Skip to main content

ဦးကျော်နိုင်ဌေးက ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေးအဆိုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်အကြံပြုချက်များ

လေးစားရပါသော ဥက္ကဋ္ဌကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသော လူကြီးမင်းအပေါင်း မင်္ဂလာပါ။ လေးစားဂါရဝထားကြောင်းပါခင်ဗျား။ ကျွန်တော် အင်းတော်မဲဆန္ဒနယ်က ဦးကျော်နိုင်ဌေးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆိုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်အကြံပြုချက်များနဲ့ အပိုင်း ၄ ပိုင်းခွဲခြားပြီးဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျား။ ပထမအပိုင်းအနေနဲ့ အဆိုမှာပါရှိတဲ့အတိုင်း တိုင်းရင်းသား တိုင်းရင်းသားဆိုးတာ ဘယ်သူတွေလဲ။ ဒုတိယအပိုင်းအနေနဲ့ တိုင်းရင်းသားများရဲ့ အခွင့်အရေးတွေဘာတွေလဲ ရနေကြပြီလား။ ဘာတွေ ထပ်ပြီး ကျွန်တော်တို့တောင်းဆိုနေကြရ ဦးမှာလဲ။တတိယပိုင်းအနေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ကိစ္စ အဆိုရှင်က ဆွေးနွေးစဉ်မှာ အခြားသော ဝန်ကြီးဌာနများကဲ့သို့ စီမံခန့်ခွဲရမယ့်ဥပဒေများ တိုင်းရင်းသားရေးရာလူမျိုး ဝန်ကြီးများအတွက် ပြဌာန်းထားခြင်းမရှိဘူးလို့ ‌ပြောတဲ့အတွက် ဒါကို ကျွန်တော်က ဆွေးနွေးမှာဖြစ်ပါတယ်။ စတုတ္ထပိုင်းအနေနဲ့ကတော့ ဒီလိုအခွင့်ရေးကိုကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းဖို့ရာ လိုပါသလား။ လိုရင်လည်း ကျွန်တော်တို့ ဘယ်လိုပုံစံနဲ့ဥပဒေကိုရေးဆွဲကြမယ် ဆိုတာဖြစ်ပါတယ်။ ဦးစွာပထမ တိုင်းရင်းသားဆိုတဲ့နေရာမှာ ကျွန်တော်တို့ တတွေ အများစု နားလည် သဘောပေါက်တားတက ရှမ်း၊ ချင်း၊ ကချင်၊ ကယား၊ မွန်၊ ဗမာ၊ ရခိုင် အစရှိသည်တို့ဟာ တိုင်းရင်းသား များကျွန်တော်တို့ National Races တွေပဲဖြစ်ပါတယ်။ သို့သော်လည်းပဲ အဆိုရှင်ဆွေးနွေးတင်ပြစဉ် မှာ UN ရဲ့ ဒစ်ကာရေးရှင်း များကို အသေးစိတ်ဖတ်ကြားတင်ပြရာမှာ ရည်ရွယ်လိုရင်းကတော့ ကျွန်တော်တို့ လူနည်းစု တိုင်းရင်းသားများ Minority တွေကိုပဲ ဆိုလိုတယ်လို့ ကျွန်တော် သဘောရပါတယ်။ ဒါကြေင့်လဲဆိုပဲ အဆိုရှင်က ဒီ Minority တွေရဲ့အခွင့်အရေးတွေကို ကာကွယ်ဖို့တောင်းဆိုတာဖြစ်တယ်လို့ ကျွန်တော်တို့ သဘောပေါက်ကြမှာဖြစ်ပါတယ်။ ဘယ်လို လူနည်းစုတိုင်းရင်းသားများ ရှိကြမလဲ။ သိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ပြည်နယ်တွေ၊ တိုင်းတွေမှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများလည်း ရှိကြမှာဖြစ်ပါ တယ်။ အဲဒီဝန်ကြီးတွေထဲမှာ ဗမာ့တိုင်းရင်းသားရေးရာဝန်ကြီး၊ ကချင်တိုင်းရင်းသားရေးရာဝန်ကြီး အစရှိသည်ဖြင့် အထက်က ကျွန်တော်တင်ပြခဲ့တဲ့ တိုင်းရင်းသားကြီးများဟာ ပါရှိနေကြပြီဖြစ်ပါတယ်။ အနည်းစုသော လူနည်းစုတိုင်းရင်းသားများကတော့ လူဦးရေ ၅၀၀၀၀ ထက်မကျော်သော တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ရဲ့ မဲဆန္ဒနယ် အင်းတော် မြိုနယ်ဟာ ကချင်ပြည်နယ်နဲ့ မြောက်ဘက်ခြမ်းမှာထိစပ်နေတဲ့မြို့နယ်ဖြစ်ပါတယ်။ အဲဒီ မြို့နယ်ထဲမှာ ကျွန်တော်တို့ ရှမ်းပြည်လို့ခေါ်ကြတဲ့ တိုင်းလျှံတွေရှိပါတယ်။ ဂဏန်းလို့ခေါ်တဲ့ လူမျိုးနွယ်စုတွေ ရှိပါ တယ်။ အဲဒီ ဂဏန်းမျိုးနွယ်စုတွေဟာ ကျွန်တော်တို့ အင်းတော်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဗန်းမောက် မြို့နယ်အတွင်းမှာလည်း နေထိုင်ကြပါတယ်။ လူဦးရေအားဖြင့် အကြမ်းဖျဉ်း ၂၀၀၀၀ ဝန်းကျင်မှာ ရှိကြ ပါတယ်ခင်ဗျား။ တဖန် ကျွန်တော်ရဲ့ မြို့နယ်မှာရယ်၊ ဗန်းမောက်မြို့နယ်မှာရယ် ဆက်စပ်နေတဲ့ ပင်လယ်ဘူးမြို့နယ်မှာရယ်၊ ကဒူးဆိုတဲ့ လူနည်းစုတိုင်းရင်းသားမျိုးနွယ်များလည်းရှိနေကြပါတယ်။ ဒီတော့ ဒီလိုလူနည်းစုတိုင်းရင်းသားမျိုးနွယ်များရဲ့ အခြေအနေ၊ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဒီအခွင့်အရေးတွေကို ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘာတွေခွင့်ပြုထားပြီလဲ။ ဒါနဲ့ပတ်သက် ပြီးတော့မှ ဒုတိယပိုင်းအနေနဲ့ တင်ပြဆွေးနွေးလိုတာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒီလူနည်းစု တိုင်းရင်းသားများအတွက်ကို အခွင့်အရေးများပြဋ္ဌာန်းထားပြီဖြစ်ပါတယ်။ အဓိကအားဖြင့် ကျွန်တော် တင်ပြလိုတဲ့အခွင့်အရေးကတော့ လူနည်းစုတိုင်းရင်းသားများဟာ နိုင်ငံသားဖြစ်တာနဲ့အညီ ကျွန်တော်တို့ ပုဒ်မ ၃၆၆ မှာ ပညာသင်ကြားပိုင်ခွင့်ရှိသည်လို့ပြဋ္ဌာန်းပါရှိပါတယ်။ ပညာရေးအတွက် ဖြစ်ပါတယ်။ ပုဒ်မ ၃၆၇ မှာတော့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူခွင့်ရှိသည်လို့ ပါရှိပါတယ်။ ဒီ လူနည်းစုတိုင်းရင်းသားများဟာ ပညာသင်ကြားခွင်‌့တွေ တန်းတူညီမျှ Equality ရနေကြပြီလား။ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့် ညီမျှစွာ ရနေကြပြီလား။ ကျွန်တော်ရဲ့မဲဆန္ဒနယ်နယ်မြေ အင်းတော်မြို့နယ်ထဲမှာ လက်ဝဲသုန္ဒရ အမတ်ကြီးရောက်သွားခဲ့ရတယ်ဆိုတဲ့ မဲဇာချောင်းဆိုတာရှိပါ တယ်။ ဒီလို မိုးရာသီမှာ မဲဇာချောင်းဆိုတာဟာ ကျွန်တော် လွှတ်တော်ကြီးလောက် သုံးဆမက ကျယ်ပြန့်တဲ့ ရေပြင်ကြီးဖြစ်ပါတယ်။ အဲဒီ ရေပြင်ကြီးခြားနေတဲ့ ချောင်းရဲ့အနောက်ဘက်တစ်ဖက် ကမ်းမှာ ကျွန်တော်တင်ပြခဲ့တဲ့ လူနည်းစု တိုင်းရင်းသားများနေကြပါတယ်။ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့် ရှိတဲ့ ရွာပေါင်း ၆၀၀ ရွာစုလိုက်တာတောင်မှ သားဖွားဆရာမတစ်ဦးရှိတဲ့ ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခုမရှိသေးပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုခံယူခွင့်များမရသေးဘူးဆိုတာကို ကျွန်တော် ထောက်ပြရခြင်းဖြစ်ပါတယ်။ ထို့အတူပဲ ပညာရေး ချောင်းရဲ့အနောက်တစ်ဘက်ကမ်း ရွာငယ်လေးများ မှာ ကျောင်းသားဦးရေ ၅၀ လောက် မိမိဘာသာကျောင်းကိုဆောက်၊ မိမိတို့ဘာသာ အရပ်ငှား ဆရာမ ကိုငှား ဆရာမလေးက ၁၀ ကမအောင် ဒီကလေးတွေကို ပညာစာသင်ပေးတဲ့အခါကျတော့ ပညာရည် ဘယ်မှာလာမြင့်တော့မှာလဲ။ ဒါကြောင့် နိုင်ငံသားဖြစ်တဲ့ တိုင်းရင်းသားမျိုးနွယ်စုများသည် ပညာသင် ကြားပိုင်ခွင်‌့ရှိသည်မှန်သော်လည်း ရှေးရှေးက ကိုယ်စားလှယ်ကြီးများဆွေးနွေးကြသလို အခွင့်အရေး များကို လက်ဆုပ်လက်ကိုင် ပိုင်ပိုင်နိုင်နိုင် မရဘူးဆိုတာကိုတော့ ကျွန်တော်တို့ ဝန်ခံကြရမှာဖြစ်ပါ တယ်။ ဒီလိုဆိုရင် ဒီအခွင့်အရေးတွေကို ရအောင် ကျွန်တော်တို့ ဘာတွေလုပ်ကြရမှာလဲခင်ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အသေအချာအကျအန ပြဋ္ဌာန်းပါရှိပါလျက်နဲ့ မရသေးဘူးဆိုတဲ့အခွင့် အရေးများကို ကျွန်တော်တို့ ဘယ်လိုဆောင်ရွက်ပြီးတော့ ဘယ်လိုပုံစံနဲ့ ရအောင်ယူပေးကြမလဲခင်ဗျာ။ ကျွန်တော်တို့ဟာ ဒီနေ့ လွှတ်တော်အတွင်းကို ရောက်ရှိလာကြတာဟာ ပြည်သူများရဲ့ရွေချယ်မှုအရ အထက်က ကျွန်တော်တင်ပြခဲ့တဲ့ မျိုးနွယ်စုတိုင်းရင်းသားများ၏ ရွေးချယ်မှုအရ လွှတ်တော်ထဲသို့ ပြည်သူကိုယ်စားလှယ်အနေနဲ့ ကျွန်တော်တို့ ဒီနေ့ ရောက်ရှိလာကြပြီဖြစ်ပါတယ်။ ကျွန်တော်တို့တာဝန် ဟာ ပြည်သူများရဲ့ဆန္ဒ၊ ပြည်သူများရဲ့အခွင့်အရေးများကို ကျွန်တော်တို့ ရရှိအောင် ဖော်ဆောင်ပေးရ မှာဖြစ်ပါတယ်။ အဆိုရှင်ကလည်းပဲ UN ရဲ့ ဒစ်ကော်ရေးရှင်း နဲ့ပတ်သက်ပြီးတော့မှ ဆွေးနွေးခဲ့တဲ့ အချက်မှာ ကျွန်တော်တို့တွေဟာ UN ရဲ့ artical 38 မှာတဲ့ အဒစ်ဂျင်နယ် People ဒေသခံတိုင်းရင်း သားလူမျိုးတွေရဲ့အကျိုးကို ဆောင်ရွက်ပေးရမယ်ဆိုတဲ့နေရာမှာ Respect for Human Right Equality အစရှိသည်ဖြင့် သဘောထားများနဲ့ ဖော်ဆောင်ရမယ်လို့ ပါရှိပါတယ်။ ဒီနေ့ ကျွန်တော်တို့ လွှတ်တော်ကြီးမှာ ဒီအချက်တွေကို ဆောင်ရွက်ဖို့ ကိုယ်စားလှယ်များစုံညီစွာ ရောက်ရှိနေကြပါပြီ။ ဒီ တော့ကာ ကျွန်တော်တို့တတွေ ညီညာလက်တွဲ မြဲမြဲရဲရဲဆောင်ရွက်ကြမယ်ဆိုရင် ဒီအခွင့်အရေးတွေကို တိုင်းရင်းသားမျိုးနွယ်စုများ မရမရှိစေဘူးဆိုတာ အမှန်ဖြစ်ပါတယ်။ ဒီတော့ကာ ဒီအချက်နဲ့ ပတ်သက် ပြီးတော့ ဒီအခွင့်အရေးများကို ဆောင်ရွက်ဖို့ရာ စတုတ္ထပိုင်းအနေနဲ့ကျွန်တော်ဆွေးနွေးမယ်အခါမှာ ဥပဒေပြဋ္ဌာန်းဖို့ရာ လို၊မလိုဆိုပြီး တင်ပြဆွေးနွေးပါမယ်။ တတိယအချက်အနေနဲ့ တိုင်းရင်းသား ရေးရာဝန်ကြီးနှင့်ပတ်သက်ပြီး အဆိုရှင် ဆွေးနွေးချက်ပါရှိတဲ့အတွက် အနည်းငယ် ဆွေးနွေးပါမယ် ခင်ဗျား။ ကျွန်တော်တို့ ပြည်နယ်နှင့်တိုင်းတွေမှာ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ ဒီနေ့ တိုင်းရင်းသားများအရေးကိစ္စကို ပြည့်စုံစွာဆောင်ရွက်လို့မရဘူးလို့ အထက်ကကိုယ်စားလှယ်များ ဆွေးနွေးချက်ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထောက်ပြဆွေးနွေးလိုပါတယ်။ ဒီနေ့ တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာ ဝန်ကြီးဆိုတာဘယ်သူတွေလဲ။ သုံးမျိုးသုံးစားရှိပါတယ် ခင်ဗျား။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ အပိုဒ်ခွဲ (င) မှာ နံပါတ်(၁) အစကတော့ ပြည်နယ် တိုင်းဒေသကြီးလွှတ်တော် သဘောတူညီချက်နဲ့ ရွေးချယ်လိုက်တဲ့ပုဂ္ဂိုလ်များ၊ ဒီပုဂ္ဂိုလ်များဟာလည်း ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးများဖြစ်ကြမှာဖြစ်ပါတယ်။ ဒုတိယ ကိုယ်ပိုင်ခွင့်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ များ သူတို့လည်းပဲ ပြည်နယ်တိုင်းဒေသဝန်ကြီးများ ဖြစ်ကြပါတယ်။ စတုတ္ထ တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ဖို့ရန် ရွေးကောက်တင်မြောက်ထား တဲ့ ကိုယ်စားလှယ်များ အဲဒီပုဂ္ဂိုလ်များ သုံးဦးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတထံတင်ပြရမည်လို့ ပုဒ်မ ၂၆၂ မှာဆိုပါတယ်။ ထိုကြောင့်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မအရ ထင်ရှားကြောင်းတင်ပြရခြင်းဖြစ်ပါတယ်။ ထို့အတူပဲ ပုဒ်မ ၂၄၈ မှာ တိုင်းဒေသကြီးအစိုးရ သို့မဟုတ် ပြည်နယ်အစိုးရဖွဲ့စည်းရာမှာ ပုဒ်မ ၂၄၈ (ခ) (၂) မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများလို့ အဓိပ္ပာယ်ဖွင်‌့ဆိုတဲ့အတွက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များဟာလည်းပဲ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်ကြောင်းသာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရထင်ရှားပါတယ်။ ထို့ထက်ထပ်မံထင်ရှားသည်မှာ ပုဒ်မ ၂၆၂ (ဆ) မှာပဲ နိုင်ငံတော် သမ္မတဟာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးများဖြစ်တဲ့ တိုင်းရင်းသားလူမျိုးရေးရာ ဆောင်ရွက်ဖို့ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးရေးရာများကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ရမယ်လို့ ပါရှိပြီဖြစ်ပါတယ်။ ထို့ ထက်မက အထက်ပါပုဒ်မရဲ့ (ဈ) မှာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအား အခြားဝန်ကြီးဌာန တာဝန်များကိုလည်း ပူးတွဲတာဝန်ပေးအပ်နိုင်သည်လို့ ပြဋ္ဌာန်းပါရှိပါတယ်။ ဒီအတွက် တိုင်းရင်းသား ရေးရာဝန်ကြီးများဟာ တိုင်းရင်းသားရေးရာကိစ္စရပ်များသာမက အခြားဝန်ကြီးဌာနရဲ့တာဝန်များကို ပါ ပူးတွဲထမ်းဆောင်နိုင်သည်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိအလင်း အထင်းအရှားဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများနဲ့ပတ်သက်ပြီးတော့မှာ ကျွန်တော်တို့တတွေ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆောင်ရွက်ကြရမယ့်အရေးမှာ တိုင်းရင်းသားရေးရာဝန်ကြီး များနဲ့ပတ်သက်ပြီးတော့မှ လိုအပ်တဲ့ဥပဒေကြမ်းတွေ အဆိုတွေတင်သွင်းမယ်ဆိုရင် တိုင်းရင်းသား ရေးရာဝန်ကြီး များရဲ့လုပ်ငန်းတာဝန်များမှာ ပီပြင်ပေါ်လွင်လာမှာဖြစ်ပါတယ်ခင်ဗျား။ စတုတ္ထအပိုင်း အနေနဲ့ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေ ကျွန်တော်တို့ ပြဋ္ဌာန်းဖို့လို၊မလို ဆိုတဲ့အချက်ဖြစ်ပါတယ်။ အထက်ကတင်ပြချက်များမှာ ပေးကားပေး၏မရ။ လက်ဆုပ်လက်ကိုင် ပြစရာဥပဒေမရှိပါလို့ဆိုတဲ့အတွက် တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးများကို အပြည့်အဝမရဘူး လို့ဆိုပါတယ်။ ဒါတွေရအောင် ဥပဒေတစ်ခု ခိုင်ခိုင်မာမာရှိဖို့လိုတယ်ဆိုတာ မှန်ပါတယ်ခင်ဗျား။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာ တန်းတူညီမျှရှိရမယ်လို့ပြဋ္ဌာန်းထားတာဖြစ် တဲ့အတွက် ဘယ်လူမျိုးစုကိုတော့ သာစေ၊ ဘယ်လူမျိုးစုကတော့နာစေလို့ ဥပဒေရေးဆွဲမိရင်လည်း အခြေခံဥပဒေနှင့်ဆန့်ကျင့်ကွဲလွဲ ကျွန်တော်တို့တတွေဟာ တိုင်းရင်းသားများအရေး၊ ချစ်ကြည်ဖို့ အရေးကို ဆောင်ရွက်ရင်းနဲ့ ဆေးအတွက် လေးတဲ့အဖြစ်မျိုးနဲ့ ရောက်မှာလည်း အလွန်သတိထား ကြရမှာဖြစ်ပါတယ်။ တကယ်တော့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများသည် တန်းတူညီမျှအခွင့်အရေးကိုရကြရမှာဖြစ်ပါတယ်။ သို့အတွက် တန်းတူ ညီမျှအခွင့်အရေးများကို ရရှိစေဖို့ရာမှာ ဥပဒေတစ်ရပ်ရေးဆွဲရာမှာ မိမိတို့အလွန်သတိထားကြရမှာ ဖြစ်ပါတယ်။ ထိုအတူပဲ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများအခွင့်အရေး တိုင်းရင်းသားလူများ အတွက် ပေးထားတဲ့အခွင့်အရေးများကိုလည်းပဲ မလွဲသွားစေဖို့ကို မိမိတို့ထည့်သွင်းပြဋ္ဌာန်းကြမှာ ဖြစ်ပါတယ်။ ဥပဒေအရာမှာ တန်းတူညီမျှရှိရမယ်။ ပြည်သူဝန်ထမ်း တာဝန်ထမ်းဆောင် အလုပ်လုပ်ကိုင်၊ ကုန်သွယ်ရောင်းဝယ်ဖောက်ကား စီးပွားယုံကြည်ထင်မြင်ချက်ကို လွတ်လပ်စွာ ပြောဆို အသင်းအဖွဲ့တွေမှာ စည်းရုံး၊ စည်းတန်းလှည်လည် မိမိချစ်ခင်မြတ်နိုးတဲ့ စကားစာပေ၊ ယဉ်ကျေးမှုကိုးကွယ်တဲ့ ဘာသာ၊သာသနာ ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့် အစရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများအတွက် ပြဋ္ဌာန်းထားတဲ့ တန်းတူညီမျှအခွင့်အရေး များကို ကျွန်တော်တို့ရေးဆွဲမယ့်ဥပဒေမှာ ပြန်လည်ထည့်သွင်းရမှာပဲဖြစ်ပါတယ်။ ဒီအပြင် ကျွန်တော့် အနေနဲ့ အထူးတင်ပြလိုတာကတော့ ဒီနေ့ ဆွေးနွေးကြတဲ့ ကိုယ်စားလှယ်များသည် မိမိတို့ရဲ့ ဒေသမှာ ရှိတဲ့ တိုင်းရင်းသားများရဲ့အရေး၊ အခွင့်အရေးများကို ပြည့်ဝစွာရရှိဖို့ရန် ဆွေးနွေးတင်ပြကြတယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းပဲ ကျွန်တော့်ရဲ့ ဒေသမဲဆန္ဒနယ်က တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးများကို အပြည့်အဝရရှိစေလိုသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ ဥပဒေပြဋ္ဌာန်းလိုက်မယ်ဆိုရင် အဆိုပါဥပဒေကို ပြဋ္ဌာန်းဖို့ရန် (၁) တိုင်းရင်းသား လူမျိုးများ အခွင့်အရေးကာကွယ်စောင်‌့ရှောက်ရေးကော်မရှင်တစ်ရပ်ကို ကျွန်တော်လွှတ်တော်ကနေ ဖွဲ့စည်းဖို့ရန်ဖြစ်ပါတယ်။ အဲဒီကော်မရှင်ဟာ ဥပဒေကြမ်းကော်မတီ ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်တို့နှင့်ပူးပေါင်းပြီး တိုင်းရင်းသားများ အခွင့်အရေး ကာကွယ်တဲ့ဥပဒေကို ရေးဆွဲတင်သွင်းကြဖို့ရန်ဖြစ်ပါတယ်။ မိမိအနေနဲ့ အကြံပြုလိုတာကတော့ ဒီနေ့ ကျွန်တော်တို့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဟာ မိမိရဲ့ဒေသ၊ မိမိရဲ့မဲဆန္ဒနယ်မှာရှိတဲ့ တိုင်းရင်းသားများအခွင့်အရေးများကို ပြောဆိုနိုင်ဖို့၊ တောင်းဆိုနိုင်ဖို့ ဥပဒေမှာ ထည့်သွင်းဖြစ်ပါတယ်။ အထက်က ကျွန်တော်တင်ပြခဲ့တဲ့ ကျွန်တော်ဒေသမှာ ပညာသင်ကြားခွင့် လွယ်လွယ်မရကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် ပညာသင်ကြားခွင့်ရဖို့ စာသင်ကျောင်းတွေ ရှိဖို့ ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူနိုင်ဖို့အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲများကို ဖွင့်ပေးနိုင် ဖို့ အဲဒီလိုအခွင့်အရေးများကို ပြည်သူ့ကိုယ်စား ကျွန်တော်တို့ကိုယ်စားလှယ်များက တောင်းဆိုခွင့်ရှိ သည်လို့ ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းပေးသင့်ကြောင်း ကျွန်တော်အကြံပြုလိုပါတယ်။ ဤကဲ့သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးတောင်းဆိုချက်ကို မည်သူမျှငြင်းပယ်ခွင့်မရှိစေရလို့ ဥပဒေမှာထည့်သွင်းပြဋ္ဌာန်းမယ်ဆိုရင် မိမိတို့တတွေ တစ်တိုင်းပြည် လုံးက တိုင်းရင်းသားလူမျိုးများရဲ့ ကိုယ်စားလှယ်များဟာ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ အခွင့်အရေးများကို ကာကွယ်ရာရောက်ပါတယ်။ တစ်ခါ မိမိတို့တိုင်းရင်းသားလူမျိုးများအရေးအတွက် ကိုဆွေးနွေးတိုင်ပင်ကြတဲ့အခါမှာ ပင်လုံညီလာခံဆိုပြီးတော့ ကျွန်တော်တို့ ပြောဆိုကြတဲ့ စကားများကို ကြားသိနေရပါတယ်။ ကျွန်တော်လေ့လာမိသလောက်က ပင်လုံညီလာခံမှာ အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ၂၃ ဦးတက်ရောက်တယ်လို့သိရပါတယ်။ အဆိုပါ ၂၃ ဦးထဲမှာ တိုင်းရင်းသားလူမျိုးအမည်အားဖြင့်တတ်မယ်ဆိုရင် ရှမ်းလူမျိုး၊ ချင်းလူမျိုး၊ ကချင်လူမျိုး လူမျိုး သုံး မျိုးကို ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ကျွန်တော်တို့ ဒီနေ့ ဆွေးနွေးတင်ပြနေကြတဲ့ အချို့အချို့သော လူများရဲ့ ယူဆချက်များ ဒုတိယပင်လုံညီလာခံလို့ ဒါဆိုရင် ကျွန်တော်တို့ ဒီလိုလူမျိုး အထက်က တင်ပြ ခဲ့သလို မပြည့်မစုံဖြစ်ခဲ့ရင် ကျွန်တော်တို့ ဘယ်နဲ့လုပ်ကြမလဲ။ တိုင်းရင်းသားလူမျိုးစုများလို့ ပြောလိုက် တဲ့အတွက် ကျွန်တော်အထက်ကတင်ပြခဲ့တဲ့ ဂဏန်းဆိုတဲ့လူမျိုးများ ခေါင်းဆောင်ဘယ်သူကိုရွေးချယ် စေလွှတ်ရပါမလဲ။ ကဒူးဆိုတဲ့လူမျိုးများ ခေါင်းဆောင်ဘယ်သူကိုရွေးချယ်စေလွှတ်ရပါမလဲ။ မြို့နယ် သုံးမြို့နယ်မှာ ကွဲပြားနေထိုင်ကြတဲ့ ဒီလူနည်းစုမျိုးနွယ်များရဲ့ ခေါင်းဆောင်ကို ဘယ်ပုံဘယ်နည်း ကျွန်တော်တို့ စစ်ထုတ်ကြပါမလဲ။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့တတွေ ဒီနေ့ လွှတ်တော်ကြီးဟာ တိုင်းရင်းသားလူမျိုးများရဲ့ဆန္ဒနဲ့ ဒီနေ့ ကိုယ်စားလှယ်အဖြစ်နဲ့ရောက်ရှိလာကြတာဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဒေသအသီးသီးက မျိုးစုံသော တိုင်းရင်းသားလူမျိုးများရဲ့ကိုယ်စား ပြည်သူ့ကိုယ်စား လှယ်များရောက်နေတဲ့ ကျွန်တော်တို့ ဒီပြည်သူ့လွှတ်တော်ကြီးမှာတိုင်းရင်းသားလူမျိုးများအရေးကို ဒီထက်မက ဆွေးနွေးညိနှိုင်းအဖြေရှာ ဆောင်ရွက်သင့်ပါကြောင်းကိုလည်း အကြံပြုတင်ပြအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ အဆိုရှင်တင်ပြခဲ့တဲ့ တိုင်းရင်းသားလူမျိုးများအခွင်‌့အရေးကိုကာကွယ်ဖို့ရာ ဥပဒေ ပြဋ္ဌာန်းရေးသည် ဆောင်ရွက်ရမည်မှန်သော်လည်း အင်မတန်သတိကြီးစွာဖြင့် ဆောင်ရွက်ရမယ့်ကိစ္စ ဖြစ်ကြောင်း တင်ပြရင်းနိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။