Skip to main content

ဦးအုန်းကြိုင်(မဟာအောင်မြေမဲဆန္ဒနယ်)မှ ဆွေးနွေးခြင်း

ဦးအုန်းကြိုင်(မဟာအောင်မြေမဲဆန္ဒနယ်)။ ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကြွရောက်လာကြတဲ့ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးအဆိုတင်ထားသော တိုင်းပြည်စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်ရေးအတွက် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရန်တိုက်တွန်းကြောင်းအဆိုကို အကြံပြု ချက်များနှင့် ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ရှေ့ကကိုယ်စားလှယ်ကြီးများလည်း ပြည့်ပြည့် စုံစုံဆွေးနွေးသွားပြီဖြစ်လို့ အကျဉ်းချုံးပဲ တင်ပြပါမယ်။

လေးစားအပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။   ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီ ပြောင်းလဲမှုမှာ ပိုမိုအရှိန်မြင့်လာစေဖို့အတွက် စီးပွားရေးအလျင်အမြန်ဖွံ့ဖြိုးတိုးတက်ဖို့လည်း ကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။ ဒီရည်မှန်းချက်အတွက် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်ဘဏ္ဍရေးမှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကသို့ အမြန်ဆုံးလွှဲပြောင်းပေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒီနေရာမှာ မှန်မှန်ကန်ကန်ပြောင်းပေးနိုင်ဖို့ အထူးလိုအပ်လျက်ရှိတယ်ဆိုတာ လည်း ရှေ့ကကိုယ်စားလှယ်ကြီးများလည်း ဆွေးနွေးသွားပြီးဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရာမှာ ပထမဆုံးရလာမယ့် အကျိုးရလဒ်ကတော့ ဘတ်ဂျက်ဝင်ငွေတိုးလာ မှာပဲ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒါကို  အာရုံစိုက် မနေသင့်ပါဘူး။ နိုင်ငံတော်ရဲ့စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဦးတည်ချက်ထားပြီးတော့ ပြောင်းလဲမှာ ဖြစ်ပါတယ်။  ဝင်ငွေများများရရှိ အောင်ထက် စွမ်းဆောင်အမြင့်မားဆုံးရှိရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂလိကပိုင် လွှဲပြောင်းရာမှာ ထားရှိရမယ့် ရည်ရွယ်ချက်များကတော့ (၁)        စီးပွား‌ရေးတွင် အစိုးရက တိုက်ရိုက်ပါဝင်မှုအတိုင်းအတာ လျှော့ချနိုင်ရေး၊ (၂)      နိုင်ငံပိုင်လုပ်ငန်းများကြောင့် အစိုးရအပေါ်ပိနေ တဲ့ ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး များကို လျှော့ချပစ်ရေး၊ (၃) အကန့်အသတ်ဖြင့်ရှိနေတဲ့ နိုင်ငံပိုင်အရင်း အမြစ်များကို အကျိုးအရှိဆုံးနှင့် အထိရောက်ဆုံးသုံး စွဲနိုင်ရေး၊ (၄) လွတ်လပ်မျှတစွာပြိုင်ဆိုင်မှု တိုးမြင့်လာရေး၊ (၅) အရင်းအနှီးဈေးကွက်တိုးတက်ထွန်းကားလာရေးတို့ကို အထောက်အကူဖြစ်စေ ရေးတို့ ဖြစ်ရပါမယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။          နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပုဂ္ဂလိက အသွင်ပြောင်းခြင်း အောင်မြင်မှု၊ မအောင်မြင်မှုအပေါ်မှာ ကျွန်တော်တို့တည်ဆောက်နေတဲ့ ဈေးကွက်စီးပွားရေးအောင်မြင်မှု၊ မအောင်မြင်မှုဆိုတာ တိုက်ရိုက်တည်နေမှာဖြစ်ပါတယ်။ တစ်ခါ ပုဂ္ဂလိကအသွင်ပြောင်းခြင်း အောင်မြင်ဖို့ဆိုတာကလည်း စီးပွားရေးလွတ်လပ်မျှတစွာ လုပ်ကိုင်ခွင့် နှင့်ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုများ၊ မလိုလားအပ်တဲ့ ထိန်းချူပ်မှုများကို ဖယ်ရှားခြင်းနှင့်သက်ဆိုင် တဲ့ Micro စီးပွားမူဝါဒများပေါ်တွင် များစွာတည်နေပါတယ်။ ပုဂ္ဂလိကသို့လွှဲပြောင်းပေးမှုဆိုင်ရာ မူဝါဒ များ ဆီလျော်မှန်ကန်မှုရှိပြီးတော့ ထိန်းကျောင်းပေးနိုင်မှု၊ စီမံခန့်ခွဲမှုစွမ်းရည် ကောင်းမွန်ထက်မြက် လာတာနှင့်အမျှ ဝင်ငွေခွဲဝေဖြန့်ဖြူးမှုမျှတရေးဆီကို အလိုအလျောက်ဦးတည်လာပါလိမ့်မယ်။ အဲသလို ဆိုရင်တော့ စင်္ကာပူနှင့် မလေးရှားတို့မှာရတဲ့ ကောင်းတဲ့အတွေ့အကြုံတွေ ကျွန်တော်တို့နိုင်ငံမှာ လည်း လူလတ်တန်းစား ဦးရေတိုးပွားလာတဲ့အထိ ထင်ရှားတဲ့အကျိုးရလဒ်တွေ ရလာမှာပါ။ နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့လွှဲပြောင်းပေးခဲ့တဲ့ အချို့နိုင်ငံများရဲ့ အတွေ့အကြုံကို မူတည်ပြီးတော့  ကမ္ဘာ့ဘဏ်က လေ့လာသုတေသနပြုတဲ့အခါ မှာ ယေဘုယျအားဖြင့် အောက်ပါအကျိုးကျေးဇူးတွေ ရလာမယ်လို့ ဖော်ပြပါတယ်။ (က) ကုန်ထုတ်စွမ်းအား သိသိသာသာတိုးမြှင့်လာမှု၊ (ခ) အရောင်း တွင်ကျယ်လာမှု၊ (ဂ) ရင်းနှီးမြှပ်နှံမှုတိုးပွားလာမှုနှင့် ပုံသဏ္ဍာန်ကောင်းမွန်လာမှု၊ (ဃ) ပစ္စည်းမျိုးစုံ ပြောင်းလဲထုတ်လုပ်လာနိုင်မှု၊          (င) လုပ်ခလစာနှင့် ဆုကြေးများ တိုးတက်လာရရှိလာနိုင်မှုတို့ ဖြစ်ပါ တယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကကြီးခင်ဗျား။ နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ပုဂ္ဂလိကသို့လွှဲပြောင်းပေးရာမှာ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခြင်း၊ ပုဂ္ဂလိကသို့ငှားရမ်းခြင်း၊ လုပ်ငန်းစဉ်ဆက်မပြတ်စေပဲ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်း၊ အစီအစဉ်များချပြီးတော့ အဆင့်ဆင့် လွှဲပြောင်းပေးခြင်း လုပ်ငန်းများကို Corporate  အသွင်ပြုပြင်ဖွဲ့စည်းပြီးတဲ့နောက်မှ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခြင်းစတဲ့ နည်းလမ်းများစွာကို ကျင့်သုံးဆောင်ရွက်ရလေ့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ကြုံတွေ့ရနိုင်တဲ့ ခက်ခဲနက်နည်းတဲ့ စီးပွားရေးပြဿနာတွေလည်း ရှိလာနိုင်မှာ မလွဲပါဘူး။ အဲဒီလို စီးပွားရေးပြဿနာတွေကို ကျော်လွှားနိုင်ဖို့အတွက်ဆိုရင်တော့ အဓိကအားဖြင့် စီးပွားရေး လုပ်ငန်း များ အားလုံးတစ်ပြေးညီသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတူညီတဲ့ အခွင့်အလမ်းများနှင့် တန်းတူ ရည်တူ ပြိုင်ဆိုင်မှုရှိသော ဈေးကွက်ဖြစ်ပေါ်ရေး၊ ဈေးကွက်များကောင်းမွန်စွာ လည်ပတ်အောင် လုပ်ဆောင်နိုင်ရေးကို အလေးပေးဆောင်ရွက်ရန်လိုအပ်ပါတယ်။ ပွင့်လင်းမြင်သာရှိမှု၊ အားလုံးတန်းတူ ရည်တူပါဝင်ခွင့်ရရှိတဲ့ ပြင်ညီစီးပွားရေးဝန်းကျင်နှင့် စွမ်းရည်ထက်မြက်ရေးကို အားပေးတဲ့မူဝါဒများ အဓိကလိုအပ်ပါတယ်။ အားထားနိုင်လောက်သော ထိန်းကျောင်းရေးအဖွဲ့အစည်းများ ထူထောင်ပြီး ပွင့်လင်းရိုးသားသော မူဝါဒများနှင့် ချမှတ်လုပ်ကိုင်ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာပြောရ ရင် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလမှာ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စီးပွားရေးလုပ်ငန်း ၇၆ ကို ရောင်းချရေးအတွက် အဆိုပြုလွှာများခေါ်ခဲ့တယ်ဆိုတာကို ကြားရပါတယ်၊ တွေ့ရပါတယ်။ ရောင်းချ တဲ့ လုပ်ငန်းဘယ်လောက်ရှိလဲ၊ ရရှိတဲ့ငွေပမာဏ၊ ဝယ်ယူတဲ့ပုဂ္ဂိုလ်က ဘယ်သူလဲ၊ ဘယ်အဖွဲ့အစည်း က ဝယ်တာလဲ၊ လုပ်ငန်းဆက်လက်လုပ်ကိုင် ခြင်း ရှိ၊ မရှိ ဘာမျှထပ်မကြားရတော့ပါဘူးခင်ဗျား။

          လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ မည်သို့ပင် ဖြစ်စေ ကျွန်တော်တို့ နိုင်ငံဟာ ဈေးကွက်စီးပွားရေးအောင်မြင်အောင် လုပ်ကြရမှာ ဖြစ်တဲ့အတွက်ကြောင့် ဒဂုံမြို့သစ် မြောက်ပိုင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦး တင်ပြထားသော တိုင်းပြည် စီးပွားရေးတိုးတက်မှုကို အကျိုးပြုစေရန် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွဲ့စည်းရေးနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကိုဖော်ပြပါအကြံပြုချက်များနှင့်အတူ ထောက်ခံပါကြောင်း တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။