Skip to main content

ဦးတီခွန်မြတ်၏ အဆိုကို ဘားအံမဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ ဆွေးနွေးခြင်း

ဒေါ်နန်းစေအွာ(ဘားအံမဲဆန္ဒနယ်)။     ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သ လိုက်ပါတယ်ရှင်။ ကျွန်မကတော့ ကရင်ပြည်နယ်၊ ဘားအံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာ ဖြစ်ပါတယ်ရှင့်။ ကျွန်မအနေဖြင့် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ ဥက္ကဋ္ဌကြီရှင့်။ အတိတ်ဆိုတာ မမေ့ကောင်းတဲ့အရာ ပါ။ အတိတ်ကိုသင်ခန်းစာယူပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ကျွန်မတို့တွေဟာ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကိုလိုနီနယ်ချဲ့တို့ရဲ့ ကျူးကျော်မှုတွေကြောင့်        ၁၈၈၅ ခုနှစ်မှာ နိုင်ငံတော်ရဲ့အာဏာ လုံးဝလက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ တိုင်းရင်းသားပြည်သူအပေါင်းတို့ရဲ့ စည်းလုံးညီညွတ်မှု စွမ်းအားတွေကြောင့် နယ်ချဲ့ ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲတွေမှာ အသက်ပေါင်းများစွာ စတေး၍ ဆင်နွှဲခဲ့ကြသောကြောင့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံတော်အဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်ရှင်။ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်းမှာ ပါလီမန်ဒီမိုကရေစီစနစ်ကို ပီပြင်စွာမကျင့်သုံးနိုင်ခဲ့တဲ့အတွက် တိုင်းရင်း သားများဟာ မိမိတို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးများဆုံးရှုံးခဲ့ရပါတယ်။ ဒီကိုယ်ပိုင်အခွင့်အရေး ဆုံးရှုံးခဲ့တဲ့အတွက် ဝိရောဓိမှတစ်ဆင့် ပဋိပက္ခအဖြစ်အသွင်ကူးပြောင်းလာခဲ့ပါတယ်။ ယနေ့ တိုင်းရင်းသားများရဲ့ပဋိပက္ခဟာ ဖြစ်ပေါ်နေသည်မှာ နှစ်ပေါင်းအားဖြင့် ၆၀ ကျော်လာပြီဖြစ်ပါ တယ်ရှင့်။

ဥက္ကဋ္ဌကြီးရှင့်။ ဒီတိုင်းရင်းသားများရဲ့ ပဋိပက္ခရှိနေသ၍ စစ်မှန်သောဒီမိုကရေစီကို ရရှိနိုင်မှာ မဟုတ်ပါဘူးရှင်။ စစ်မှန်သော ဒီမိုကရေစီမရရှိနေသ၍ တိုင်းရင်းသားများရဲ့ထာဝရ ငြိမ်းချမ်းရေးကိုလည်းဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူးရှင့်။ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁ အပိုဒ်ခွဲ (ဃ)မှာ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နှင့် တားမြစ်ချက်များ ထိရောက်ခိုင်မာပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းရမည်ဟုပါရှိပြီး ဖြစ်ပါတယ်ရှင့်။ ဒါ့ကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏လှေကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ တက်ညီလက်ညီရွက်အကုန်လွှင့်တက်စုံကာ ချီနိုင်တက်နိုင်ဖို့အတွက် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေပြဋ္ဌာန်းရေးအဆို အချိန်တန်ပြီဖြစ်ပါကြောင်း ထောက်ခံတင်ပြရင်း နိဂုံး ချုပ်အပ်ပါတယ်ရှင့်။