Skip to main content

ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်း

ဦးမောင်တိုး(မင်းလှဆန္ဒနယ်)။              ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကြွရောက်လာသော ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးကို လေးစား စွာ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီး၊ မင်းလှဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်တိုး ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းကို အဆိုတင်သွင်းသွားမှာ ဖြစ်ပါတယ်။ ဒီအဆို တင်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(က)မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ နှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်ဟု ဖော်ပြထားပါတယ်။ ဒီတာဝန်ကို ပြည်ထောင်စုလွှတ်တော်အနေနဲ့ ပြည်သူတို့ကိုယ်စား ထိရောက်စွာ ထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ်ပါတယ်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ ဥပဒေကို လေ့လာကြည့်မယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ဖော်ပြပါတာဝန်ထမ်းဆောင်ဖို့ အတွက်ဆိုရင် အခက်အခဲရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရဲ့ဥပဒေ ၁၁(က)ကို စတင်ပြီးတော့ ပြင်ဆင်ရခြင်းဖြစ်ပါတယ်။ ဒီ ၁၁(က)မှာ ဆိုလို့ရှိရင် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ထူးခြားသော အ‌ခြေအနေကို အခါအားလျော်စွာ တင်ပြခြင်းလို့ပဲ ရေးထားပါတယ်။ ထူးခြားသော အ‌ခြေအနေကိုတောင်မှ အခါအားလျော်စွာပဲ တင်ပြရမယ်ဆိုရင်တော့ ဒီဥစ္စာက ကျွန်တော်တို့ လွှတ်တော်ကို တိတိကျကျတင်ပြဖို့ မပါရှိပါဘူး။ ဒါကြောင့်မို့လို့ ဒီဥပဒေကို ၁၁(က)ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် သို့မဟုတ် အမျိုးသား လွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ နိုင်ငံတော်၏အရအသုံးစာရင်းများ စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ တစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် တင်ပြခြင်း၊ ထူးခြားသောအ‌ခြေအနေကို အခါအားလျော်စွာ တင်ပြခြင်းဆိုတဲ့စကားရပ်နဲ့ အစားထိုးဖို့အတွက် တင်ပြထားခြင်း ဖြစ်ပါတယ်။  ဆက်လက်ပြီးတော့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ပုဒ်မ ၁၁ ပုဒ်မခွဲ(ည)မှာ ပါရှိတဲ့ မိမိရဲ့ဆောင်ရွက်ချက်ကို နိုင်ငံတော်သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဆိုတဲ့ ပုဒ်မခွဲကို ဒီပုဒ်မခွဲမှာ သူက မိမိရဲ့ဆောင်ရွက်ချက်ကို တင်ပြခြင်းဆိုတဲ့ဥစ္စာက ဒီလုပ်ဆောင်ချက်ကိုပဲ တင်ပြဖို့ဆိုတဲ့သဘောမျိုးသက်ရောက်တယ်လို့ စာရင်းစစ်ချုပ်ရုံးကလည်း ခံယူပါတယ်။ စာရင်း စစ်ဆေးချက်တွေကို လွှတ်တော်ကို တင်ပြစရာမလိုဘူးဆိုတဲ့သဘော ဖြစ်နေပါတယ်။ အဲဒါကြောင့်မို့လို့ ၁၁(ည)ကို မိမိဆောင်ရွက်ချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံသို့ တင်ပြသည် နှင့်တစ်ပြိုင်တည်းတွင် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဆိုတဲ့စကားရပ်နဲ့ ကျွန်တော် တို့ အစားထိုးဖို့ တင်ပြထားပါတယ်။ နောက် ကျွန်တော်တို့ စာရင်းစစ်ချုပ်ရဲ့ ဥပဒေမှာ လေ့လာ ကြည့်မယ်ဆိုလို့ရှိရင် ဒီပြည်ထောင်စုလွှတ်တော်တို့၊ ပြည်သူ့လွှတ်တော်တို့၊ အမျိုးသားလွှတ်တော် တို့ဟာ ၎င်းတို့ရဲ့လွှတ်တော်လုပ်ငန်းနဲ့ပတ်သက်တဲ့ဟာကိုပဲ စစ်ဆေးဖို့ ညှိနှိုင်းလာလို့ရှိရင် စစ်ဆေး ပေးရမယ်လို့ ပါပါတယ်။ ပြည်ထောင်စုလွှတ်တော်အနေနဲ့ စာရင်းစစ်ချုပ်ကို တစ်ခုခုကို စစ်ဆေးခိုင်း လို့ မရတဲ့ဟာမျိုး တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ပုဒ်မ ၁၁ ရဲ့ (ဌ)ရဲ့ နောက်မှာ (ဍ)ကို ဖြည့်စွက် ရခြင်းဖြစ်ပါတယ်။ ဖြည့်စွက်လိုတဲ့စာသားကတော့ ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရဌာနများ၊ အစိုးရအဖွဲ့အစည်းများနှင့် နေပြည်တော် ကောင်စီတို့၏ လုပ်ငန်းအကောင်အထည်ဖော်မှုကို စစ်ဆေးရန် တာဝန်ပေးအပ်လာပါက စစ်ဆေး၍ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံတင်ပြခြင်းဆိုတဲ့ ပုဒ်မခွဲ(ဍ)ကို ဖြည့်စွက်ရန် တင်ပြခြင်း ဖြစ်ပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော်ဟာ ဒီဥပဒေကြမ်းကို Private Bill အဖြစ်နဲ့ တင်တာဖြစ်သော်လည်းပဲ ဒီကျွန်တော်တို့ ပြည်သူ့ငွေစာရင်းကော်မတီ အနေနဲ့ ပြည်သူ့ငွေစာရင်းကော်မတီ ကို ပြည်သူ့လွှတ်တော်က ပေးအပ် ထားတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် ဘယ်လိုလုပ်မလဲဆိုတာကို ကျွန်တော်တို့ ကော်မတီ အနေနဲ့ စည်းဝေးပြီးတဲ့အခါကျတော့မှ ဒီလို ဥပဒေကို ပြင်သင့်တယ်ဆိုတာကို သိရှိရတဲ့အတွက် ဒီ ကျွန်တော်တို့ကော်မတီကနေပြီးတော့မှ အားလုံးရဲ့ သဘောတူညီချက်နဲ့ ဆုံးဖြတ်တာဖြစ်တဲ့အပြင် ပြည်သူ့လွှတ်တော်ရဲ့ ကော်မရှင်ကနေပြီးတော့ အကြံပြုချက်များအားလုံးနဲ့ ဒီအရာကို ရေးသားပြီး တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်ရဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်မှ ဆွေးနွေးအတည်ပြုပေးနိုင်ပါရန်အဆို တင်သွင်း အပ်ပါတယ်ခင်ဗျား။