Skip to main content

တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုနှင့် ပတ်သက်ပြီးတော့ ထောက်ခံဆွေးနွေး

ဦးစတီဖန် (ကျိုင်းတုံမဲဆန္ဒနယ်)။            ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းပါ စေကြောင်း ဆုမွန်ကောင်း  တောင်းရင်း နှုတ်ခွန်းဆက်ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ကျိုင်းတုံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဦးစတီဖန်ဖြစ်ပါတယ်။ ကျွန်တော် ဆွေးနွေးမှာ ကတော့ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတီခွန်မြတ်တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုနှင့် ပတ်သက်ပြီးတော့ ထောက်ခံဆွေးနွေးမှာ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၁ မှာဆိုရင် နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ပတ်သက်ပြီး အတိအလင်းပြဋ္ဌာန်း ထားတာရှိပါတယ်။ သို့ပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားများဖြစ်တဲ့ နိုင်ငံသားတွေဟာ အခြား နိုင်ငံသားများကဲ့သို့ တန်းတူညီတူအခွင့်အရေးမရယူ နိုင်ကြတာကို ကျွန်တော်တို့ ဝမ်းနည်းဖွယ်တွေ့မြင် ရပါတယ်။ ကျွန်တော် ကျိုင်းတုံဒေသမှာနေတဲ့အတွက် ကျိုင်းတုံနဲ့ပတ်သက်တဲ့ကိစ္စလေးကို ခိုင်းနှိုင်းပြီး နှိုင်းယှဉ်တင်ပြလိုပါတယ်။ ကျွန်တော်တို့ ကျိုင်းတုံဒေသမှာဆိုရင် ကျောက်မီးသွေး၊ ခနောက်စိမ်း၊ မဂ္ဂနီစီယမ်အောက်ဆိုဒ်စတဲ့ သတ္တုတွေအများအပြားထွက်ရှိတယ်လို့ ကြားသိရပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ တိုင်းရင်းသားများနဲ့တော့ လားလားမှမဆိုင်သလိုဖြစ်နေပါတယ်။ ပညာ တတ်တယ်။ ဓနအင်အားရှိတယ်ဆိုတဲ့ အခြားနိုင်ငံသားများကသာ အကျိုးခံစားစီးပွားတိုးတက် နေတာကို ကျွန်တော်တို့ ဝမ်းနည်းဖွယ်တွေ့နေရပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်း သားများဟာ ဆင်းရဲခြင်းဒုက္ခကနေ ဖြတ်လမ်းကလိုက်တဲ့အနေနဲ့မူးယစ်ဆေးဝါးတွေစိုက်ပျိုးတယ်။ ရာသီဥတုဖောက်ပြန်ခြင်း သက်ဆိုင်ရာတရားဝင်ဖျက်ခြင်းကြောင့် ဒုက္ခရောက်တယ်။ ငွေကြေး ချေးငှားပြီးတော့ စီးပွားရေးလုပ်တယ်။ ကုန်ကူးတယ်။ အဖမ်းခံရတယ်။ ဥပဒေဘယ်လောက် အတိမ် အနက်ရှိတာကိုနားမလည်ကြဘူး။ ရုံးတော်ရောက်တဲ့အခါကျမှ အကန့်အသတ်မရှိ ထောက်ဒဏ်ကျ နိုင်တယ်ဆိုတာ သိလာတဲ့အခါမှာ ရှိသမျှစည်စိမ်တွေ၊ လယ်တွေ၊ ယာတွေ၊ ကျွဲနွားတွေရောင်းချပြီး ပြစ်ဒဏ်သက်သာရေးအတွက် ကြိုးစားရေး၊ မိသားစုစီးပွားရေးပိုပြီးနစ်မွမ်းသွားခဲ့ရတဲ့ သာဓကမျိုးကို ကျွန်တော်တို့ တွေ့ရှိနေရပါတယ်။ စိတ်ထောင်းတော့ ကိုယ်ကြေ သားသမီးများကိုလည်းပဲ နောက်ဆုံး အဆင့်မှာ လူကုန်ကူးခံရမှုကို ခံနေရတာကိုတွေ့နေရပါတယ်။ ဘယ်မိဘကမှ ကိုယ့်ရဲ့သားသမီးကို လူကုန်ကူးခံရဖို့အတွက် ကျေကျေနပ်နပ်ပေးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် မတတ်နိုင်တဲ့အဆုံး ကြိတ်မှိတ်ပြီး ပေးနေရတယ်ဆိုတာ ကျွန်တော်တို့ ကြားသိနေရပါတယ်။ ဒါဟာ ဆင်းရဲခြင်း၊ စီးပွား မတိုးတက်ခြင်း၊ မဖွံ့ဖြိုးခြင်း၊ တိုင်းရင်းသားများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေ မရှိသေးတဲ့အတွက် ဒီလိုခံစားနေရတယ်ဆိုတာကို ကျွန်တော်သုံးသပ်မိပါတယ်။

          လေးစားအပ်တဲ့ ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံသားနှင့်တိုင်းရင်းသားဆိုတာကို ကွဲကွဲပြားပြား နားလည်ပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေ ပြဋ္ဌာန်းသင့် တယ်ဆိုတာကို ကျွန်တော်ဆွေးနွေးလိုပါတယ်ခင်ဗျား။ တိုင်းရင်းသားလူမျိုးများကို နိုင်ငံသားဖြစ်ကြ ပေမယ့် နိုင်ငံသားတိုင်းကတော့ တိုင်းရင်းသားမဖြစ်ပါဘူး။ နိုင်ငံသားဆိုတာ ဧည့်နိုင်ငံသား နိုင်ငံသား ပြုမှုဥပဒေတစ်ရပ်ရပ်မှာ အကြုံးဝင်လို့ဖြစ်လာတဲ့ နိုင်ငံသား၊ သူတို့ဟာတိုင်းရင်းသားမဟုတ်ကြပါဘူး။ ဒါကြောင့် ဖွဲ့စည်းပုံအ‌ွခေခံဥပဒေပုဒ်မ ၂၁ နဲ့ လုံလောက်မှုမရှိလို့ ပုဒ်မ ၂၂ ကိုပါ ထပ်ဆင့်ပြဋ္ဌာန်း ထားတာကိုကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်။ ပုဒ်မ ၂၂ အပိုဒ်ခွဲ(က)၊(ခ)၊(ဂ) မှာ ပြဋ္ဌာန်းတဲ့ဥပဒေရဲ့ နောက်ဆုံး ဝါကျအဆုံးကိုကြည့်မယ်ဆိုလို့ရှိရင် ကူညီဆောင်ရွက်မယ်ဆိုပြီး ပါရှိတာအဆုံးသတ်ထား တာကိုတွေ့ရပါတယ်။ ဒါဟာမကူညီရသေးဘူး။ ကူညီဖို့ ရည်ရွယ်ချက်ရှိတယ်။ ကူညီဖို့လိုသေးတယ် ဆိုတာကို ကျွန်တော့်အနေနဲ့ သဘောပေါက်နားလည်မိပါတယ်။ ဒီလိုဖော်ဆောင်ရန်ကျန်နေသေး တာကို ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များက နည်းဥပဒေ ထပ်ဆင့်ပြဋ္ဌာန်းဖို့လိုနေတယ်လို့ ကျွန်တော့်အနေနဲ့ သုံးသပ်ဆွေးနွေးတင်ပြအပ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့ ကိုယ်စားလှယ်များဟာ တစ်နိုင်ငံလုံးရဲ့ မြို့အသီးသီးကနေပြီးတော့ ပြည်သူများကနေ ဝိုင်းဝန်းပြီး မဲထည့်ပေးလို့ ကိုယ်စားလှယ်ဖြစ်လာကြတဲ့အတွက် တိုင်းရင်းသားများရဲ့ဆန္ဒကို ဖြည့်စွမ်းဖို့လည်း ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်လို့ ကျွန်တော်အလေးအနက်ခံယူမိပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လွတ်လပ်ရေးရရှိရေးအတွက် ၁၉၄၇ ခုနှစ်မှာ ပင်လုံညီလာခံ ကိုကျင်းပခဲ့သော်လည်း ယနေ့ခေတ်ကာလ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရရှိသကဲ့သို့ တိုင်းရင်းသားပေါင်းစုံပါဝင်နိုင်ခြင်းမရှိတာကို တွေ့ရပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ယနေ့ လွှတ်တော် ပြင်ပမှာ ဒုတိယပင်လုံညီလာခံဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောဆိုနေကြပါတယ်။ တိုင်းရင်းသား ရေးရာကိစ္စရပ်များကို ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတာဟာလည်း နိုင်ငံတော်ရဲ့အရေးသုံးပါးကို ထိပါးလာမှာစိုးရိမ်မိပါတယ်။ ဒီကနေ့ လွှတ်တော်မှာ ဒေသအသီးသီးက တိုင်းရင်းသားပေါင်းစုံပါတီ ပေါင်းစုံပါဝင်တဲ့ ပြည်သူများက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ လွှတ်တော်ကြီးမှာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင်‌့အရေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး နေကြတာကိုအားရစရာကောင်းလှပါတယ်။ ကျွန်တော်အမြင်မှာတော့ လွှတ်တော်ျထက်ဘယ်ဟာမှ အရေးမပါတော့ဘူးလို့ လေးလေးနက်နက်ခံယူမိပါတယ်ခင်ဗျား။ ဒီလိုဆွေးနွေးရာမှာလည်း တိုင်းရင်း သားစည်းလုံးညီညွတ်ရေးကို ဦးတည်ပြီးဆွေးနွေးဖော်ပြသင့်ပါတယ်။ ဘယ်တိုင်းရင်းသားက ဘယ်လို ဆင်းရဲတယ်။ ဘာတွေမရဘူးဆိုပြီး ဆွေးနွေးချက်များဟာလည်း အချင်းချင်းအထင်အမြင် လွဲမှားနိုင် တယ်ဆိုတာ သတိပြုနိုင်ဖို့ တင်ပြလိုပါတယ်။ အဆိုရှင် ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအတွက် အကြံဉာဏ်ကောင်းများ ထည့်သွင်းသင့်တဲ့အချက်များ မည်သည့်အဖွဲ့၊ မည်သည့်ပုဂ္ဂိုလ်ကော်မတီများမှ ရေးဆွဲသင့်ကြောင်း စတဲ့အချက်တွေကိုသာလျှင် အလေးပေးဆွေးနွေးသင့်တယ်လို့ ယူဆမိပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၂ မှာ ကျွန်တော်တို့နိုင်ငံရေး ဥပဒေပြုရေးအာဏာကို မိမိတို့ ပါဝင်တဲ့လွှတ်တော်ကိုယ်စားလှယ်များလက်ဝယ် နိုင်ငံတော်နှင့်ပြည်သူအများကနေပြီးမှ အပ်နှင်း ထားပြီးဖြစ်တယ်လို့ ကျွန်တော် ယူဆမိပါတယ်။ ဘာကြောင့် ကိုယ့်အပေါ်အပ်နှင်းထားတဲ့ တာဝန်ကို တခြားသူလက်လွှဲပေးရမလဲ။ အလေးအနက်ထားစဉ်းစားသုံးသပ်သင့်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၂၅ ဇယား ၄ မှာ ကျမ်းသစ္စာပြုစဉ်ကအတိုင်း ကျရာတာဝန်ကိုထမ်းဆောင်ရမှာ ဖြစ်ကြောင်း နားလည်သဘောပေါက်မိပါတယ်ခင်ဗျား။ ဒါကြောင့် ဥပဒေပြုရေးအာဏာကို အပ်နှင်း ခံထားရတဲ့ ကျွန်တော်တို့လွှတ်တော်ကြီးဟာ တိုင်းရင်းသားများရဲ့အခွင့်အရေးကို ကာကွယ်စောင့် ရှောက်တဲ့ဥပဒေကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ် တယ်လို့ ဆွေးနွေးတင်ပြလိုပါတယ်။ ဒါမှသာ တိုင်းရင်းသားများ၊ လူမျိုးများရဲ့ အိပ်မက်ဟာအကောင် အထည်ပေါ်လာမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း(၁) နိုင်ငံတော်အခြေခံမူများတွင် ပါဝင်သော ပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စာပေ၊ အနုပညာ၊ ယဉ်ကျေး မှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်အတွက်လည်းကောင်း တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်ရေး၊ လေးစားရေးနဲ့ ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန်အတွက်လည်းကောင်း၊ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေ၍ တိုင်းရင်းသားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေး အတွက် လည်းကောင်း ထိရောက်စွာဖော်ဆောင်နိုင်မှု နည်းဥပဒေကို ထပ်မံပြဋ္ဌာန်းဖို့လိုအပ်ပါတယ်လို့ ကျွန်တော် ဆွေးနွေးလိုပါတယ်။ ဒါကြောင့်မို့လို့ အဆိုရှင် ဦးတီခွန်မြတ် ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌရဲ့ အဆိုဖြစ်သော တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေးတင်ပြအပ်ပါ တယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင်ပါတယ်။