တစ်ယူနစ်ကို တစ်ဒေါ်လာနှင့် ၄၀၊ ၁၄၀ ဆင့်အထိ ရောက်ရှိသွားပြီး ကမောက်ကမတွေ ဖြစ်သွားပါတယ်။ အဲဒီလိုဖြစ်သွားတဲ့နောက်ဆုံးမှာ ကုမ္ပဏီကြီး ၂ ခုဟာ သူတို့ဖြင့် Bankrupt ဖြစ်တော့မယ်။ ဘယ်လိုမှ မလုပ်နိုင်တော့ဘူးဆိုတဲ့ အတွက်ကြောင့် ကယ်လီဖိုးနီးယားပြည်နယ်အစိုးရဟာ ကြားဝင်ပြီးတော့ သူဟာဆောင်ရွက်ရတယ်။ ဘယ်လိုဆောင်ရွက်ရလဲဆိုရင် ရှုံးတဲ့ကိစ္စတွေကို ဘဏ်တွေကချေးပြီးတော့ ကြိုစိုက်ထုတ်ပြီးတော့ ပြန်ပြီးတော့ လူထုပုံမှန်ရအောင် လုပ်ခဲ့ရတဲ့သာဓကတွေရှိပါတယ်။ အဲဒီတော့ Reform လုပ်မယ်‌့ ပုဂ္ဂလိကပေးမယ့်ဆိုတာ ပုဂ္ဂလိကတွေမှာ ရှိသင့်ရှိထိုက်သော အရည်အချင်းတွေကော ရှိရဲ့လား။ ဒီဟာတွေကို စဉ်းစားဖို့လိုတယ်။ မရှိဘဲနဲ့ ကောင်းစေချင်လို့လုပ်ခါမှ အမေရိကန်ပြည် လို ပြည်ထောင်စုကြီးမှာ ဒီလိုကပြောင်းကပြန်တွေ ဖြစ်သွားခဲ့တဲ့ သာဓကတွေ ရှိရတဲ့အတွက်ကြောင့် ကျွန်တော်တို့ဟာ ………..  ဖြစ်ဖို့ ဥပဒေနှင့်ပတ်သက်လာရင် ထိန်းချုပ်မယ့်စနစ်ကို ကောင်း ကောင်းမွန်မွန်ပြုလုပ်ဖို့ အများကြီးလိုအပ်ပါသေးတယ်။ အောင်မြင်နေတဲ့သာဓကတွေပြောလို့ရှိရင် အနောက်ဂျာမနီနိုင်ငံက Volks Wagon Company ဟာ ယခင်ကနိုင်ငံပိုင် ကုမ္ပဏီပါ။ ၁၉၆၁ ခုနှစ်က သူကို အများပိုင်ကုမ္ပဏီပြုလုပ်ပြီးတော့  ယနေ့အထိအအောင်မြင်ဆုံး ကုမ္ပဏီဖြစ်နေပါတယ်။  ဂျပန်နိုင်ငံမှာ ဆိုရင်လည်း စာတိုက်လုပ်ငန်းဟာ ပြဿနာတွေဖြစ်ခဲ့တဲ့ အတွက်ကြောင့် ၂၀၀၃ ခုနှစ် ကလည်း ကုမ္ပဏီ (၄)ခုကို ခွဲဝေပြီးတော့ပေးမယ်ဆိုတာ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီးတော့ ၂၀၀၇ ခုနှစ်ကမှ လွှတ်တော်မှာ  ဥပဒေပြုပြဋ္ဌာန်းပြီး ဆောင်ရွက်နိုင်ခဲ့တာရှိပါတယ်။ အဲဒီတော့ ဆက်လက်ပြီး တင်ပြချင်တာက ဆိုရှယ်လစ်ကွန်မြူနစ်စနစ်ကနေ ပြောင်းလဲတဲ့ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှာ ဆိုရင်လည်း ဒီလိုဆိုရှယ်လစ်စနစ်မှ ဈေးကွက်စီးပွားရေး စနစ်ကို ‌ပြောင်းတဲ့အတွက်ကြောင့် သူတို့မှာ အတုယူဖွယ်ကောင်းတဲ့ သာဓက အများကြီးရှိပါတယ်။ ဥပမာဆိုပါတော့ တရုတ်ပြည်မှာဆိုရင် တချို့စက်ရုံတွေ ပုဂ္ဂလိကပိုင် လွှဲပေးတာမျိုးမလုပ်ဘဲနဲ့ စက်ရုံမှူးနှင့် စက်ရုံဝန်ထမ်းတွေကို လွှဲပေးလိုက်ပါတယ်။ သူတို့ပြောတာ Financial Independent လို့ ခေါ်ပါတယ်။ အဲဒီစက်ရုံမှူးနှင့် စက်ရုံလုပ်သားတွေကို နိုင်ငံပိုင်ဖြစ်တဲ့ သို့ရာတွင် သူရဲ့ငွေရေး ကြေးရေးကဏ္ဍလုံးဝထိန်းချုပ်မှုမရှိဘူး။ အဲဒီတော့ နိုင်ငံတော်ကပေးတဲ့ ဘတ်ဂျက်ကို သူကြိုက်သလို သုံး၊ လွတ်လွတ်လပ်လပ်ကုန်ထုတ်လုပ်မှုလုပ်၊ အောင်မြင်လို့ရှိရင် အောင်မြင်တဲ့ ဥပမာဆိုပါတော့ သူကုန်ထုတ်လုပ်မှုလျာထားချက်ထက် ပိုလာတဲ့အသီးအပွင့်မှန်သမျှကို အလုပ်သမားတွေနဲ့ စက်ရုံမှူး ကို ခွဲပေးတဲ့  Incentive ပေးတဲ့အခါမှာ တော်တော် အောင်မြင်လာတာ တွေ့ရပါတယ်။ ဒီထက် တစ်ဆင့်တိုးပြီး ဗီယက်နမ်နိုင်ငံတို့ကျတော့ ဒီစက်ရုံရှိ အလုပ်သမားတွေကိုပဲ သူက Incentive  ဘယ်လိုပေးလဲဆိုတော့ အကျိုးအမြတ်ပေးတယ်။ ရှယ်ယာပြန်ဝယ်ခိုင်းတယ်။ အဲဒီတော့  အလုပ်သမား ‌တွေက မိမိတို့တက်နိုင်သမျှနှင့် ရှယ်ယာတွေ ပြန်ဝယ်ကြ အဲဒီတော့ ဒီအလုပ်သမားတွေဟာ ဒီစက်ရုံက  အလုပ်သမားဖြစ်သလို ရှယ်ယာ Holder သည် ပိုင်ရှင်တစ်ခုဖြစ်လာတယ်။ အဲဒီအတွက်ကြောင့် သူရဲ့စိတ်မှာ ကြိုးစားမှု ပိုမိုပြီးသူရှိလာတယ်။  ရှိလာတဲ့အတွက်ကြောင့် ဒီစက်ရုံအောင်မြင်အောင် လုပ်လို့ရှိရင် ငါ့အကျိုးစီးပွားလည်း ဖြစ်တယ်ဆိုတဲ့ခံယူချက်နဲ့ လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီနေ့ အောင်မြင် ခဲ့တာတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး ဆိုရှယ်လစ်စနစ် နှစ်ပေါင်းအတော်ကြာဖြစ်တဲ့အတွက်ကြောင့် အပြင်ပုဂ္ဂလိကလောကမှာ အတွေ့အကြုံရှိတဲ့လူ ရှိသင့်သလောက်မရှိပါဘူး။ ခုတော့ အထိုက်အလျှောက်ရှိလာပြီး၊ အခုလည်းကြည့်ရင် ဒီနေ့ကုမ္ပဏီတွေမှာ အဓိကထားလုပ်နေတဲ့ အင်ဂျင်နီယာတို့၊ ဘာတို့ ဒီလူတွေဟာ နိုင်ငံတော်အစိုးရ ဘက်က ပင်စင်ယူသွားတဲ့လူတွေ အမာခံလုပ်နေရတာပဲ ဘယ်ကုမ္ပဏီကြည့်ကြည်‌့ အင်ဂျင်နီယာ လုပ်ငန်းဖြစ်ဖြစ်၊ ဆေးရုံလုပ်ငန်းဖြစ်ဖြစ် အတွေ့အကြုံရှိတဲ့လူတွေဟာ အစိုးရဌာနတွေမှာပဲ ရှိတာ။ နိုင်ငံပိုင်အခန်းကဏ္ဍ မအောင်မြင်ရခြင်းဟာ ဗဟိုချုပ်ကိုင်မှုများတဲ့အချက်အလက်တွေ လည်းပါပါတယ်။ လူတွေညံလို့တော့ ဆိုတဲ့ဥစ္စာ အထိုက်အလျောက်မှန်ချင်မှ မှန်ပါမယ်။ အဲဒီတော့ ဒီစနစ်ကို ဖြေးဖြေးချင်း ပြောင်းသွားခြင်းအားဖြင့် ညင်ညင်သာသာပြောင်းလဲသွားတဲ့စနစ်ဟာ ပိုမိုကောင်းပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ဒေါ်တင်နွယ်ဦးရဲ့အဆိုနှင့် ရည်ရွယ်ချက်တူတဲ့အဆိုတစ်ခုကို တွံတေး မဲဆန္ဒနယ်မှ ဦးစိုးသာက တင်သွင်းထားပါတယ်။ ဒုတိယပုံမှန်အစည်းအဝေးမှာ ဖြစ်ပါတယ်။ ဦးစိုးသာ တင်ပြတဲ့အဆို ခေါင်းစဉ်က နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် လက်ရှိအ‌ခြေအနေနှင့် ကိုက်ညီသော နိုင်ငံပိုင်လုပ်ငန်းများ၊ နိုင်ငံပိုင်ကုမ္ပဏီများပေါ်ထွန်းရန် လေ့လာဆန်းစစ်မှုများ ပြုလုပ်ပြီး လိုက်လျောညီထွေရှိသော နိုင်ငံတော် ဘတ်ဂျက်စနစ်ကောင်းတစ်ခု ွဖစ်ထွန်းလာမည့် နည်းလမ်းများအား လွှတ်တော်သို့ တြင်ပရေးအဆိုကို   ဦးစိုးသာအနေနဲ့ ၂၀၁၁ ခုနှစ်၊ အောက်တိုဘာ လ ၁၇ ရက်နေ့မှာ တင်သွင်းခဲ့ပါတယ်။ ဦးစိုးသာရဲ့တင်သွင်းချက်အရဆိုရင် မြန်မာနိုင်ငံမှာ ဝန်ကြီး ဌာန ၃၃ ခုရှိတဲ့အနက် စီးပွားရေး နှင့်ဆိုင်တဲ့ဝန်ကြီးဌာန ၁၉ ခုရှိပါတယ်။ အဲဒီ ၁၉ ခုမှာမှ စီးပွားရေး လုပ်တဲ့လုပ်ငန်းကြီး ၅၁ ခုရှိပါ တယ်။ အဲဒီတော့ ဦးစိုးသာရဲ့တင်ပြချက်အရ တချို့လုပ်ငန်းတွေဟာ၊ တချို့စက်ရုံတွေဟာ စောစောက ကိုယ်စားလှယ်တစ်ယောက် ဆွေးနွေးသလို အမြတ်ရှိတာရှိတယ်၊ တချို့အမြတ်မရှိဘူး။ တချို့ရှုံးနေတယ်။ ဦးစိုးသာရဲ့ တင်ပြချက်က ပထမအဆင့်၊ဒုတိယအဆင့်၊ တတိယအဆင့် အဆင့် ၃ ဆင့် ခွဲပြီးတော့ ပထမဦးဆုံး အကျိုးအမြတ်ရနေတဲ့ စက်ရုံနှင့်လုပ်ငန်းတချို့ကို ပထမဦးစားပေးအနေနဲ့ လေ့လာဆန်းစစ်ပြီးတော့ ပုဂ္ဂလိကပိုင်လုပ်ဖို့ မလိုပါဘူး။ နိုင်ငံပိုင်အခန်း ကဏ္ဍအနေနဲ့ အောင်မြင်အောင်လုပ်။ ငွေလိုလို့ရှိရင် နိုင်ငံတော်က ငွေချေးပေးမယ်။ ဒီလိုစနစ်နဲ့သွားမယ်။ ဒုတိယ၊ တတိယ အဆင့်အဆင့်တွေလုပ်ပြီးတော့ ဖြေးဖြေးချင်းဆောင်ရွက်ခြင်းအားဖြင့် အသွင် ကူးပြောင်းတဲ့အခါမှာ ချောချောမွေ့မွေ့ဖြစ်အောင် ကူးပြောင်းမယ်ဆိုပြီးတော့ ဦးစိုးသာက အဆိုတင် သွင်းခဲ့ပါတယ်။ အဲဒီတော့ ကမ္ဘာမှာရှိတဲ့ ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများမှာ နိုင်ငံပိုင် စီပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာဖို့ ပြည်သူများလိုအပ်သော ဝန်ဆောင်မှုလုပ်ငန်းများ Service တိုးချဲ့ ဖြည့်ဆည်းနိုင်မှုပုံစံကို ကြည့်ရှုပါက ပထမအဆင့်တွင် နိုင်ငံပိုင်လုပ်ငန်းကို နိုင်ငံတော် ၏ ဘတ်ဂျက် ၁၀၀ ရာခိုင်နှုန်းဖြင့် ဆောင်ရွက်ပြီး ၎င်းမှ နိုင်ငံတော်ပိုင် Board of Corporation နိုင်ငံပိုင်ကုမ္ပဏီ အစုရှယ်ယာ အများစုဝင်ထားသည့် ကုမ္ပဏီ နိုင်ငံမှ ရှယ်ယာအများ ဆုံးယူထားသည့် အများပိုင်ကုမ္ပဏီ Public ကုမ္ပဏီစသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်မှုဖြစ်စဉ်ကို ဆောင်ရွက် မယ်ဆိုပြီးတော့ အဆိုရှင် ဦးစိုးသာက တင်ပြထားပြီးဖြစ်ပါတယ်။ အဲဒီတော့ ဦးစိုးသာရဲ့တင်ပြမှုကို နိုင်ငံတော်က စနစ်တကျဆောင်ရွက်နေပြီဆိုရင် ဒေါ်တင်နွယ်ဦးရဲ့အဆိုဟာ မှတ်တမ်းတင်ရုံးမှ လွဲလို့တခြား ဆောင်ရွက်လို့ လိုကောင်းမှ လိုမယ်လို့ ထင်မိပါတယ်။ အဲဒီတော့ နိဂုံးချုပ်အနေအားဖြင့် ပြောရမယ့်ဆိုရင် ကျွန်တော်တို့မှာ နိုင်ငံအနှံ့အပြားက အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ နိုင်ငံပိုင်ပစ္စည်းကို ပုဂ္ဂလိကလက်ထဲကို အပြီးအပိုင်လွှဲပြောင်းခြင်းဟာ မသမာမူတွေ Corruption and Bribery အများကြီးဖြစ်တယ်ဆိုတာ အခြားနိုင်ငံနှင့် လက်တင် အမေရိကားနိုင်ငံမှာ အမြောက်အမြား သာဓကတွေ တွေ့ရပါတယ်။ ဒီအချက်အလက်တွေကိုလည်း ကျွန်တော်တို့ ဂရုပြုရမည်ဖြစ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ပြောရမှာဆိုလို့ရှိရင် ညင်ညင်သာသာနဲ့ ကူးပြောင်းပေးဖို့ အောင်မြင်အောင် ကောင်းသွားချင်တယ်ဆိုရင်တော့ ဒီပြီးခဲ့တဲ့ အောက်တိုဘာလ၊ ၁၇ ရက်နေ့က ဦးစိုးသာတင်သွင်း သွားတဲ့အဆိုအတိုင်း ညင်ညင်သာသာနှင့် ပြောင်းလဲရေးလမ်းစဉ်ကို လိုက်နာဆောင်ရွက်ခြင်းဟာ ပိုမိုကောင်းမွန်ပါတယ်လို့ တင်ပြရင် နိဂုံးချုပ်အပ်ပါတယ်။