Skip to main content

ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်တင်သွင်းသွားသော တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေး

ဦးစိုးရယ်(ဒီမော့ဆိုမဲဆန္ဒနယ်) ။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး  နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ အားလုံးမင်္ဂလာပါလို့  ဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။  ကျွန်တော်ကတော့ ကယားပြည်နယ်၊ ဒီမော့ဆိုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးရယ် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဤလွှတ်တော် အစည်းအဝေး သတ္တမနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်တင်သွင်းသွားသော တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော် ဆွေးနွေးတင်ပြမယ်‌့အချက်တွေမှာ ဥပဒေပုဒ်မ အချို့ကိုကိုးကားပြီး တင်ပြမှာဖြစ်တဲ့အတွက် စာဖြင့်ကြည့်ရှုဖတ်ကြား တင်ပြခွင့်ပြုပေးပါရန် ခွင့်တောင်းခံအပ်ပါတယ်။ ဒီအဆိုဟာ ပြည်ထောင်စု တစ်နံတစ်လျားမှာ မှီတင်းနေထိုင်ကြတဲ့  ပြည်ထောင်စုဖွား တိုင်းရင်းသားလူမျိုးအားလုံးတို့ရဲ့ အခွင့်အလမ်းနှင့် သက်ဆိုင်တဲ့အပြင် တိုင်းရင်းသားလူမျိုးများ၏ တူညီကြတဲ့ ဆန္ဒသဘောထားနှင့်လည်း တစ်ထပ်တည်းကျ နေတဲ့အတွက် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး မျှော်လင့်တောင်းတနေကြသော အဆိုကောင်းတစ်ရပ်လို့ ယူဆမိပါတယ်။ အဆိုရှင်တင်ပြ သွားတဲ့ အချက်များထဲက တိုင်းရင်းသားလူမျိုးများ ရဲ့အခွင့်အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးကြီးတဲ့ အခြေခံမူအခန်းတွင် ပြဋ္ဌာန်းပါရှိသော်လည်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ့် ဥပဒေမျိုး မရှိခဲ့တာဟာ ကျွန်တော်တို့နိုင်ငံရဲ့ အားနည်းချက်တစ်ရပ်ဖြစ်ပဲလို့ ခံယူရမှာ ဖြစ်ကြောင်း၊ ၁၀၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၆၁/၂၉၅ အရ ဒေသခံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကြေညာစာတမ်း ပါ ထုတ်ပြန်ချက်၊ အိမ်နီးချင်းနိုင်ငံနှင့် နိုင်ငံတို့ရဲ့တိုင်းရင်းသားလူမျိုးများ အခွင့်အရေးနှင့် ပတ်သက် ပြီး မည်သို့ဥပဒေပြဋ္ဌာန်းပြီး မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်သည်ကို အကျဉ်းချုံးတင်ပြ သွားတဲ့အပေါ်မှာ လေ့လာသုံးသပ်ကြည့်လျှင် နိုင်ငံဟာလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃ အရ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင်‌့ရှောက်ပေးသည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန်  အမှန်တကယ်လိုအပ်နေသည်မှာ သိသာထင်ရှားလှပါတယ်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များမှ တိုင်းရင်းသားဟူတဲ့ စကားရပ်နှင့်စပ်လျဉ်းပြီး အခန်း(၁) မှာ ပုဒ်မ ၃၊ ပုဒ်မ ၆(ခ)၊ ပုဒ်မ ၁၅၊ ပုဒ်မ ၁၇(ဂ)၊ ပုဒ်မ ၂၂ (က)၊ (ခ)၊ (ဂ)၊ ပုဒ်မ ၂၈၊ ပုဒ်မ ၄၀(ဂ) တို့တွင် လည်းကောင်း၊ အခန်း(၅)မှာ ပုဒ်မ ၂၆၂ (င)၊ (ဆ)၊ (ဇ)၊ (ဈ)၊ ပုဒ်မ ၂၇၆(ဇ) တို့တွင်လည်းကောင်း၊ အခန်း(၈)မှာ ပုဒ်မ ၃၄၅(က)၊ ပုဒ်မ ၃၅၄(ဃ)၊ ပုဒ်မ ၃၆၅၊ ပုဒ်မ ၃၈၇ တို့တွင်လည်းကောင်း၊ အခန်း(၉) တွင် ပုဒ်မ ၃၉၁ (ဂ)နှင့် အခန်း(၁၁) မှာ ပုဒ်မ ၄၁၇ တို့တွင် ပြဋ္ဌာန်းဖော်ပြပါရှိထားပါတယ်။ အဆိုပါ ပုဒ်မ များဟာ တိုင်းရင်းသားလူမျိုးများအတွက် ညီမျှမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ ပါဝင်ဆောင်ရွက် နိုင်မှုအခွင့်အရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ပေးမည်‌့ အခွင့်အရေး၊ အကျိုးစီးပွားများကို ကာကွယ်ပေးမှုအခွင့်အရေးစသည့် တိုင်းရင်းသားလူမျိုးများရဲ့ ရပိုင်ခွင့်ခံစား ပိုင်ခွင့်၊ အခွင့်အလမ်းများကို ပြဋ္ဌာန်းပေးထားသော်လည်း ပုဒ်မအများစုမှာ လက်တွေ့၌ အကောင် အထည်ဖော်ပေးနိုင်မှု အားနည်းနေသည်ကို တွေ့ရှိရပါတယ်။ ဒါဟာ ထိရောက်စွာ အကောင်အထည် ဖော်ပေးနိုင်မယ့် လက်တွေ့ကျင့်သုံးနိုင်သော ဥပဒေတစ်ရပ်ပြဋ္ဌာန်းထားခြင်း မရှိသေးတဲ့ လိုအပ်ချက်၊ အားနည်းချက်တစ်ရပ်ပဲ ဖြစ်ပါတယ်လို့ သုံးသပ်ရမိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့်သက်ဆိုင်သော ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက် ပေးရာမှာ ဥပဒေဖြင့် တိတိကျကျပြဋ္ဌာန်းထားပေးခြင်းမရှိပါက ဆောင်ရွက်ပိုင်ခွင့်၊ အခွင့်အာဏာရှိ သော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် စိတ်ကောင်းစေတနာကောင်းနှင့် ဆောင်ရွက်သော်လည်း လွဲချော်မှု၊ မှားယွင်းမှုစတဲ့ အားနည်းချက်များ ပါရှိခဲ့ပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အလမ်းနစ်နာ ဆုံးရှုံးသွားပါက ယုံမှားသံသယစိတ်တွေ ဝင်လာကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ထိခိုက် ပျက်ပြားစေနိုင်ပါတယ်။ အတိတ်သမိုင်းက အတွေ့အကြုံနှင့် သင်ခန်းစားကို ပြန်ကြည့်မယ်ဆိုလျှင် ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တိုင်းရင်းသားများရဲ့ အခွင့်အရေးနှင့်စပ်လျဉ်းပြီး ပြဋ္ဌာန်းပါရှိသော်လည်း လက်တွေ့ကျင့်သုံးဖော်ဆောင်ပေးမည့် ဥပဒေ မျိုးမရှိခဲ့တဲ့ အားနည်းချက်ကြောင့် ပြည်ထောင်စုအတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးအချို့ဟာ နိုင်ငံတော်အပေါ်မှာ ယုံကြည်မှုကင်းမဲ့ခဲ့ပြီး မကျေလည်မှုများလာတဲ့ အခါမှာ လက်နက်ကိုင်ပဋိပက္ခ များ ပေါ်ပေါက်ခဲ့တဲ့ အခြေအနေအထိ ရောက်ရှိသွားတဲ့အတွက် ယနေ့အထိ နိုင်ငံရေးအရ ဖြေရှင်း ဆောင်ရွက်နေရဆဲကိုလည်း သတိပြုရမယ့်အချက်ပင် ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီး ခင်ဗျား။ မိမိတို့ တိုင်းရင်းသားအားလုံးသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ နယ်နိမိတ် အတွင်း အမိုးအကာတစ်ခုတည်းအောက်ဝယ် သမိုင်းအစဉ်အဆက် အတူတကွယှဉ်တွဲနေထိုင်လာကြ တဲ့ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်သည် သမိုင်းတစ်လျောက်တွင် သွေးကပြောသောစကားကို တိုင်းရင်းသားအားလုံးက တန်ဖိုးထားကာ အရေးကြီးလျှင် သွေးစည်းညီညွတ်ခဲ့ကြတဲ့ သမိုင်းသာဓက များလည်းပါတယ်။ အမိ ပြည်ထောင်စုအတွင်းမှာ တစ်အူတုံဆင်းများပီပီ နိုင်ငံတော်၏ ပကတိအရှိ တရားကို မျက်မှောက်ပြုကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုအားဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲအောင် တည်ဆောက်သွားကြမှာဖြစ်ပြီး အမျိုးသားရေးမူဝါဒ၊ အမျိုးသားရေးတာဝန် တစ်ရပ်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ်ဦးထိပ်ပန်ဆင်လျှက် ကျစ်လစ်သိပ်သည်းခိုင်မာတဲ့ စည်းလုံးညီညွတ်မှုကို အခြေခံ၍ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ဝိုင်းဝန်းတည်ဆောက်ကြရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရာတွင် တရားဥပဒေစိုးမိုးရေးသည် အလွန်အရေးကြီးပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်း၏ အရေးကြီးပုံကို အသိအမှတ်ပြုခြင်းဖြစ်၍ တိုင်းရင်းသားအချင်းချင်းတစ်ဦးပေါ်တစ်ဦး အပြန်အလှန်လေးစား တန်ဖိုး ထားခြင်းသည်လည်း ဒီမိုကရေစီ၏ အနှစ်သာရကို ဖော်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီကျင့်သုံး ရာတွင် ရင့်ကျက်မှု၊ အချိန်ကာလနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးတို့၏ ပူးပေါင်းပါဝင်မှုအပေါ် မူတည်၍ ဒီမိုကရေစီရှင်သန်ခိုင်မာ လာမည်ဖြစ်ပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေး သို့မဟုတ် ဥပဒေနှင့်အညီ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လည်း ဒီမိုကရေစီအရေး၊ လူအခွင့်အရေး များကို အခြေခံဥပဒေနှင့်အညီ မြှင့်တင်ဖော်ဆောင်ပေးခြင်းပဲဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သမ္မတကြီးဦးဆောင်သော နိုင်ငံတော်အစိုးရဟာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးရဲ့ ဆန္ဒနှင့်အညီ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပေးလျှက်ရှိရာမှာ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ပေးရာတွင် သိသာထင်ရှားသော အောင်မြင်ဖြစ်ထွန်းမှုများရရှိနေပြီဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်း ပြောကြားချက်နှင့် လမ်းညွှန်မှာကြားချက်မှာပါတဲ့ တိုင်းရင်းသားအရေးကိစ္စနှင့် စပ်လျဉ်းသော ပြောကြားချက်အချို့ကို ကောက်နှုတ်တင်ပြလိုပါတယ်။ ၂၀၁၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေးသို့ မိန့်ခွန်းပြောကြားရာမှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ခံစားနေကြရတဲ့ ခါးသီးတဲ့ဒဏ်ရာ တွေစူးနစ်တဲ့အတွေ့အကြုံတွေ၊ ပျောက်ဆုံးနေတဲ့ အိမ်မက်တွေ အားလုံးဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်။ ဒါဟာ ကျွန်တော်တို့ အားလုံးအတွက် သမိုင်းပေးတာဝန်တစ်ရပ်လည်း ဖြစ်ပါတယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။ ဒါ့အပြင် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ပထမအကြိမ်အစည်းအဝေးသို့ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြသည့်အတွက် တန်းတူရည်တူဆက်ဆံမှုနှင့် တန်းတူရည်တူ အခွင့်အရေးရသင့်ပါကြောင်း၊ တိုင်းရင်းသားတို့၏ တူညီသောအဓိကဆန္ဒသည် ပြည်ထောင်စုအတွင်း တိုင်းရင်းသားလူမျိုးစုအားလုံးတန်းတူရည်တူ ဆက်ဆံမှုနှင့် တန်းတူရည်တူညီမျှစွာ အခွင့်အရေးရရှိ ရေးပင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးစုအလိုက် မိမိတို့၏ စာပေ၊ ယဉ်ကျေးမှုအနုပညာနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၅ တွင် နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ မိမိတို့ အမြတ်တနိုးထားရှိသော စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနှင့်ဓလေ့ထုံးတမ်းတို့ကို လွတ်လပ်စွာ ပြုစုပျိုးထောင်ဆောင်ရွက်ပိုင်ခွင့် ရှိသည်ဟူ၍ ဖော်ပြပါရှိသည့်အတွက် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို မထိခိုက်အောင် အခြားတိုင်းရင်းသားလူမျိုးတစ်ဦး သို့မဟုတ် အများကို မထိခိုက်အောင် လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပေးပြီး ခေတ်စနစ်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးမည် ဆိုပါက တိုင်းရင်းသားတို့၏ လိုအင်ဆန္ဒပြည့်ဝကြမည့်အပြင် အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ် ရေးနှင့် တိုင်းရင်းသားပဋိပက္ခများကို ပြေလည်သွားစေမည်ဟု ယုံကြည်ပါကြောင်းစသည့် လမ်းညွှန်မှာ ကြားချက်များကို လေ့လာမှတ်သားရတဲ့အပေါ်မှာ တိုင်းရင်းသားလူမျိုးများအတွက် ဥပဒေပြဋ္ဌာန်း ပေးရန် လိုအပ်နေသည်မှာ ပေါ်လွင်ထင်ရှားနေပါတယ်။ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ လွှတ်တော်ကျင်းပလာတဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ ဥပဒေပြုရေး ကဏ္ဍ၌ အထိုက်အလျောက်သိကျွမ်းလာကြပြီး ဖြစ်သည့်အားလျော်စွာ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေတစ်ရပ်သည် ကျယ်ပြန့်နက်ရှိုင်းတဲ့အတွက် တိုင်းရင်းသားလူမျိုးများ အားလုံးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံးကိုလွှမ်းခြုံပြီး ခေတ်နှင့်အညီ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့်ချိန်ထိုးပြီး မျှမျှတတဖြစ်ရေးအတွက် အချိန်ယူလေ့လာ သုံးသပ် ကာ စဉ်းစားညှိနှိုင်း ဆွေးနွေးပြီးနောက် ဆုံးဖြတ်အတည်ပြုကြရမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။  ကျွန်တော်ဟာ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကြီးမှာ တိုင်းရင်းသားလူမျိုးစုအဖွဲ့ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ အမျိုးသားညီလာခံအစုအဖွဲ့ ၈ ဖွဲ့တို့မှ ကိုယ်စားလှယ် များဟာ ဒေသစုံ၊ နယ်ပယ်စုံ၊ တိုင်းရင်းသားလူမျိုးစုံနှင့် အသိပညာရှင်၊ အတတ်ပညာရှင်ပေါင်းစုံ တစ်ရာကျော်တို့ ဝိုင်းဝန်းဆွေးနွေးအကြံပြုပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး၊ ပြည်ထောင်စု အကျိုး၊ တိုင်းရင်းသားများအကျိုးအတွက် နိုင်ငံတော်ရဲ့ပကတိ အရှိတရားနှင့် လျော်ညီဆုံးဖြစ်တဲ့ အခြေခံမူများကို ချမှတ်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဓိက ဆိုလိုချင်တာကတော့ စောစောက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစတီဖန် ဆွေးနွေးသွားတဲ့ ဒုတိယပင်လုံညီလာခံဆိုတဲ့ အမည်တပ်ပြီး လွှတ်တော်ပြင်ပ ဆွေးနွေးပြောဆိုချက်များဟာ နိုင်ငံတကာမှာအထင်အမြင်လွဲမှားစေပြီး တိုင်းရင်းသား အချင်းချင်း စည်းလုံးညီညွတ်ရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူ့ ဆန္ဒများနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားတဲ့ လွှတ်တော်အတွင်း ဆွေးနွေးချက်များသာလျင် တရားဝင်ဖြစ်ကြောင်း သတိပြုကြဖို့ လိုအပ်ပါတယ်။ ဦးတီခွန်မြတ်ရဲ့ အဆိုမှာပါဝင်တဲ့ ဥပဒေပြဋ္ဌာန်းနိုင်ရေး ဦးတည်ချက်ထားရှိတင်ပြချက်များထက် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ၊ ဆွေးနွေးချက်များသည်လည်း သတိပြုဆင်ခြင်စရာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။ နိဂုံးချုပ်အနေနဲ့  လွှတ်တော်ကိုယ်စားလှယ်များဟာ ပြည်ထောင်စုရဲ့အကျိုး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့အကျိုးကို ရှေးရှုပြီး လွှတ်တော်ရဲ့ အဓိကပင်မတာဝန်ဖြစ်တဲ့ ဥပဒေ ပြုရေးတာဝန်ကို ဒီမိုကရေစီကျင့်စဉ်နှင့်အညီ လွတ်လပ်စွာပွင့်လင်းမြင်သာမှုရှိတဲ့ လွှတ်တော် နိုင်ငံရေးထဲမှာပဲ ဖော်ဆောင်ပေးကြရမှာ ဖြစ်သလို တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အလမ်းများကို ဤလွှတ်တော်ကြီးမှ သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ် စောင်‌့ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို လေးလေးနက်နက် ထောက်ခံတင်ပြအပ်ပါတယ် ခင်ဗျား။