Skip to main content

ဗိုလ်မှူးချုပ်ကျော်ဇံမြင့် (ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန) မှ ထောက်ခံဆွေးနွေး

       လေးစားအပ်ပါသော  ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဧည့်သည်တော်ကြီးများ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေလို့ ဦးစွာဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဖြစ်ပါတယ်။ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားများရဲ့ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနဲ့ပတ်သက်ပြီး  လွှတ်တော်ကိုယ်စားလှယ်ကြီး အသီးသီးက ဆွေးနွေးသွားကြပြီးဖြစ် ပါတယ်။ အဆိုပါ တိုင်းရင်းသားလူမျိုးများဆိုတဲ့အထဲမှာ ကျွန်တော်တို့ ဗမာတိုင်းရင်းသားများလည်း အပါအဝင်ဖြစ်ကြောင်းလည်း တွေ့ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားများအား ခွဲခြားဆက်ဆံခြင်းနဲ့ ဘာသာရေးခွဲခြားကန့်သတ်မှုများမရှိအောင် ဖွဲ့စည်းပုံ အ‌ခြေခံဥပဒေမှာ အကာအကွယ်ပေးပြဋ္ဌာန်း ထားပြီးဖြစ်ပါတယ်။ ပြဋ္ဌာန်းထားတဲ့အတိုင်း လက်တွေ့ကျကျအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ်ဆိုရင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ခိုင်ခိုင်မာမာနဲ့ တည်ဆောက် သွားနိုင်မှာ ပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားဆိုတဲ့ခံယူချက်နဲ့ တိုင်းရင်းသားအားလုံးဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအ‌ခြေခံဥပဒေနဲ့အညီ နေထိုင်ကြလျက်ရှိပါတယ်။ ထိုဥပဒေနဲ့အညီ တိုင်းရင်းသားအားလုံးဟာ တန်းတူညီမျှ အခွင့်အရေး လွတ်လပ်မှုအခွင့်အရေးတရားမျှတမှု အခွင့်အရေးများ ခံစားခွင့်ရှိနေကြပြီဖြစ်ပါတယ်။ သို့သော်လည်း ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုး များရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက် တဲ့ဥပဒေပြဋ္ဌာန်းရေး အဆိုဟာ လျော်ကန်သင်‌့မြတ်တဲ့ အဆို ဖြစ်တဲ့အတွက် ဒီအဆိုနဲ့ပတ်သက်ပြီး ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံတင်ပြအပ်ပါတယ်။ အားလုံး ကို ကျေးဇူးတင်ပါတယ်။