Skip to main content

ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ Migration Workers များရဲ့ ဘဝ အာမခံချက်နှင့် လုံခြုံမှုရရှိရေးအတွက် Migration Policy ချမှတ် ဆောင်ရွက်နိုင်ပါရန် အဆိုတင်သွင်း

ဦးဌေးဦး(ဟင်္သာတမဲဆန္ဒနယ်)။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည်‌့သည်တော်များခင်ဗျား။ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့်ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းများ တောင်းရင်း နှုတ်ခွန်းဆက်ဂါရဝပြု အပ်ပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦး ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ကဖွဲ့စည်းပေးထားတဲ့ နိုင်ငံသား များ၏မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ ကျွန်တော်တင်ပြမည့် ကိစ္စကတော့ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင် နေကြသော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားများ Migration Workers များရဲ့ ဘဝအာမခံချက်နှင့် လုံခြုံမှုရရှိရေးအတွက် Migration Policy ချမှတ် ဆောင်ရွက်နိုင်ပါရန် အဆိုတင်သွင်းလိုခြင်း ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မြန်မာ အလုပ်သမားတွေဟာ အကြောင်း အမျိုးမျိုးကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သော ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံစသည့် နိုင်ငံများသို့ သွားရောက်၍ အဆိုပါနိုင်ငံများရှိ အထည်ချုပ်စက်ရုံများ၊ အအေးခန်းစက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္ထုတူးဖော်ရေးလုပ်ငန်းများ၊ ရေလုပ်ငန်းစသည့် လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လျက်ရှိနေကြပါတယ်။ သွားရောက်လုပ်ကိုင်သူ အများစုမှာ 3D  အလုပ်များတွင် လုပ်ကိုင်လျှက်ရှိနေကြပါတယ်။ 3D ဆိုတာက  Dangerous အန္တရာယ်များသော၊ Difficult ခက်ခဲကြမ်းတမ်းသော၊ Dirty  ညစ်ပတ်ပေရေသော အလုပ်များဖြစ်ကြပါတယ်။ သွားရောက်လုပ်ကိုင် ကြသော နိုင်ငံများမှရရှိသောစာရင်းများအရ အထူးသဖြင့်ထိုင်းနိုင်ငံတွင် နှစ်သန်းခွဲခန့်နှင့် မလေးရှားတွင် ငါးသိန်းခန့်ရှိပါကြောင်းသိရှိရပါတယ်။ ဒီလို ပြည်ပသို့သွားရောက် လုပ်ကိုင်ကြသည့် အလုပ်သမားများ အနေဖြင့် အောက်ဖော်ပြပါ အခက်အခဲများကို ရင်ဆိုင်လျှက်ရှိနေ ကြောင်းကိုလည်းပဲ ကြားသိရပါတယ်။ (က) အလုပ်သမားတွေ ပေးဆောင်နေရသော စရိတ်များမြင့်မားနေခြင်း။ (ခ) ဆေးဝါးကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု အာမခံချက်မရှိခြင်း။ (ဂ) အလုပ်သမား အခွင့်အရေးများမရရှိခြင်း။ ရွှေ့ပြောင်းလုပ်သား များတွင် အထောက်အထားရှိသူများ သာမက အထောက်အထားမဲ့သူများပါရှိသည့် အတွက် ILO မှပြဋ္ဌာန်းထားသည့် အလုပ်သမားအခွင့်အရေးမျိုးမရရှိသကဲ့သို့ အလုပ်သမားများဖက်မှ ရပ်တည်ပေးမှု လည်းမရှိသည့်အတွက် အလုပ်ရှင်များမှခေါင်းပုံဖြတ်တာတွေ၊ လူသားချင်းစာနာ ထောက်ထားမှုတာတွေ၊ ထိုက်သင်‌့သည့်လုပ်ခ၊ လစာ အပြည့်အဝမရတာတွေကိုလည်းခံစားရလျှက် ရှိတယ်လိုသိရပါတယ်။ (ဃ) လူကုန်ကူးခံရခြင်း။ အထူးသဖြင့် ငယ်ရွယ်သူအမျိုးသမီးတွေမှာဖြစ်ပွား ပါတယ်။ လူပွဲစားမှောင်ခိုများနှင့် တွေ့ကာလူကုန်ကူးခံရပြီး ဘဝဆုံးသွားကြရတဲ့အခြေအနေမျိုးတွေ လည်းရှိနေကြောင်းလည်းသိရပါတယ်။ (င) ဆက်သွယ်မှုနှင့် လုံခြုံမှုမရှိခြင်း။ တရားမဝင်နေထိုင် လုပ်ကိုင်ကြရသော အလုပ်သမားတွေဟာ သက်ဆိုင်ရာနိုင်ငံရှိ ရဲများ၊ လဝကများ၏ စစ်ဆေးမေးမြန်း ဖမ်းဆီးမှုကိုခံရခြင်း၊ လုပ်ခ၊ လစာပိုမိုရရှိအောင် အလုပ်ချိန်များများ လုပ်ကိုင်ကြရသည့်အတွက် ပိတ်ရက်၊ နားချိန်အလွန်နည်းပါးပြီး နိုင်ငံသားအချင်းချင်း ဆက်သွယ်မှု ကူညီရိုင်းပင်းမှုများမရရှိဘဲ အလုပ်ရှင်များ၏ အနိုင်ကျင့်မှုခံခြင်းစတဲ့အချက်တွေကို ယေဘူယျအာဖြင့်ကြုံတွေ့ရတယ်လို့ သိရပါတယ်။ ဒီလိုအ‌ခြေအနေအရပ်ရပ်ကို အတတ်နိုင်ဆုံး ကူညီစောင့်ရှောက်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရရဲ့လမ်းညွှန်မှုနှင့်အညီ ပြည်ပရောက်မြန်မာ အလုပ်သမားများအား ကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် ပြည်ပတွင်အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းပေးခဲ့ပြီး စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ၊ အလုပ်သမားများ အကျိုးခံစားခွင့်ရရှိရေးကော်မတီနှင့် အလုပ်သမား အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးကော်မတီ စသည့်လုပ်ငန်းကော်မတီ (၃) ခုကို ဖွဲ့စည်းထား ရှိကြောင်းလည်းသိရှိရပါတယ်။

အဆိုပါကော်မတီများမှ အစည်းအဝေးများကျင်းပပြီး နိုင်ငံတော်ကချမှတ်ထားသော မူဝါဒများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များကို မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ၏ အကျိုးအတွက် အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိနေ တာကိုလည်း ကျွန်တော်တို့ အနေနဲ့ကြားသိရပါတယ်။ ဒီအတွက်လည်းပဲ အများကြီးဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။

ထိုင်းနိုင်ငံမှာရောက်နေတဲ့ မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ၂၀၀၃ ခုနှစ်တွင် အလုပ်သမားများ ခန့်ထားခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့ပြီး နှစ်နိုင်ငံညှိနှိုင်းအစည်းအ‌ဝေးများကျင်းပခဲ့သည်မှာ (၁၁) ကြိမ်မြောက်ရှိပြီလို့ ကျွန်တော် တို့သိရပါတယ်။ အဲ့ဒီလိုပဲ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား အထောက်အထားများ ထုတ်ပေးနိုင်ရေးအတွက် ယခင်ကတော့ တာချီလိတ်၊ မြဝတီ၊ ကော့သောင်းနှင့် ရနောင်းစသည့် နယ်စပ်စခန်း (၄) ခုရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း၌ ဘန်ကောက်၊ စမုပရာကန်၊ မဟာချိုင်၊ ချင်းမိုင်နှင့် စူရတ်ဌာနီစတဲ့ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (၅) ရုံးကို ထပ်မံဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ယခုအခါမှာတော့ ရုံး(၉) ရုံးဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းကိုလည်း သိရှိရပါတယ်။ ထို့အပြင် ရွှေ့ပြောင်းလုပ်သားများအခွင့်အရေးကာကွယ်ပေးနိုင်ဖို့ သက်ဆိုင်ရာ နိုင်ငံများနှင့်ညှိနှိုင်း၍ လည်းကောင်း၊ အာဆီယံအသင်းကြီး အတွင်းတွင် လည်းကောင်း စီစဉ်ညှိနှိုင်း ဆောင်ရွက်လျှက်ရှိနေတာတွေကိုလည်းကြားသိရပါတယ်။

သို့ရာတွင် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်္ကာပူနိုင်ငံတွေအနေနဲ့ သူတို့ရဲ့နိုင်ငံသား ရွှေ့‌ပြောင်း လုပ်သားများ နှင့်ပတ်သက်၍ လူမှုရေး၊ စီးပွားရေး၊ ဘဝ လုံခြုံစိတ်ချရမှုရှိရေး တို့အတွက် Migration Policy များ ချမှတ်သဘောတူညှိနှိုင်း ဆောင်ရွက်နိုင်မှုများကြောင့် များစွာအကျိုးကျေးဇူး များွဖစ်ထွန်း လျှက်ရှိတာကိုလည်း လေ့လားတွေ့ရှိရပါတယ်။ မြန်မာနိုင်ငံတွင် အလားတူ Migration Policy များချမှတ်ဆောင်ရွက်ထား ခြင်းမရှိသေးတာကို လည်းပဲ လေ့လာသိရှိရပါတယ်။ ဒါကြောင့် နိုင်ငံတော် အနေဖြင့် Migration Policy ဒါမှာမဟုတ်ရင်လည်း အလားတူအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ပါရန် အဆိုပြု တင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။