Skip to main content

ဦးဖြိုးမင်းသိန်းမှ တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ် ရုံများ ပြန်လည် ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုကိုဆွေးနွေး

ဦးဖြိုးမင်းသိန်း(လှည်းကူးမဲဆန္ဒနယ်)။။ လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ပြည်ထောင်စု အဆင့်ဝန်ကြီးများ၊ ဖိတ်ကြားထားသော ဧည့်သည် တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတင်သွင်းထားသော တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေး စနစ်ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ် ရုံများ ပြန်လည် ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးဆောင်ရွက်ရန် တိုက်တွန်းကြောင်းအဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ခင်ဗျား။ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဟာ ဈေးကွက်စီးပွားရေးမူအရ ကောင်းမွန်သော အဆိုဖြစ်ပါတယ်။ Budget လိုငွေပြမှုပမာဏမြင့်မားသော အမျိုးသားလုံခြုံရေးကို မထိခိုက်စေနိုင်သော နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကလွှဲပြောင်းပေးသင့်ပါတယ်။ သို့သော် တချို့လုပ်ငန်းများမှာ အရှုံးပေါ်သော်လည်း ပုဂ္ဂလိက လွှဲပြောင်းပေးလို့မသင့်ပါဘူး။ နိုင်ငံတော်က တကယ်ကိုလိုအပ်တဲ့ လုပ်ငန်းများကို အစိုးရက အရှုံးခံပြီး လုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။ အစိုးရအနေဖြင့် ထုတ်လုပ်ရန်မလို အပ်သော ဥပမာ ထီး၊ ဖိနပ်စသည့်လုပ်ငန်းများကို မဖြစ်မနေပုဂ္ဂလိကပိုင် လွှဲပြောင်းပေးဖို့ လိုအပ်ပါ တယ်။ အစိုးရအနေဖြင့် ထုတ်လုပ်ရန်မလိုအပ်သော ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်းဟာ တိုင်းပြည် လိုငွေပြမှုကို ပို၍မြင့်မားစေပြီး နိုင်ငံတော်နှင့်နိုင်ငံသားများကို အကျိုးမရှိစေပါဘူး။ ပုဂ္ဂလိကပိုင်ပြု လုပ်တဲ့နေရာမှာ သတိပြုသင့်တဲ့အချက် ၈ ချက်လောက်ကို တင်ပြချင်ပါတယ်။ (၁) ကုန်ထုတ်လုပ်မှုမှာ အကျိုးသက် ရောက်မှု Efficiency ဘယ်လောက်မြင့်လာသလဲ။ (၂) ပုဂ္ဂလိကပိုင်ပြုလုပ်လိုက်တဲ့ အတွက် စက်မှုလုပ်ငန်း သို့မဟုတ် စီးပွားရေးလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုပမာဏ မြင့်လာနိုင်သလား။ နိမ့်သွားနိုင်သလား။ (၃) ပုဂ္ဂလိကပြောင်းလဲပေးလိုက်တဲ့ လုပ်ငန်းများရှိအလုပ်သမားများရဲ့ လူမှုဘဝ မြင့်မားလာနိုင်သလား။ နိမ့်ကျသွားနိုင်သလား။ (၄) တိုင်းပြည်ရဲ့ ဘဏ္ဍာရေးဝင်ငွေမြင့်လာနိုင်သလား။ နိမ့်သွားနိုင်သလား။ (၅) တိုင်းပြည်ရဲ့ ဘဏ္ဍာရေးလိုငွေပြမှုကိုဖြေရှင်းတဲ့ မဟာဗျူဟာကို ဘယ်လောက် ထောက်ပံ့ပေးနိုင်မလဲ။ (၆) တိုင်းပြည်ရဲ့ သွင်းအားစုစရိတ်တွေ မြင့်လာမလား။ နိမ့်သွားနိုင်မလား။ (၇) ပြည်တွင်းသွင်းကုန် ဘယ်လောက်လျော့ကျသွားနိုင်သလဲ။ ပြည်ပကိုပို့ကုန်ဘယ်လောက် တိုးလာနိုင် သလဲ။ (၈) အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်တိုးလာမလဲ စသည့်အချက်တွေကို သေသေ ချာချာ ချိန်ထိုးစဉ်းစားခြင်းအားဖြင့် ပုဂ္ဂလိက လွှဲပြောင်းပေးရာမှာ အမှားနည်းသွားမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက လွှဲပြောင်းပေးတဲ့ လုပ်ငန်းသည် လွှဲပြောင်းပေးလိုက်တဲ့ လုပ်ငန်းရှင်ရဲ့ လက်ထဲမှာလည်ပတ် နေတဲ့ ကာလတွင် ပုဂ္ဂလိက မလွှဲပြောင်းခင်ကထက် ပိုမိုကေင်းမွန်ဖို့လိုအပ်ပါတယ်။

          ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ခင်ဗျား။ ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အထိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများနှင့် နိုင်ငံပိုင်သိမ်းယူထားသော အဆောက်အဦများကို ပုဂ္ဂလိကလွှဲပြောင်းပေးခဲ့သော်လည်း အခုအထိ ဘဏ္ဍာရေးလိုငွေပြမှုဟာ များပြားနေတာကို တွေ့မြင် ရမှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂလိက လွှဲပြောင်းပေးစဉ်ကာလက သေချာစွာ လေ့လာဆန်းစစ်မှုအားနည်း ခြင်းရဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ နိုင်ငံပိုင်စက်မှုလုပ်ငန်း၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းဆိုပေမယ့် အမှန်တကယ်တော့ ပြည်သူလူထုရဲ့  ပိုက်ဆံနေဲ့ အကောင်အထည် ဖော်ထားတဲ့ အဆောက်အဦတွေ၊ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တိုင်းပြည်ဘဏ္ဍာရေးလိုငွေပြမှု များပြားလာသောကြောင့် ဘဏ္ဍာငွေ ဖြည့်တင်းရန် နိုင်ငံပိုင်စက်မှုလုပ်ငန်းများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိက လွှဲပြောင်း ပေးခြင်းနည်းဖြင့် ဖြေရှင်းရာမှာ ဘေးထွက်ဆိုးကျိုးများအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေး ဖောင်းပွလာမှု၊ ကုန်ထုတ်လုပ်မှုစရိတ်မြင့်တက်လာမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ လျော့ နည်းလာနိုင်ပါတယ်။ အလုပ်လက်မဲ့များပြားလာနိုင်ပါတယ်။ အလုပ်လက်မဲ့များပြားခြင်းကြောင့် တစ်ဦးချင်း စားသုံးနိုင်မှုနိမ့်ကျလာခြင်းနှင့်အတူ တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်သည်ထက် နက်ပြီး ပြဿနာများနှင့် ရင်ဆိုင်လာရနိုင်ပါတယ်။ ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုစရိတ်ရှုံးနိမ့်ခြင်းကြောင့် ပုဂ္ဂလိက လွှဲပြောင်းပြီးနောက်ပိုင်း ထိုလုပ်ငန်းရဲ့အခြေအနေကို ထိန်းညှိနိုင်ခြင်းမရှိဘူးဆိုလျှင် ပုဂ္ဂလိက လွှဲပြောင်းပေးခြင်း မဟုတ်ဘဲ လက်ဆောင်ပေးခြင်း သဘောမျိုးဖြစ်နေနိုင်ပါတယ်။ ပုဂ္ဂလိက လွှဲပြောင်းခြင်းတွင် နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများကို ပြန်လည်ဖွဲ့စည်းတဲ့ပုံစံနှင့်လည်း ဆောင်ရွက် နိုင်ပါတယ်။ ပုဂ္ဂလိကပိုင်လို့ အပြီးလွှဲအပ်တာမျိုးမဟုတ်ဘဲ Ownership ပုံစံနှင့်လွှဲတာမျိုး အစိုးရ ပိုင်လုပ်ငန်းဆိုပေမယ့် ရှုံးလျှင် အစိုးရက စိုက်ထုတ်ရတာမရှိဘဲ ပုဂ္ဂလိကကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ပေးထားခြင်းနှင့် ရရှိတဲ့အကျိုးအမြတ်ကို အစိုးရကို ခွဲဝေခံစားခွင့်ပေးတဲ့ ပုံစံနဲ့လည်း ပုဂ္ဂလိက လွှဲပြောင်းပေးခြင်းပုံစံကို ဆောင်ရွက်နိုင်ပါတယ်။

          လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ခင်ဗျား။ နောက်ဆုံးအနေနဲ့ တင်ပြချင် တာကတော့ ၂၀၀၈ ခုနှစ်မှ ၂၀၁၀ အထိ ပုဂ္ဂလိက ပိုင်ပြုလုပ်ခဲ့တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ စုစုပေါင်း ၃၅၆ ခု၊ အိမ်ခြံမြေစုစုပေါင်း ၁၄၇ ခု၊ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၂၄၆ ခု၊ နိုင်ငံပိုင် အဆောက်အဦ ၃၂ ခုရှိတယ်လို့ စာရင်းဇယားများအရ သိရှိရပါတယ်။ နိုင်ငံပိုင် ဆိပ်ကမ်းများဖြစ်တဲ့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ဗိုလ်တစ်ထောင်ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း၊ အလုံဆိပ်ကမ်း၊ ဗိုလ်တစ်ထောင်သံလျှက်စွန်းဆိပ်ကမ်းများကိုလည်း ပုဂ္ဂလိကပိုင်ပြုလုပ် ခဲ့ပြီး ဖြစ်ပါတယ်။ ယင်းသို့လွှဲပြောင်းပြီး နောက်ပိုင်းအခြေအနေအထိ Budget လိုငွေပြမှုပမာဏဟာ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် တရားဝင်ထုတ်ပြန်ချက်အရ ကျပ်သန်းပေါင်း ၂ သန်းကျော် အလွန်များပြား လှတဲ့ ဘဏ္ဍာရေးလိုငွေပြမှု ဖြစ်ပါတယ်။ ထို့အတွက် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကလွှဲပြောင်းခြင်း ကြောင့် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် ဘာတွေအကျိုးရှိခဲ့ပါသလဲ၊ ဘယ်သူတွေအကျိုးရှိခဲ့ပါ သလဲ၊ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်မှု တကယ်မြင့်မားလာပါသလား မေးစရာဖြစ်လာပါတယ်။ ဒီအချက် တွေဟာ အရေးကြီးတဲ့အချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိက လွှဲပြောင်း ပေးရာမှာ ပြည်သူ့လွှတ်တော်အနေဖြင့် ပွင့်လင်းမြင်သာသော၊ တာဝန်ယူမှုရှိသော ကော်မတီတစ်ရပ် ဖွဲ့စည်း၍ ထိန်းညှိစောင့်ကြပ် ဆောင်ရွက်ပေးသင့်ပါတယ်။ ဒီလိုဆောင်ရွက်မှသာ ပြည်သူလူထု အနေဖြင့် ပုဂ္ဂလိက လွှဲပြောင်းပေးလိုက်သည့် လုပ်ငန်းများ၏လွှဲပြောင်းရခြင်းနှင့် လွှဲပြောင်းပြီး နောက်ပိုင်း အခြေအနေ၊ တိုင်းပြည်ရဲ့စီးပွားရေး အခြေအနေမှန်ကိုလည်း သိရှိနေနိုင်မှာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးတင်သွင်းသော တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်း ရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရန်တိုက်တွန်းကြောင်းအဆိုကို လေးလေးနက်နက် ထောက်ခံအပ်ပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။