Skip to main content

မိုင်းရှုးမဲဆန္ဒနယ်မှ ဦးကျော်တင်ရွှေမှ ဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ် နှစ်ဖြာကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ ရှမ်းပြည်နယ်အလယ်ပိုင်း၊ မိုင်းရှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦကျော်တင်ရွှေ ဖြစ်ပါတယ်။        ကျွန်တော့အနေနဲ့ ဦးတီခွန်မြတ် ကွတ်ခိုင်မဲဆန္ဒနယ်မှ အဆိုပြုထားသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို ဆွေးနွေးထောက်ခံအကြံပြုသွားမှာ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားများရဲ့ အခွင့်အရေးနှင့် ပတ်သက်ပြီး စံပြုတိုင်းတာမည်ဆိုပါက အခြေခံလူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ အဆင့်အတန်းကွာခြားခြင်းကြောင့်၊ ယနေ့တိုင် တောင်းဆိုမှုများရှိနေရခြင်းဖြစ် ကြောင်း လေ့လာတွေ့ရှိရပါတယ်။ တိုင်းရင်းသားလူမျိုးအသီးသီးမှာ စာပေ၊ ယဉ်ကျေးမှုအမွေအနှစ်၊ ဓလေ့ထုံးတမ်းစဉ်လာကောင်းများ ကိုယ်စီကိုယ်ငှရှိကြပြီးဖြစ်တဲ့အတွက်၊ ၎င်းအစဉ်အလာများ အဓွန့် ရှည်တည်တံ့ခိုင်မြဲအောင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားများရဲ့ မွေးရာပါတာဝန်များပင် ဖြစ်ပါတယ်။          အခြေခံလူမှုစီးပွားရေးများ မကောင်းတဲ့အတွက် မိမိတို့ရဲ့ ကိုယ်ပိုင်အမွေအနှစ်များ ထွန်းလင်းတောက်ပအောင် မဆောင်ရွက်နိုင်ကြတာကိုလည်း တွေ့မြင်ခဲ့ရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။      ယနေ့နိုင်ငံတော်၏ မြို့ပြ၊ ကျေးလက်နေပြည်သူများ အဆင့်အတန်းကွာဟမှု နည်းသထက်နည်းပါးအောင် ဆောင်ရွက်နေသည့် မူဝါဒသဘောအရ လမ်းပန်း ဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးရာ ကိုယ်စီအဝဝအားလုံး တစ်ပြေးညီ ခံစားခွင့်ရရှိ မည်ဆိုပါက ယခု တိုင်းရင်းသားရေးရာပြဿနာများ ချုပ်ငြိမ်းသွားမည်ဟု ယုံကြည်ယူဆမိပါတယ်။ ဒီပြဿနာများကို ပြေလည်အောင်ဆောင်ရွက်ဖြေရှင်းပေးမယ့် တာဝန်များဟာ ယနေ့ လွှတ်တော် အသီးသီးမှာ တက်ရောက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်များပဲ ဖြစ်တယ်လို့ခံယူပါတယ်။ အတိတ် ကာလက ပဒေသရာဇ်စနစ် လွှမ်းမိုးခဲ့သော အတွေးအခေါ်အမြင်များနဲ့ ယနေ့ ဒီမိုကရေစီစနစ် လုပ်နည်းလုပ်ဟန်များမှာ လွန်စွာကွာခြားနေပြီဆိုတာ ကိုယ်စားလှယ်များအားလုံးမှ သိမြင်ပြီးသား ဖြစ်လိမ့်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒါကြောင့် အတိတ်ကိုမျှော်မှန်းလွမ်းဆွတ်နေမည့်အစား ယနေ့ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားများရဲ့ အခက်အခဲများအတွက် ဘာလုပ်သင့်တယ်ဆိုတာ အဖြေရှာ ကြရန် လိုအပ်ကြောင်း ဆွေးနွေးလိုပါတယ်။     မိမိတို့ရဲ့ ရိုးရာအမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြံဆောင်ကြသလို တိမ်ကောပျောက်ကွယ်လုပြီဖြစ်တဲ့ အခြားတိုင်းရင်းသားမျိုးနွယ်စုငယ်များ ကိုလည်း ဝိုင်းဝန်း မြေတောင်မြှောက်ပေးရန်အတွက် ၎င်းတို့၏လိုအပ်ချက်အခွင့်အရေးများကို အဖြေ ရှာပြီး ဥပဒေပြဋ္ဌာန်း အမြန်ဆောင်ရွက်သင့်ပါတယ်။

လေးစားအပ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ စာပေသည် လူမျိုးတစ်မျိုး၏ သမိုင်း ကြောင်းကို ဖော်ထုတ်ပေးနိုင်ပြီး ထိုလူမျိုးများရဲ့ မျိုးဆက်မပျက်ယွင်းအောင် ထိန်းသိမ်းပေးနိုင်ပါ တယ်။ တိုင်းရင်းသားများရဲ့ အစဉ်အဆက် ထိန်းသိမ်းမြှင့်တင်လာခဲ့တဲ့ စာပေများကို အနာဂါတ် မျိုးဆက်သစ်၊ လူသားအရင်းအမြစ်များသို့ ပြန်လည်ဖြန့်ဝေပေးနိုင်မှသာ အဓွန့်ရှည်တည်တံ့သော လူမျိုးအဆက်ဆက်အဖြစ် တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ မြန်မာစာသည်ရုံးသုံးစာဟု အတည်ပြုပြဋ္ဌာန်း ပေးသော်လည်း တိုင်းရင်းသားလူနည်းစုများ၏ စာပေများကို တန်ဖိုးထားမြှင့်တင်သောအားဖြင့် ကျောင်းစာသင်ခန်းများတွင် ဒေသအလိုက် တိုင်းရင်းသားစာပေများ သင်ကြားနိုင်ရန် ဥပဒေများ ပြဋ္ဌာန်းပေးရမှာ ဖြစ်ပါတယ်။ သင်ကြားချိန်၊ သင်ကြားပေးမည့် ဆရာ ဆရာမများ၏ ထောက်ပံ့စရိတ် နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များအတွက် လိုအပ်ချက်များကို နိုင်ငံတော်မှ မည်ကဲ့သို့ဆောင်ရွက် ပေးမည်စသည့်အချက်များ ပြည့်စုံစွာဖော်ပြပေးခြင်းဖြင့် တိုင်းရင်းသားများ သံသယပျောက်ပြီး ဘဝမှန်သို့ ဧကန်မလွဲရောက်ရှိမည်ဟု ယုံကြည်ပါတယ်။ တိုင်းရင်းသားများအလိုက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာဓလေ့ထုံးစံများကို ဒေသအလိုက် မှတ်တမ်းပြုစုပြီး မြန်မာနိုင်ငံတော်အစိုးရ မော်ကွန်းတိုက်တွင် သိမ်းဆည်းမှတ်တမ်းတင်ပေးရန်နဲ့ လိုအပ်ပါက အသုံးပြုလေ့လာခွင့်ပေးရန်လည်း အကြံပြုတင်ပြအပ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။      ကျွန်တော်သည် ရှမ်းလူမျိုးတိုင်းရင်းသားတစ်ဦး ဖြစ်ပါ တယ်။        ကျွန်တော်ဟာ ရှမ်းတိုင်းရင်းသားအများစု နေထိုင်ကြတဲ့ဒေသများမှာ နှစ်သစ်ကူးအခါသမယ ရောက်တိုင်း မင်္ဂလာရှိစေရန် မိမိတို့စိုက်ပျိုးထားတဲ့ ကော်ပဲသီးနှံများ ပိုမိုတိုးပွားရန်၊ ကျန်းမာရွှင် လန်းပြီး သားစဉ်မြေးဆက်အထိ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး ရှမ်း နှစ်သစ်ကူးနေ့ကို နှစ်စဉ် နတ်တော်လဆန်းတစ်ရက်နေ့ရောက်တိုင်း ရှမ်းပြည်နယ်အနှံ့၊ ဒေသအ သီးသီးတွင် နေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများအားလုံးပါဝင်ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိပါတယ်။ ထိုနှစ်သစ်ကူးကျင်းပသော နေ့ရက်တစ်ရက်ကို ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေး ခြင်းအားဖြင့် ရှမ်းတိုင်းရင်းသားများ၏ ယဉ်ကျေးမှုကို အားပေးအားမြှောက်စေသည့်အပြင် အခြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပိုမိုအထောက်အကူရရှိမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ အခြားတိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များကိုလည်း ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးမည်ဆိုပါက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အထောက်အကူရရှိမည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဒါကြောင်‌့ ဦးတီခွန်မြတ်၊ ကွတ်ခိုင်မဲဆန္ဒနယ်ရဲ့တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆိုမှာ တိုင်းရင်းသားလူမျိုး အသီးသီး၏ ပျော်ရွှင်ချမ်းမြေ့သောအနာဂါတ်ဘဝဆီသို့ လက်တွဲဖော်ဆောင်သွားမည့် အဆိုဖြစ်ပါ သဖြင့် လေးလေးနက်နက် ထောက်ခံပါကြောင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။