Skip to main content

ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး မှ ဆွေးနွေးခြင်း

          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ အားလုံးကို လေးစားစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါတယ်။ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မဲနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ရဲ့ အဆိုဖြစ်တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းရေး အဆိုနှင့်စပ်လျဉ်းပြီးတော့ ကျွန်တော် ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးကနေပြီးတော့ ဆွေးနွေးတင်ပြ မှာဖြစ်ပါ တယ်။  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတီခွန်မြတ်က  ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်အ‌ခြေခံမူများ ပုဒ်မ ၂၂ ကို ဖော်ပြ၍လည်းကောင်း၊ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အ‌ခြေခံဥပဒေ အခန်း(၂) မူလအခွင့်အရေးခေါင်းစဉ်ပါ တိုင်းရင်းသားများ အပါအဝင်ဖြစ်သော နိုင်ငံသားများ၏ အခွင့်အရေးများကို ဖော်ပြ၍လည်းကောင်း၊ ၁၉၇၄ ခုနှစ် ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂)အ‌ခြေခံမူများ ပုဒ်မ ၂၁ ကို ဖော်ပြ၍လည်းကောင်း တိုင်းရင်းသားလူမျိုးများနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေတွင် ပြဋ္ဌာန်းထားတဲ့ အခွင့်အရေး တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်ကြီးကို အထောက်အကူပြုနိုင်ရေးနဲ့ တိုင်းရင်းသားလူမျိုးများ အချင်းချင်း ချစ်ကြည် ရင်းနှီးမှုအဓွန့်ရှည်စေရေးတို့အတွက် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်ရေးအဆို တင်ခြင်းဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစု ကလည်း အဆိုကို ထောက်ခံဆွေးနွေးသွားကြပါတယ်။ အဆိုမှာ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပြင် ၁၃-၉-၂၀၀၇ ရက်နေ့၌ ကျင်းပခဲ့သော ၁၀၇ ကြိမ်‌မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံဆုံးဖြတ်ချက် ၆၁/၂၉၅(United Nations Declaration on the Rights of Indigenous Peoples) အရ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်းပါအပိုဒ် ၃၈ နဲ့ အပိုဒ် ၄၆-၃ တို့တွင် ပါရှိသည့် ပြဋ္ဌာန်းချက်တို့ကိုလည်း တင်ပြထားတာ တွေ့ရပါတယ်။

          ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်(UN General Assembly Resolution) တွေရဲ့ ဥပဒေအဆင့်အတန်းရှိမှု(Legal Status)ကို ကြည့်မယ်ဆိုရင် စည်းနှောင်အားရှိတဲ့ ဆုံးဖြတ်ချက်(Binding Resolution)နဲ့ စည်းနှောင်အားမရှိတဲ့ဆုံးဖြတ်ချက်(Non Binding Resolution)ဆိုပြီးတော့ တွေ့ရှိရပါတယ်။ စည်းနှောင်အားရှိတဲ့ ဆုံးဖြတ်ချက်တွေကတော့ (၁) အဖွဲ့ဝင်နိုင်ငံများက Budget ရန်ပုံငွေထည့်ဝင်ရမယ့်ကိစ္စ၊ (၂) အပြည်ပြည်ဆိုင်ရာစာချုပ် Treaty တစ်ရပ်ကို အခြေခံပြီး ထုတ်ပြန်တဲ့ Declaration အပေါ်မှာ ချမှတ်တဲ့ကိစ္စတွေ၊ (၃) အပြည်ပြည်ဆိုင်ရာဓလေ့ထုံးတမ်းဥပဒေကို အ‌ခြေခံပြီး ထုတ်ပြန်တဲ့ Declaration အပေါ်မှာ ချမှတ်တဲ့ကိစ္စတွေပဲ ဖြစ်ပါတယ်။ ဒီ Resolution တွေဟာ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လေးစား လိုက်နာဖို့ တာဝန်ရှိပါတယ်။ ယခု တင်ပြတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ Resolution ဟာ အပြည်ပြည်ဆိုင်ရာစာချုပ်တစ်ရပ်ဖြစ်တဲ့ ကုလသမဂ္ဂပဋိညာဏ်စတမ်းပါ ရည်ရွယ်ချက်တွေနဲ့ အ‌ခြေခံမူများ၊ အပြည်ပြည်ဆိုင်ရာ စီးပွားရေး၊ လူမှုရေးနဲ့ စပ်လျဉ်းတဲ့ကွန်ဗင်းရှင်း(ICESCR)နဲ့  အပြည်ပြည်ဆိုင်ရာ လူမှုရေး၊ နိုင်ငံရေးနှင့် စပ်လျဉ်းသည့် ကွန်ဗင်းရှင်း(ICCPR)တို့ကို အသိအမှတ်ပြုပြီး ထုတ်ပြန်ကြေညာထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တင်ပြပါ Covenant(၂)ရပ်ကို ပါဝင်ခြင်းမရှိသေးပေမယ့်လို့ ဒီ Covenant တွေဟာ မြန်မာနိုင်ငံက အတည်ပြုလက်ခံထားပြီးဖြစ်တဲ့ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း(UDHR)ပါ ပြဋ္ဌာန်းချက်တွေကိုပဲ အတည်ပြုပြဋ္ဌာန်းထားတာ ဖြစ်တဲ့အတွက် ဒါတွေကို အ‌ခြေခံပြီး ချမှတ်ထားတဲ့ ဒီ Declaration ကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ အဆိုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အခြေခံဥပဒေ အပိုဒ် ၄ ပါ ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏အခွင့်အရေးနှင့် စပ်လျဉ်းပြီးတော့ ၁၉၄၁ ခုနှစ်မှ စတင်ပြီး State Ethnic Affairs Commission ကို ဖွဲ့စည်းတည်ထောင်၍လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစုများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ စာတတ်မြောက်မှုမြှင့်တင်ရေးစသည့် ကျယ်ပြန့်တဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်ခြင်းနဲ့ ယင်းတို့ရဲ့ အခွင်‌့အရေးများနဲ့ စပ်လျဉ်းပြီး ဥပေဒရေးဆွဲခြင်းများကိုပါ ဆောင်ရွက်ခဲ့ရာ ၁၉၈၄ ခုနှစ်မှာ The Law on Regional Ethnic Autonomy ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း ဖော်ပြထားတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ အလားတူ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပါ နိုင်ငံသားများရဲ့ မူလအခွင့်အရေး ပြဋ္ဌာန်းချက်များကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံရဲ့ The National Commission For Minorities Act,1992 ပြဋ္ဌာန်းခဲ့ခြင်းနဲ့ ပြည်နယ်ဒေသတွေမှာ တိုင်းရင်းသားလူမျိုးများဆိုင်ရာ ကော်မရှင်အသီးသီးများ ဖွဲ့စည်းထားခြင်း၊ မဏိပူရဒေမှာ The Manipur State Minorities Commission Act,2010 ကို ပြဋ္ဌာန်းထားခြင်းကို လည်းကောင်း ဖော်ပြထားသည်ကို  တွေ့ရှိရပါတယ်။ အထက်ပါနိုင်ငံများအပြင် ဖိလစ်ပိုင်နိုင်ငံမှာ လည်း Indigenous People’s Act ၊ ဘိုလစ်ဘီးယားမှာလည်း Bolivia’s National Law,3760 စသဖြင့်လည်း ဒါတွေလည်း ပြဋ္ဌာန်းထားတာ  တွေ့ရပါတယ်။

          လွှတ်တော်ကိုယ်စားလှယ်ကြီးရဲ့ တင်ပြချက်မှာ Declaration ပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ တရားမျှတရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ သာတူညီမျှရေး၊ ခွဲခြားဆက်ဆံမှုပပျောက်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးနဲ့ သဘောရိုးတို့နဲ့အညီ အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဥပဒေတစ်ရပ်ကို ရေးဆွဲရာမှာ ဥပဒေ ရေးဆွဲသူများအနေဖြင့် ယင်းဥပဒေအရဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စတွေကို ကောင်းစွာ နားလည်ပြီး ဥပဒေပါအကြောင်းအရာတွေနဲ့ စပ်လျဉ်းပြီး အနာဂတ်မှာ ဘယ်လိုကိစ္စရပ်တွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီလိုပေါ်ပေါက်လာနိုင်တဲ့ကိစ္စရပ်တွေကို ဘယ်လိုပြေလည်အောင် ‌ွဖေရှင်း ဆောင်ရွက်မယ်ဆိုတာတွေ  ကြိုတင်မျှော်မှန်းပြီးတော့ ကျယ်ပြန့်စွာ လေ့လာသုံးသပ်ရေးဆွဲဖို့လည်း လိုအပ်ပါတယ်။ ဒါနဲ့ဆက်စပ်တဲ့ Legal Maxim အနေနဲ့ Laws are to be more Liberally interpreted that their intent may be preserved ဆိုတဲ့  စကားလည်းရှိပါတယ်။ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ဖို့အလို့ငှာကတော့ ဖွဲ့စည်းပုံအ‌ခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကိုလည်း တင်ပြလိုပါတယ်။ ပုဒ်မ ၁၅ မှာ လျော်ကန်သင့်တဲ့ လူဦးရေရှိတဲ့ တိုင်းရင်းသားလူမျိုးတွေအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးမှာ ဒီတိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေ ပါဝင်ခွင့် ရှိတယ်။ ပုဒ်မ ၁၇ ပုဒ်မခွဲ(ဂ)မှာ ပုဒ်မ ၁၅ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ဥပဒေပြုရေးမှာ ကိုယ်စားလှယ်ပါဝင်ခွင့်ရတဲ့ တိုင်းရင်းသားလူမျိုး ဖြစ်ရင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု အုပ်ချုပ်ရေးမှာ  အဓိကအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာကို ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်တွေကို ပါဝင်ခွင့်ပြုရမယ်။ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က)(၄)မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟာ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးများရေးရာ  ဆောင်ရွက်ရန်အတွက် ရွေးကောက် တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်ထံမှ ရယူရမယ်။   ပုဒ်မ ၂၆၂ ပုဒ်မခွဲ(င)မှာတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်ဟာ  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက်ရရှိပြီးတဲ့ ပုဂ္ဂိုလ်များကိုသော်လည်း‌ကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများရဲ့ အမည်စာရင်းနဲ့ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထား တဲ့ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းပါ ပုဂ္ဂိုလ်များကိုသော်လည်းကောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတထံ တင်ပြရမယ်။   ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဆ)(၂)တွင် နိုင်ငံတော်သမ္မတဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်တဲ့ တိုင်းရင်းသားမျိုးရေးရာ ဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကို သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမယ်လို့ ပြဋ္ဌာန်းထားရှိပါတယ်။ ဒီပြဋ္ဌာန်းချက်တွေနဲ့လည်းအညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုဥပဒေပြုရေးမှာ တိုင်းရင်းသားကိုယ်စားလှယ် တွေကို ပါဝင်ခွင့်ပြုထားပြီးတော့ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တွေမှာလည်း ရွေးကောက်ခံ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ် ၂၉ ဦးကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအဖြစ် ခန့်အပ်ကာ တိုင်းရင်းသားလူမျိုးရေးရာကိစ္စများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ထားပါတယ်။ သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်ရေး အဆိုဟာ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပါ တိုင်းရင်းသားလူမျိုးရေးရာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်မှုရှိတဲ့ အဆိုတစ်ရပ်ဖြစ်တဲ့အတွက်ကြောင့် အတည်ပြုသင်‌့ပါကြောင်း တင်ပြအပ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေရေးဆွဲမယ်ဆိုပါက ဖွဲ့စည်းပုံအ‌ခြေခံဥပဒေပုဒ်မ ၂၂ ပါ တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးတိုးတက်စေရန်လည်းကောင်း၊ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွတ်ရေး ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်လည်းကောင်း တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်တဲ့ လူမှုစီးပွားတိုးတက်ဖွံ့ဖြိုးရန်လည်းကောင်း၊ ဆောင်ရွက်သင်‌့တဲ့အချက်တွေကို ကျယ်ပြန့်စွာ ထည့်သွင်းစဉ်းစားကာ ရေးဆွဲဖို့ လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် တိုင်းရင်းသားများရဲ့ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများ မတူညီကြတဲ့အတွက် တိုင်းရင်းသားအားလုံးနဲ့ အကျုံးဝင်စပ်ဆိုင်မယ့် လျော်ကန်ညီညွတ်မှုရှိမည့် ပြဋ္ဌာန်းချက်များ ဖော်ပြဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် ရေးဆွဲပြဋ္ဌာန်းလိုက်တဲ့ဥပဒေရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းတာဝန်တွေကို အကောင်အထည်ဖော်ရာမှာ ဘယ်သူတွေက ဘယ်လိုတာဝန်ခံဆောင်ရွက်ရမယ်ဆိုတာတွေလည်း ထည့်သွင်းစဉ်းစားဖို့ လိုမှာ ဖြစ်ပါတယ်။ သို့ဖြစ်ရာ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနဲ့အညီ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်က ကြီးမှူး၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးကဏ္ဍမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေအရ တာဝန်ပေးအပ်ထားတဲ့ တိုင်းရင်းသားဝန်ကြီးများ အစရှိသဖြင့် ပါဝင်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့စည်းကာ လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသကဲ့သို့ ပွင့်လင်းမြင်သာသော ဥပဒေပြုစနစ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သင်‌့ပါကြောင်း တင်ပြအပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။