Skip to main content

ဦးမန်းမောင်မောင်ဉာဏ် (ပန်းတနော်မဲဆန္ဒနယ်) မှဆွေးနွေးခြင်း

      လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အားလုံးကို လေးစားပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးမှာကတော့ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုး များအရေးနှင့်ပတ်သက်တဲ့ကိစ္စလေးပါ။ တော်တော်များများလည်း စုံစုံစိစိပြောသွားပြီးဖြစ်ပါတယ်။ အဲ့တော့ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတာ ကျွန်တော်တို့ကမရှိခဲ့ပါဘူး။ သို့သော် မရှိခဲ့ပေမယ်လို့ ခေတ်အဆက်ဆက်ဘယ်လိုလုပ်ကိုင်တယ် ဆိုတာလေးကို ခေတ်ကိုပြန်ပြီးတော့ နည်းနည်းသုံးသပ်ပြီးတော့ကျွန်တော်တင်ပြချင်ပါတယ်။ ဉာဏ်မှီ သလောက်ပေါ့။ ပထမဦးဆုံး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အဲ့ဒီဥပဒေအရပေါ်ပေါက် လာတဲ့အစိုးရ သူတို့ဘာတွေပြောပြီးတော့ သူတို့ဘာတွေလုပ်သလဲ။ ဒါကျွန်တော်ပြန်ပြီးတော့ နည်းနည်းလေ့လာကြည်‌့ပါတယ်။ အဲ့ဒီအချိန်အခါမှာတုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ညီမျှမှုရှိရေး၊ လွတ်လပ်မှုရှိရေး၊ ဘာသာရေး/သာသနာရေးလွတ်လပ်မှုရှိရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ လွတ်လပ်မှုရှိရေး အဓိကချုပ်လိုက်ရင်ပေါ့လေ။ ပုဒ်မတွေတော့ ကျွန်တော်မရွတ်တော့ပါဘူး။ ဆိုထား ပါတယ်။ ဖွဲ့စည်းပုံရဲ့အနှစ်သာရပါ။ အဲ့တော့ ကျွန်တော်တို့ အဲ့ဒီအနှစ်သာရအရ အစိုးရကအကောင် အထည်ဖော်တဲ့အခါမှာ ဘယ်လိုလုပ်ခဲ့သလဲဆိုတဲ့ဥစ္စာလေး ကျွန်တော်ဉာဏ်မှီသလောက်ပေါ့။ အဲ့ဒီ အချိန်မှာရွေးကောက်ပွဲလုပ်တယ်။ ပြီးတဲ့အခါကျတော့ အစိုးရမှာ တိုင်းရင်းသားလူမျိုးတွေပါတယ်။ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးတွေပါတယ်။ အကုန်လုံးလဲသိကြတယ်။ ပြီးတဲ့အခါကျတော့ ပညာရှင် တွေလည်းပါတယ်။ ပြီးတဲ့အခါကျတော့ တပ်မတော်သားတွေလည်းပါတယ်။ ဒါက အစိုးရအဖွဲ့မှာ အဲ့ဒီအခါက ဦးတို့၊ ဗိုလ်တို့၊ သခင်တို့ပေါ့လေ နိုင်ငံရေးသမားတွေရော၊ တပ်မတော်ကထွက်လာတဲ့ သူတွေရော ဒီလိုပါကြတယ်။ အဲ့တော့က ကျွန်တော်တို့ဒါက ဗဟိုအစိုးရပဲပြောကြပါစို့ ဖဆပလအစိုးရ ပြည်နယ်တွေကျတဲ့အခါကျတော့ ပြည်နယ်ဝန်ကြီးဆိုပြီးတော့ထားပါတယ်။ အဲ့ဒီ ပြည်နယ်ဝန်ကြီးဟာ Cabinet ဝန်ကြီးပါပဲ။ Cabinet ဝန်ကြီးပဲ ပြည်နယ်ဝန်ကြီးက။ အဲ့ဒီ ပြည်နယ်ဝန်ကြီးက သူပြန်သွားတဲ့အခါမှာ သူရဲ့ပြည်နယ်ကရှိတဲ့ဝန်ကြီးတွေနဲ့ ပြည်နယ်အတွက်အလုပ်လုပ်တာပေါ့။ ဒီလို လုပ်ခဲ့တယ်။ အဲ့တော့ ဒီလိုလုပ်ခဲ့တယ်ဆိုတဲ့အခါကျတော့။ ဘာရှိလဲဆိုတဲ့အခါကျတော့ သမ္မတကိုအလှည့်ကျထားတယ်။ ဒါအားလုံးမှတ်မိပါတယ်။ တပ်မတော်က အာဏာသိမ်းတဲ့အခါမှာ ကရင်သမ္မတမန်းဝင်းမောင်က သမ္မတဖြစ်နေပါတယ်။ ၉ ရက်အလိုမှာ ၉ ရက်ပြည်‌့လို့ရှိရင် ဆမားကြီးကသမ္မတတက်ဖြစ်ပါ့မယ်။ အချင်းချင်းနောက်ပြီးတော့တောင်ပြောတယ်။ ငါကံဆိုးပါ တယ်ကွာ နောက် ၉ ရက်ဆိုရင်ငါလွတ်သွားတယ်ဆိုပြီးတော့ပြောပါတယ်။ အချင်းချင်းနောက်ကြတယ်။ ဒါကကျွန်တော်တို့ဖြစ်ခဲ့တဲ့ဟာတွေ တိုင်းရင်းသားလူမျိုးနွယ်တွေနှင့်ပတ်သက်တဲ့ အခွင့်အရေးတွေကို အဲ့ဒီလိုအကောင်အထည်ဖော်ခဲ့တာ ဒါပေမယ့်အနှစ်သာရအားဖြင့် ပြည်သူအတွင်းကိုသိပ်ပြီးတော့ နက်နက်ရှိုင်းရှိုင်းမရောက်ခဲ့ပါဘူး။ အဲ့ဒီလို တိုင်းရင်းသားတွေရဲ့အခွင့်အရေးကိုလည်း ကာကွယ်မယ် ဆိုတဲ့ဥပဒေလည်း မပေါ်ပေါက်ခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ ကျွန်တော်တို့ဆောင်ရွက်ခဲ့တာပေါ့လေ။ ၁၉၆၂ ခုနှစ်အထိပေါ့။ ၁၉၆၂ ခုနှစ်ကျတဲ့အခါကျတော့ တော်လှန်ရေးကောင်စီတက်လာတယ်။ တော်လှန်ရေး ကောင်စီလည်းပဲ ဖဆပလရဲ့အမွေကိုခံရတယ်ဆိုတဲ့အခါကျတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ အတွေးအခေါ်တွေကို တိုင်းရင်းသားလူမျိုးတွေရဲ့အခွင့်အရေးတွေကို ပစ်ပယ်လို့မရဘူး။ ပစ်ပယ်လို့ မရတဲ့အခါကျတော့ တော်လှန်ရေးကောင်စီတက်ပြီးတာနဲ့ ၁၉၆၄ ခုနှစ်မှာ မန္တလေးမှာလုပ်တဲ့ ပြည်ထောင်စုနေ့အခမ်းအနားမှာ အားလုံးပြည်ထောင်စုကိုယ်စားလှယ်တွေပါပါတယ်။ တိုင်းနှင့် ပြည်နယ်အားလုံးက။ ပြည်ထောင်စုနေ့အခမ်းအနားမှာ တော်လှန်ရေးကောင်စီရဲ့ တိုင်းရင်းသား လူမျိုးများအပေါ်မှာ အမြင်နှင့် ခံယူချက်ဆိုပြီးတော့ ကြေညာချက်ထုတ်ပါတယ်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဆွဲတော့လည်း အဲ့ဒီခံယူချက်က အဲ့ဒီထဲမှာပါပါတယ်။ သူကဘာပြောထားလဲဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများအပေါ်မှာ တော်လှန်ရေးကောင်စီရဲ့ အမြင်နှင့် ခံယူချက်မှာ ဥမကွဲသိုက်မပျက်အတူနေကြမယ်။ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုလွတ်လွတ် လပ်လပ်ဖော်ဆောင်ရွက်နိုင်တယ်။ လူမှုဖွံ့ဖြိုးမှုများတဲ့လူက လူမှုဖွံ့ဖြိုးမှုနည်းတဲ့လူကိုကူညီရမယ်။ ပြီးတော့ တိုင်းရင်းသားလူမျိုးစုများရဲ့ရပ်တည်ရှင်သန်ခွင့်ကို အားပေးရမယ်။ တန်းတူညီမျှတဲ့ အခွင့်အရေးရှိရမယ်ဆိုပြီးတော့ ၁၉၇၄ ခုနှစ်မှာ ၁၉၆၄ ခုနှစ်က တော်လှန်ရေးကောင်စီရဲ့ အမြင်နှင့် ခံယူချက်အတိုင်းပဲပါပါတယ်။ ပါတော့ အဲ့ဒီဥစ္စာကို တိုင်းရင်းသားအခွင့်အရေးတွေ ဒီလိုပေးထားပြီး တော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ဘယ်လိုအကောင်အထည်ဖော်သလဲဆိုရင် နံပါတ်(၁) အချက်က နိုင်ငံဥသျှောင်ဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် နိုင်ငံဥသျှောင်ပဲသူက။ အဲ့ဒါ ပြည်နယ်နှင့် တိုင်းတစ်ခုစီမှာ တစ်ယောက်စီပါပါတယ်။ သမ္မတဆိုတာလည်းရှိတယ်ဆိုတော့ ဒါကအထွဋ်အထိပ် ပေါ့။ တိုင်းရင်းသားလူမျိုးတွေကိုအခွင့်အရေးပေးတယ်ဆိုပြီးတော့ အထွဋ်အထိပ်မှာ နိုင်ငံတော် ကောင်စီဆိုပြီးတော့ ပါပါတယ်။ တကယ်ကတော့ နိုင်ငံတော်ကောင်စီဆိုပေမယ့် လုပ်ပိုင်ခွင့်ကတော့ သမ္မတတို့၊ ဝန်ကြီးချုပ်တို့လောက်သိပ်မရှိပါဘူး။ ပြည်နယ်နှင့် တိုင်းတွေကျတဲ့အခါကျတော့ သူ့ဟာနဲ့သူပေါ့လေ။ ရွေးကောက်ပြီးတော့ အဆင့်ဆင်‌့ပေါ့။ တိုင်းကောင်စီ၊ မြို့နယ်ကောင်စီအစရှိ သဖြင့် ဒီလိုရွေးကောက်ပြီးတော့သွားတာပါ။ အဲ့ဒီမှာလည်းပဲ ကျွန်တော်တို့က ပြောမယ်ဆိုရင်တော့ဖြင့် တိုင်းရင်းသားလူများအရေးနှင့်ပတ်သက်တဲ့ခံယူချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ ထိထိ ရောက်ရောက် နက်နက်ရှိုင်းရှိုင်းသိပ်မလုပ်နိုင်ဘူးလို့ပဲသုံးသပ်ရမယ်ထင်တယ်။ ဘာဥပဒေလည်း မရှိဘူး။ အဲ့တော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုပြီးတော့လုပ်ကြတာ အဲ့ဒီလို လုပ်ကြတာ တစ်ခါကျွန်တော်တို့ ဒီနေ့ခေတ်ကျတဲ့အခါကျတော့လည်း သိတဲ့အတိုင်းပဲ ကျွန်တော်တို့ လွှတ်တော်နှစ်ရပ်ထားတယ်။ အမျိုးသားလွှတ်တော်ကတော့ တိုင်းရင်းသားတွေကိုယ်စားပြုပြီးတော့ ၁၂ ယောက်စီ၊ ကျွန်တော်တို့ ဒီပြည်သူ့လွှတ်တော်ကတော့ တစ်ယောက်စီ အဲ့ဒီလိုရှိပါတယ်။ ရှိတော့ ဒီမှာကျွန်တော်ကပြန်စဉ်းစားတယ်။ အခွင့်အရေး အခွင့်အရေးလို့ဆိုတာဘာတွေလည်း တိုင်းရင်းသား လူမျိုးတွေရဲ့အခွင့်အရေးဆိုတာဘာလဲ အခွင့်အရေးလို့ပြောလိုက်လို့ရှိရင်စာပေ၊ စကား၊ ယဉ်ကျေးမှု ဒီလောက်ပဲပြောကြတယ်။ တကယ်ကတော့ အခွင့်အရေးဆိုတာဟာ နိုင်ငံရေးမှာလည်းတူညီတဲ့ အခွင့် အရေးရှိရမယ်။ စီးပွားရေးမှာလည်း တူညီတဲ့အခွင့်အရေးရှိရမယ်။ ယဉ်ကျေးမှုမှာလည်း တူညီတဲ့ အခွင့်အရေးရှိရမယ်။ အဲ့ဒါမှ ကျွန်တော်တို့ တူညီတဲ့အခွင့်အရေးလို့အဓိပ္ပာယ်ဖော်လို့ရမယ်။ အဲ့တော့ ဒါကို ကျွန်တော်တို့ပြန်သုံးသပ်တဲ့အခါမှာ ကနေ့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့က ဒီလိုခေတ်တွေကို ကျွန်တော်တို့ ဒီမှာလည်းပဲထပ်မပြောချင်တော့ပါဘူး။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တိုင်းရင်းသားတွေနှင့်ပတ်သက်လို့အများကြီးရေးထားပါတယ်။ သို့သော် အကောင်အထည်ဖော်နိုင်မှုအပိုင်းမှာတော့သိပ်ပြီးတော့ အားရစရာမရှိသေးဘူးပေါ့လေ။ အဲ့တော့ ခေတ်အဆက်ဆက်မှာ ကောင်းမယ်လို့ယူဆပြီးတော့ လုပ်ခဲ့တဲ့ခံယူချက်တွေရှိခဲ့ပါတယ်။ ဥပဒေဆိုတာတော့ မရှိခဲ့ပါဘူး။ ဥပဒေမရှိတဲ့အတွက် ကျွန်တော်တို့ပြောဖို့ဆိုဖို့ ဥပဒေနဲ့ ကိုင်ပြောဖို့ဆိုတာ လက်ဆုပ်လက်ကိုင်မရှိပါဘူး။ ဒါကျွန်တော်တို့ ဒီနေ့အချိန်အထိလက်ဆုပ်လက်ကိုင် မရှိပါဘူး။ လက်ဆုပ်လက်ကိုင်ပြောနိုင်အောင်ကတော့ ဥပဒေတစ်ခုကတော့လိုတယ်လို့ခံယူတယ် ဘာဖြစ်လဲဆိုရင် ကျွန်တော်တို့က ဒီလူမျိုး ၁၃၅ ဦးကိုလည်း အကုန်လွှမ်းခြုံအောင်လုပ်ဖို့ဆိုတာ လွယ်လွယ်ကူကူနဲ့တော့မဖြစ်ဘူး။ ကာလတိုတိုနဲ့တော့မဖြစ်ဘူး။ သူများနိုင်ငံတွေလည်း သွားလေ့လာ ဖို့လိုတယ်။ ဒါကတော့ဥပဒေပညာရှင်တွေနဲ့လုပ်ရမယ့်အပိုင်းပေါ့လေ။ အဲဒီတော့ကျွန်တော်ပြောချင် တာက ခေတ်အဆက်ဆက်မှာအစိုးရတစ်ခါပြောင်းတယ်ဆိုရင် အရင်အစိုးရပေါ့လေ။ ခေတ်တစ်ခါပြောင်းတယ်ဆိုရင်ခေတ်ဟောင်းကကိစ္စတွေကိုအမွေခံရပါတယ်။ကောင်းတာရှိမယ် မကောင်းတာရှိမယ်။ မကောင်းတာတွေကိုပယ်၊ ကောင်းတာတွေကိုယူပြီးတော့အမွေခံရပါတယ်။ ဒါဟာ ဒီနေ့အထိပါပဲ။ ဒါကြောင့်ကျွန်တော်တို့လွှတ်တော်လည်းပဲ ဖဆပလလက်ထက်ကအသုံးအနှုန်း တွေရော၊ ဖဆပလလက်ထက်ကကျင့်စဉ်တွေရော၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က ကျင့်စဉ်တွေရော အသုံးအနှုန်းတွေရော ဒီလိုလုပ်ရတာပါ။ ကျွန်တော်တို့လက်ထက်ကျတဲ့အခါကျတော့ ကျွန်တော်တို့က ဒီအခွင့်အရေးဆိုတဲ့ဟာကြီးကို ပြည်သူအားလုံးကို ကျွန်တော်တို့ဘယ်လိုပေးမလဲ အဲ့ဒါ အရေးကြီးပါတယ်။ ပြည်သူအားလုံးကို ဘယ်လိုပေးမလဲဆိုတော့ ကျွန်တော်တို့က တိုင်းရင်းသား တိုင်းရင်းသားဆိုတာအကုန်လုံးပါတယ်နော်။ ဗမာလည်းပါတာပဲ ဗမာလည်းတိုင်းရင်းသားပဲ အကုန်လုံး ပါတယ်။ တိုင်းရင်းသားတွေအခွင့်အရေးဆုံးရှုံးနေတာ ကျွန်တော်တို့ကဘယ်လိုဖော်ဆောင်ပေးမလဲ ဘယ်လိုကူညီပေးမလဲ ဒါတွေရှိပါတယ်။ အဲ့တော့ ဒီနေရာမှာ ကျွန်တော်တို့က လူမျိုးတွေရဲ့ဗီဇ၊ သဘာဝစိတ်ထား၊ အဲ့ဒါကျွန်တော်နည်းနည်းတင်ပြချင်တယ်။ ကျွန်တော်တို့မှာ သည်းခံတတ်တဲ့ သွေးဆူ တယ်ပေါ့နော်။ သည်းသိပ်မခံတတ်ဘူး။ ခွင့်လွတ်တဲ့အမြင်သိပ်မလှရှိဘူး။ ကျွန်တော်စော်ကားတာ တော့မဟုတ်ဘူး။ ကျွန်တော့်အမြင်လေးပါ။ အဲ့ဒီလိုဖြစ်တဲ့အခါကျတော့ တစ်ယောက်ကတစ်မျိုးဆိုရင် နောက်တစ်ယောက်ကတစ်မျိုးဖြစ်တယ်။ ဒါကြောင့်မို့လို့ တိုင်းပြည်မှာကနေ့အထိ ပြည်တွင်းစစ်ကြီးက အသက်ရှည်နေတယ်။ နမူနာအားဖြင့် ကျွန်တော်တင်ပြမယ်ဆိုရင် ကျွန်တော်တို့လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလက ကျွန်တော်တို့ဆိုတာတော့နည်းနည်းကြီးကျယ်တာပေါ့။ ကျွန်တော်တို့ခေါင်းဆောင်ကြီး တွေပါ။ လွတ်လပ်ရေးကြိုပမ်းစဉ်အခါတုန်းက ဗိုလ်ချုပ်အောင်ဆန်းကလွတ်လပ်ရေးသွားတောင်း တယ်။ ဒါပေမယ့် ကျန်တဲ့အဖွဲ့က လွတ်လပ်ရေးဆိုတာဟာတောင်းယူလို့မရဘူး။ တိုက်ယူမှရမယ်ဆိုပြီး တော့ ကွဲတော့တာပဲ အဲ့ဒီမှာ။ ကွဲတာပဲ ကျွန်တော်တို့ ဒီဘက်မှာဒါကြောင့်မို့လို့ ကျွန်တော်တို့ရဲ့လူမျိုးကို ကအဲ့ဒီလိုဖြစ်တာ ကျွန်တော်တို့လူမျိုးနှင့်ပတ်သက်ပြီးတစ်ခုပြန်ကြည့်တယ်။ ဖဆလပလက်ထက်မှာ တိုင်းရင်းသားတပ်တွေရှိတယ်။ ကချင်တပ်တွေရှိယ်။ ကယာတပ်ရှိတယ်။ ကရင်တပ်ရှိတယ်။ ချင်းတပ် ရှိတယ်။ ကျွန်တော်တို့ ဧရာဝတီတိုင်းဘက်လည်းလာတာပဲ တပ်ရှိတယ်။ ပြီးတဲ့အခါကျတော့ ကျွန်တော် တို့အစိုးရအဖွဲ့မှာလည်း ကရင်တွေလည်းပါတယ်။ တိုင်းရင်းသားတွေလည်းပါတယ်။ ပြည်နယ်တွေပဲ သူဘာသူအုပ်ချုပ်နိုင်တဲ့ဝန်ကြီးတွေရှိတယ်။ အဲ့ဒီလိုရှိပေမယ့်လို့ အစဆုံးတောခိုတာကရင်ပဲ ကရင်က စစချင်းတောခို   တာပဲ ။ ပြီးတော့မှကျန်တဲ့ဟာတွေကတောခိုတယ်။ အဲဒီလိုတောခိုလိုက်တာနဲ့တစ်ပြိုင် တည်းအယူအဆဟာမြေပေါ်နဲ့မြေအောက်ဆိုတာကွဲသွားတယ်။ ကျွန်တော်တို့မြေပေါ်ဆိုတာက ဒီ ဖဆပလ လက်ထက်တုန်းကပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်ရဲ့အာဏာဆိုတာမြို့ပေါ်မှာလောက်ပဲ ရှိတာ။ နယ်တွေမှာအကုန်လုံးတောတွင်းလက်နက်ကိုင်တွေကအုပ်စိုးထားတာ။အဲ့ဒီ့ အခါကျတော့ တောတွင်းလက်နက်ကိုင်တွေကပြည်သူတွေကိုစည်းရုံးခွင့်ရတယ်။ ဒီကောင်တွေလူမျိုးကြီးပဲကွ။ ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့လေ။ အဲ့ဒီအစွဲတွေက Generation  ဒီကနေ့အထိနေရာတိုင်းမှာ ပြည်နယ် နှင့်တိုင်းတွေမှာ အဲ့ဒါတွေဝင်နေတယ်။ ဒီဥစ္စာကို ကျွန်တော်တို့ဖျောက်လို့မရသေးဘူး။ လုပ်ခဲ့တဲ့သူတွေ ကတော့ ကျွန်တော်တို့သေကုန်ပါပြီ။ တောင်းဆိုခဲတာတွေ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ်ပါ။  အစရှိသဖြင့် Generation တွေမှာဆက်ပြီးတော့ပြဿနာဖြစ်နေတာ တစ်ယောက်နဲ့ တစ်ယောက်အထင်အမြင်မှားတဲ့ကိစ္စတွေဖြစ်နေတယ်။ အဲ့တော့ ဒါကို ကျွန်တော်တို့ ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ဥစ္စာကို ကျွန်တော်လည်းတော်တော် ကျွန်တော့်ဘဝပေါ့လေ။ နိုင်ငံရေးလုပ်လာတာ အနှစ် ၄၀ ၊ ၅၀ လောက်တော့ရှိပြီ။ နိုင်ငံရေးပဲလုပ်တာ ဘာမှမလုပ်ဘူး။ ကျွန်တော်လည်း ဒီပြဿနာကို အမျိုးမျိုးစဉ်းစားတယ်။ ကျွန်တော်တို့က ဒီကနေ့ အနီးကပ်ဆုံးပြောရရင် လက်ရှိအစိုးရေပေါ့လေ။ ဖြေရှင်းရမယ့် ပြဿနာတွေ ဒီသံသယတွေကိုဖြေရှင်းရမယ့် ပြဿနာတွေကို သံသယပျောက်မှ အမှန် ဘဝရောက်မယ်ဆို့တဲ့သီချင်းလေးလည်းရှိတာကို။ အဲ့ဒီတော့ ဒီသံသယတွေကိုပျောက်အောင် ကျွန်တော်တို့ ဘယ်လိုလုပ်မလဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေအခွင့်အရေးဆုံးရှုံးနေတဲ့ဟာတွေ အမြန်ဆုံးဖြေရှင်းပေးရမယ်။ ဥပမာ- ရခိုင်၊ ကိုယ့်အိမ်ကို ပြန်မနေရဘူး။ ကိုယ့်ရွာကိုယ်ပြန်မနေရဘူး။ ဒါအခွင့်အရေးဆုံးရှုံးတာပဲ။ အဲ့ဒါကို အမြန်ဆုံးဖြေရှင်းရမယ်။ ကရင် ပြေးလွှားနေရတယ်။ ရှောင်ပုန်းနေရတယ်။ ဖြေရှင်းရမယ်။ အမြန်ဆုံး။ အဲ့ဒီလိုပဲအနည်းနှင့် အများဆိုသလိုပဲတိုင်းနှင့် ပြည်နယ်တွေမှာရှိတယ်။ ဒီကိစ္စတွေဟာ ကျွန်တော်တို့အမြန်ဆုံးဖြေရှင်းပေးရမယ်။ မဖြေရှင်းလို့ မရဘူး။ အဲ့ဒီကိစ္စမဖြေရှင်းရင်းသံသယဆိုတာပွားနေမှာပဲ။ ဖြစ်နေမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်းထိတွေ့ပြီးပြောနေတဲ့အခါကျတော့ မှန်တာတွေလည်းရှိ၊ မမှန်တာတွေလည်းရှိပေါ့လေ။ ကျွန်တော်တို့တောသူတောင်သားတွေကတော့ သဘာဝအတိုင်းပြောမယ်ဆိုရင်တော့ အေးအေးဆေးဆေးပါပဲ။ အေးအေးဆေးဆေးနေလိုကြတယ်။ ကျွန်တော်တို့တောသွားတဲ့အခါမှာပြော တယ်။ ဟေ့ မင်းတို့ ဘယ်အစိုးရပဲတက်တက်ကွာတို့က အေးအေးဆေးဆေးနေရရင်ပြီးရော။ အဲ့လို ပြောတဲ့ရွာတွေ လူတွေလည်းအများကြီးပါ။ ဒါကြောင့်မို့လို့ ကျွန်တော်အကြံပြုချင်တဲ့အချက်ကတော့ နံပါတ်(၁)အချက် အခွင့်အရေးဆုံးရှုံးနေတဲ့တိုင်းရင်းသားတွေကို အခွင့်အရေးဆိုတာကျွန်တော်ပြော တာက နိုင်ငံရေးရော၊ စီးပွားရေးရော၊ လူမှုရေးနယ်ပယ်ရောအကုန်လုံးဆုံးရှုံးနေတဲ့ကိစ္စကို သေသေ ချာချာလေးလေနက်နက်စဉ်းစားပြီးတော့ အမြန်ဆုံးဖြေရှင်းပေးပါ။ ဒုတိယအချက် ကျွန်တော်စဉ်းစား လို့ရသလောက် မဖွံ့ဖြိုးသေးဘူးဆိုတဲ့ပြည်နယ်နှင့် တိုင်းတွေကို သေသေချာချာဆွေးနွေးပြီးတော့ ဘတ်ဂျက်ပိုပေးစမ်းပါ။ ပေးလိုက်စမ်းပါ။ တစ်ခုပဲမင်းတို့မဖွံ့ဖြိုးတဲ့ဒေသကို ဖွံ့ဖြိုးအောင်လုပ်ရမယ်။ လမ်းဖောက်ရမယ်။ ကျောင်းတွေဖြစ်ရမယ်။ စာမတတ်တဲ့သူမရှိရဘူး။ အဲ့ဒီလို လိုတဲ့ဘတ်ဂျက်ကိုတိုး ပေးလိုက်စမ်းပါ။ တစ်နှစ်ဖြစ်ရင်ဖြစ်မယ်။ နှစ်နှစ်ဖြစ်ရင်ဖြစ်မယ်။ သုံးနှစ်ဖြစ်ရင်ဖြစ်မယ်။ အကန့်အသတ်နဲ့ပေါ့။ ဘယ်လောက်လုပ်နိုင်သလဲပေါ့။ အဲ့ဒီလိုတိုးပေးလိုက်လို့ရှိရင် ကျွန်တော်တို့က ဒါရမယ်။ ဒီလိုဟာမျိုးတွေကို ဖြေရှင်းပေးရမယ်။ အဲ့ဒီလိုလုပ်ရင်းနဲ့ သူရဲ့ပင်ကိုယ်ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံ ဒါတွေကိုဖော်ဆောင်သွားလို့ရှိရင် အဲ့ဒီလိုလည်းတိုးတက်လာမယ်။ အဲ့ဒီလိုလည်းလုပ်နိုင်မယ်ဆိုလို့ရှိရင် ဖော်ဆောင်သွားရင်းနဲ့ တကယ့်ကိုသံသယတွေပျောက်လာပြီး တော့ အမှန်ဘဝကိုရောက်မယ်လို့ ကျွန်တော်ယူဆပါတယ်။ နောက် ဒုတိယအချက် စီးပွားရေးနှင့် ပတ်သက်လို့ အရေးကြီးပါတယ်။ ဒီကနေ့ အထင်အမြင်လွဲမှားနေတဲ့ကိစ္စဟာ စီးပွားရေးမှာ ကျွန်တော်တို့က စောစောကတည်းကခံယူထားတယ်။ ဖွံ့ဖြိုးမှုများတဲ့လူက ဖွံ့ဖြိုးမှုနည်းတဲ့လူကိုကူညီ ရမယ်။ ဒါကျွန်တော်တို့မှာရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က တိုင်းရင်းသားတွေရဲ့နယ်ပယ်မှာ စီးပွားရေးသမားတွေကနယ်ချဲ့လာတယ်။ ဒါ အဓိကကျတယ်။ တကယ်ကတော့ ကျွန်တော်တို့ တိုင်းရင်းသားတွေဆိုတာချမ်းသားတဲ့လူတွေမဟုတ်ဘူး။ ကိုယ့်ဟာကိုယ် လယ်လုပ်၊ ကိုယ့်ဟာကို လုပ်ကိုင်စားသောက်တဲ့လူတွေဖြစ်တယ်။ နယ်ချဲ့လာတဲ့အခါကျတော့ တို့လယ်မှာသူတို့ကလာလုပ် တယ်။ ဗမာတွေကလာလုပ်တယ် အစရှိသဖြင့်ပေါ့လေ။ ဒီအမြင်မျိုးတွေဟာ အမြင်လွဲမှားတယ်။ ဒါတွေ ကျွန်တော်တို့က ပညာပေးရမယ်။ ဘယ်လိုပညာပေးရမလဲဆိုတော့ သူတို့လည်းပဲ ဘာခေါ်မလဲ သူတို့ လည်းပဲ လုပ်နိုင်တဲ့အတိုင်းအတာဘောင်ဝင်အောင် ပိုက်ဆံရှိတဲ့လူတွေလည်းဘောင်ဝင်အောင်၊ ပိုက်ဆံမရှိရင်လည်းလုပ်လို့မရဘူးလေ။ အဲ့ဒီတော့ တိုင်းရင်းသားတွေကို ပစ်ပယ်ရာမကျအောင် အဲ့ဒီလိုလုပ်ငန်းလေးတွေ ကျွန်တော်တို့ တီထွင်ပေးရမယ်။ အဲ့ဒီလိုဆိုရင် ကျွန်တော်တို့အပေါ်မှာ အထင်အမြင်လွဲသွားတဲ့ကိစ္စတွေ ဒါလေးကလည်း ရှင်းသွားနိုင်တယ်။ နောက်တစ်ခု ကျွန်တော်တို့ ကဒီမိုကရေစီ၊ ဈေးကွက်စီးပွားရေးဆိုပြီးတော့ ကျွန်တော်တို့ကပြောနေပေမယ်လို့ တကယ်ကျတော့ ဒီမိုကရေစီမဖြစ်သေးတဲ့နေရာတွေက အများကြီးပဲ ဒါကျွန်တော်တခြားတိုင်းရင်းသားတွေလည်းရှိမှာ ပါ။ ပြောသွားတဲ့အထဲမှာလည်းပါတယ်။ ကျွန်တော်တို့ကရင် ကရင်နှစ်သစ်ကူး အခုအချိန်အထိ ကရင်နှစ်သစ်ကူးလုပ်မယ်ဆိုရင်ခွင့်တောင်းနေရတုန်းပဲ။ ဘာဖြစ်လဲဗျ ကရင်နှစ်သစ်ကူး။ ကရင်အမျိုး သားတွေအတွက် ကရင်နှစ်သစ်ကူးလုပ်တာပဲ လုပ်စမ်းလွတ်လွတ်လပ်လပ် ဒီလိုဖြစ်စေချင်တာ။ ဘာဖြစ်လို့ခွင့်တောင်းပြီးတော့ ဘာဖြစ်လို့လုပ်နေတာလဲမသိဘူး။ နေရာတိုင်း၊ ရွာတိုင်းမှာလုပ်နေ တာပဲ။ လုပ်တဲ့နေရာတိုင်းခွင့်တောင်းရတာပဲ။ အဲ့ဒီလိုဖြစ်နေတယ်။ အဲ့တော့ ဒါတွေဟာ မဖြစ်သင့် မဖြစ်ထိုက်တဲ့ဟာတွေ၊ ဒီကိစ္စတွေကလည်း ကျွန်တော်တို့အချင်းချင်းအမြင်လွဲမှားစရာတွေဖြစ်လာ တယ်။ ဒါတွေလည်း ဖြေရှင်းပေးဖို့လိုတယ်။ ဒီလိုဖြေရှင်းလိုက်ရင် ခုနက ကဏ္ဍမျိုးစုံမှာဖြေရှင်း လိုက်လို့ရှိရင် ဥပဒေတော့မရှိသေးဘူးပေါ့ဗျာ။ ဖြေရှင်းပေးလိုက်လို့ရှိရင် အတတ်နိုင်ဆုံးသံသယတွေ ကင်းသွားမယ်လို့ယူဆတယ်။ ဒါကြောင့်မို့လို့ ဒါတွေလုပ်နိုင်အောင် ပီပီပြင်ပြင်ဖြစ်အောင် ဥပဒေတစ်ခု ကတော့ရှိမှဖြစ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါရုံနဲ့တော့ အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ပြီးတော့ အကောင် အထည်ဖော်သွားလို့မရဘူး။ အဲ့ဒီတော့ ဥပဒေတစ်ခုကတော့ရှိမှဖြစ်မယ်။ ဒါကြောင့် ဒီဥပဒေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကွတ်ခိုင်မဲဆန္ဒနယ်က ဦးတီခွန်မြတ်ရဲ့အဆိုမှာ တိုင်းရင်းသား လူမျိုးတွေရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတာရှိသင့်ပါတယ်လို့ ဦးတီခွန်မြတ်ရဲ့ အဆိုကိုထောက်ခံရင်းနဲ့ ကျွန်တော်နိဂုံးချုပ်အပ်ပါတယ်။