Skip to main content

တက္ကသိုလ်ပညာရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည် (ကော့မှူးမဲဆန္ဒနယ်)။               လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင့်။ ကျွန်မက ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူး မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ ဒီတက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို အင်မတန်မှ စိတ်ဝင်စားခဲ့တာကြောင့် မို့လို့ လွှတ်တော်ကို စပြီးတက်ကတည်း က နေပြီးတော့ ဥက္ကဋ္ဌကြီးကို ပြည်သူ့ လွှတ်တော်ဥပဒေ ပုဒ်မ ၁၀ ပုဒ်မခွဲ(ခ) အရရော၊ ပြည်သူ့လွှတ်တော် နည်းဥပဒေ ၁၅၈ နည်းဥပဒေခွဲ(င)အရ တင်သွင်းခဲ့ပါတယ်။ ဒါကတော့ အဲဒီ နည်းဥပဒေ ၁၅၈ နည်းဥပဒေခွဲ(င)ကတော့ ဥပဒေကြမ်းတစ်ခုကို မည်သည့်အဆင့်မှာ ရောက်နေစေကာမူ သဘောတူညီချက်နဲ့ ဥပဒေကြမ်းကို ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပေးဖို့ရန်ကို အဆိုတင်သွင်းဖို့ရာ လျှောက်ခဲ့ပါတယ်။ အဲဒီအခါတုန်းက လွှတ်တော်ရုံးကနေပြီးတော့ ဒီဥပဒေကို တင်သွင်းခဲ့တာကလည်း ကြာပြီဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ဆွေးနွေးချင်တာတွေ ရှိလို့ရှိရင် ပြင်ဆင်ချက်ဇယားအရပဲ တင်သွင်းပြီးတော့ ပြောပါဆိုပြီးတော့ အကြောင်းကြားခဲ့ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မကလည်း ဒီပြင်ဆင်ချက်အရ တက်နိုင်သလောက် ပြင်ဆင်ချင်တဲ့ အပိုင်းတွေကို ပြင်ဆင်ပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မလုံလောက်ပါဘူး။ ကျွန်မတို့အနေနဲ့ တက္ကသိုလ်ပညာရေးနှင့်ပတ်သက်လို့ အများကြီးပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ရုံး ကနေပြီးတော့ ဒါဟာဆွေးနွေးဖို့ဟာ နောက်ကျသွားပြီလို့ ပြောတဲ့ အတွက်ကြောင့်မို့လို့ ဆွေးနွေးခွင့်မရခဲ့ပါဘူး။ ဒီလိုပဲ ဇယားအရ တင်သွင်းခဲ့ပါတယ်။ ရှေ့က လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးပြောသွားတဲ့ အတိုင်းပဲ ဒီဥပဒေတစ်ခုလုံးကို ပြန်လည်ပြီးတော့ သုံးသပ်ပြီးတော့ ဆွေးနွေးသင့်တယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော် ဥပဒေတွေအရ၊ နည်းဥပဒေတွေအရ ဖြစ်နိုင်တယ်ဆိုလို့ရှိရင် ဒီဥပဒေကြမ်းတစ်ခုလုံးကို ပြန်လည်ဆွေးနွေးပြီးတော့ ဒီနိုင်ငံနဲ့၊ ဒီကာလနဲ့၊ ဒီကမ္ဘာကြီးနဲ့ ပိုပြီးတော့ သင့်တော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေး အတွက် လုပ်ဆောင်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်။