Skip to main content

ဦးတီခွန်မြတ် တင်သွင်းသော တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုနှင့်ပတ်သက်ပြီး ဦးခွန်မောင်သောင်းမှ ထောက်ခံဆွေးနွေးသွား

ဦးခွန်မောင်သောင်း(ပင်လောင်းမဲဆန္ဒနယ်)။                 ။လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် အစည်းအဝေးခန်းမအတွင်းသို့ ရောက်ရှိလာကြသော ပြည်သူ့ကိုယ်စားလှယ်များ အားလုံး၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များအားလုံးကို လေးစားဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်သောင်းဖြစ်ပြီး ပအို့ဝ်တိုင်းရင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ တင်ပြဆွေးနွေးချက်မှာ နိုင်ငံတော်ခေါင်းဆောင်အသီးသီးများရဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး နှင့်ပတ်သက်ပြီး အမြင်နှင့်ခံယူချက်အပေါ်မှာ ညွှန်ကြားခဲ့တဲ့ မိန့်ခွန်မူရင်းများကို ထည့်သွင်းဆွေးနွေး တဲ့အတွက် စာဖြင့်ဖတ်ရှုဆွေးနွေးခွင့်ပြုပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျား။

  ဥက္ကဋ္ဌကြီးခင်ဗျား။ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းသော တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုနှင့်ပတ်သက်ပြီး ထောက်ခံဆွေးနွေးသွားမှာဖြစ်ပါတယ်။ ယင်းအဆိုဟာ ဒီနေ့ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်နေတဲ့နေရာမှာ အထူးလိုအပ်နေတဲ့ ဥပဒေတစ်ရပ် ဖြစ်တဲ့အပြင် တိုင်းရင်းသားတိုင်းမျှော်လင့်စောင့်စားနေတဲ့ ဥပဒေတစ်ရပ်လည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အတိတ် ကာလမှာ တောင်ပေါ်ဒေသမှာနေထိုင်ကြတဲ့ မျိုးနွယ်စုများသာလျှင် တိုင်းရင်းသားများဖြစ် ကြသည် ဟုမှတ်ယူသဘောထားကြပါတယ်။ တကယ်တော့ ပြည်ထောင်စုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မျိုးနွယ်စုအားလုံးဟာ တိုင်းရင်းသားများသာဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသောနိုင်ငံ ဖြစ်သည်ဟု ပြဋ္ဌာန်းပါရှိပါတယ်။ ရှေးပဝေသဏီကတည်းကပင် မွန်ဂိုကုန်းမြင့်မှ ဥမကွဲသိုက်မပျက် အတူတကွ နေထိုင်လာပြီး ရေကြည်ရာမြက်နုရာသို့ပြောင်းရွှေ့လာကြရာမှ ပထဝီအနေအထားအရ တစ်ဦးနှင့် တစ်ဦးအဆက်ပြတ်ကာ ရောက်ရာအရပ်၊ ရာသီဥတုပတ်ဝန်းကျင်ခြင်းမတူညီမှုတို့ကြောင့် အနေအထိုင်၊ အပြောအဆို၊ အဝတ်အစား၊ အမူအယာ၊ ဓလေ့ထုံးစံများ ကွဲပြားနေကြရခြင်းပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ မည်သည့်တိုင်းရင်းသားမဆို မိမိတို့ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ချစ်မြတ်နိုးကြသည်မှာအမှန်ပင်ဖြစ်ပါတယ်။ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန် လည်းကိုယ်စီရှိ ကြပါတယ်။ တိုင်းရင်းသားအရေးသည် နူးညံ့သိမ်မွေ့ကျယ် ပြန့်သောအရာဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များ အားလုံးသိကြပြီးဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်သောတိုင်းရင်းသားများ ရှိသလို မဖွံ့ဖြိုးမတိုးတက်သေးတဲ့တိုင်းရင်းသားများလည်း ယနေ့တိုင်တွေ့မြင်နေရပါတယ်။

ဥက္ကဋ္ဌကြီး ခင်ဗျား။ အချို့သောတိုင်းရင်းသားမျိုးနွယ်စုဟာ ပျောက်ကွယ်လုနီးပါးရှိကြောင်း ဝမ်းနည်းကြေကွဲ ဖွယ်ရာတွေ့မြင်နေရပါတယ်။ မြန်မာ့သမိုင်းပုဂံခေတ် ခေတ်ဦးပိုင်းမှာ ထင်ရှားစွာရှိနေသော မျိုးနွယ်စုများဖြစ်တဲ့ ပျူ၊ ကမ်းယံ၊ သတ်ဟာ ယနေ့မှာ မြန်မာ့သမိုင်းမှာ ပျောက်ကွယ်နေကြောင်း သမိုင်းအထောက်အထားများအရ တွေ့မြင်ရပါတယ်။ မြန်မာနိုင်ငံကံဆိုးမိုး မှောင်ကျခဲ့သော ကိုလိုနီနယ်ချဲ့ လက်အောက်မှာ နှစ် ၁၀၀ အတွင်းမှာ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှု မရှိခြင်း၊ နည်းပရိယာယ်အမျိုးမျိုးဖြင့် သွေးခွဲခံရတဲ့အတွက် လွတ်လပ်ရေးရယူတာ တောင်တညီတညွတ်တည်းမဖြစ်ခဲ့ပါဘူး။ နောက်ဆုံးမှာတော့ တစ်ဦးနှင့်တစ်ဦးသံသယစိတ်နှင့် ဆက်ဆံရေး မပြေမလည်ဖြစ်မှုကို အကြောင်းပြုကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ဆောင်ရမည့်အစား တစ်ဦးနှင့်တစ်ဦးသံသယ စိတ်နှင့်ကျောခိုင်းကာ လက်နက်ကိုင်ပဋိပက္ခအသွင်သို့ ရောက်ရှိ လာတာဟာ ယနေ့အထိပဲဖြစ်ပါတယ်။

      ဥက္ကဋ္ဌကြီးခင်ဗျား။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ ယနေ့ကာလအထိ အုပ်ချုပ်သော နိုင်ငံံ့ခေါင်းဆောင်အသီးသီးများဟာလည်းပဲ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှုမရှိလျှင် လက်နက်ကိုင်ပဋိပက္ခရှိနေလျှင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းမတည် ဆောက်နိုင်ကြောင်း အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျနေဦးမှာဖြစ်ကြောင်း သိမြင်လာကြပါတယ်။ ဒါကြောင့် နိုင်ငံရေးသမားတွေက တိုင်းရင်းသားအရေးကို တွင်တွင်ကျယ်ကျယ်ပြောဆိုလာတာကို ကြားရသိရ မြင်ရသိရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၉၇၄ ခုနှစ် ဖြစ်ပေါ်လာခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၀၈ မှာ ပေါ်ပေါက်လာခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေတိုင်းမှာ နိုင်ငံတော်အတွင်း တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများထွန်းကားစေရန် တန်းတူမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ အနှစ်သာရပါဝင်သော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြီး ပြဋ္ဌာန်းထားတာကိုလည်း လေ့လာသုံးသပ်တွေ့ရှိရပါတယ်။ နိုင်ငံ့ခေါင်းဆောင်အသီးသီးကလည်း တိုင်းရင်းသားအချင်းချင်း သံသယကင်းရှင်းပြီး စည်းလုံး ညီညွတ်မှု၊ ရိုင်းပင်းကူညီမှုဖြစ်ထွန်း စေရန်အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ ဥပမာအား ဖြင့်တင်ပြရမယ်ဆိုရင် ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၀ ရက် ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြုပြည်ပြု လွှတ်တော်မှာမိန့်ကြားခဲ့တဲ့မိန့်ခွန်းမှာ တိုင်းရင်းသားလူထု ညီညွတ်ရေး၊ စားဖားသမားတွေညီညွတ်တာ ကျွန်တော်မလိုချင်ဘူး။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး နှစ်ခုမရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာလွတ်လပ်ပင် လွတ်လပ်သော်ငြားလည်း ဘယ်ပါတီ တက်တက်၊ ဘယ်အစိုးရလုပ်လုပ် တိုင်းပြည်ကောင်းစားလာမှာမဟုတ်ဘူး။ တိုးတက်လာမှာ မဟုတ်ဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တော်လှန်ရေးကောင်စီဥက္ကဋ္ဌကလည်းပဲ          ၁၆ ကြိမ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားမှာ တိုင်းရင်းသားအရေးနှင့်ပတ်သက်၍ ညီမျှသော အခွင့်အရေး၊ ညီမျှသောအဆင့်အတန်းရရှိမှသာလျှင် စည်းလုံးညီညွတ်မှုအစစ်အမှန်ကိုရမည်ဖြစ်တဲ့ အတွက် ပြည်ထောင်စုသားအားလုံးညီမျှသောအခွင့်အရေး၊ ညီမျှသောအဆင့်အတန်များရအောင် ဆောင်ရွက်ပါမည် ဟူ၍ လည်းကောင်း၊ ဒီနေ့ ဒီမိုကရေစီနိုင်ငံတော်သစ်မှာချီတက်လျှက်ရှိတဲ့ ယခု အချိန်မှာ နိုင်ငံတော် သမ္မတကြီးက ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ မြွက်ကြားခဲ့တဲ့မိန့်ခွန်း မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ ယခင်အတွေ့အကြုံများအရ ပါးစပ်ကပြောနေရုံနဲ့ ဖြစ်မလာနိုင်ပါဘူး။ ပထဝီအနေအထားမရ ရေခြားမြေခြားဖြစ်နေတဲ့ ကျွန်တော်တို့ တိုင်းရင်းသားတွေ နေထိုင်တဲ့ဒေသတွေကို တစ်ဆက်တစ်စပ်တည်းဖြစ်သွားအောင် ကားလမ်းတွေ၊ မီးရထားလမ်းတွေ ဖောက်ပေးရမယ်။ တံတားတွေဆောက်ပေးရမယ်။ ပညာရေး၊ ကျန်းမာရေးအဆင်‌့အတန်းတွေကို မြှင့်တင်ပေးရမယ်။ တိုင်းရင်းသားတွေရဲ့လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာအောင် စီးပွားရေးအခြေခံ ကောင်းတွေကို ပြုလုပ်ပေးရမယ်လို့မိန့်မှာခဲ့ပါတယ်။

         ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ပထမအကြိမ်အစည်းအဝေးမှာလည်း နိုင်ငံတော်သမ္မတကြီးက တိုင်းရင်းသားပဋိပက္ခ တစ်နည်း အားဖြင့် လူမျိုးစုလက်နက်ကိုင် တိုက်ပွဲများ အဆုံးမသတ်နိုင်သေးရင် စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်ပေါ်စေတယ်။ တိုင်းရင်းသားပဋိပက္ခပြေပျောက်စေရန် နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အလမ်းများကို တန်းတူညီမျှဖန်တီးပေးရပါမယ်။ တိုင်းရင်းသားများအတွက် အသက်တမျှ အရေးကြီးတဲ့ ဥပဒေအရပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများနှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်မှလေ့လာသုံးသပ်ပြီးဥပဒေပြဋ္ဌာန်းပေးမယ်ဆိုရင် မိမိတို့ တာဝန်ယူဆောင်ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကော်မတီရဲ့လုပ်ငန်းဟာ အလျင်အမြန် အောင်မြင်နိုင်ကြောင်းမိန့်မှာချက်ကိုကြားသိရတဲ့အတွက် တိုင်းရင်းသားများဝမ်းမြောက်ဝမ်းသာကြိုဆို ခဲ့ရပါတယ်။ တစ်ဖန် လက်တွေ့ဆန်သောငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ၂၀၁၅ ခုနှစ်မတိုင်မီမှာ တိုင်းရင်းသားပေါင်းစုံပါဝင်သောညီလာခံကြီးတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါညီလာခံမှ တိုင်းရင်းသားများ၏နစ်နာမှုကိုတင်ပြတောင်းဆိုနိုင် ကြောင်း၊ ပေးနိုင်သည်ကို သက်ဆိုင်ရာပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းပြီးပေးမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ မပေးနိုင်သည်ကိုလွှတ်တော်သို့တင်ပြပြီး ဥပဒေပြုပေးလျှင်လုပ်ပေးရမည် ဖြစ်ကြောင်း သို့မှသာလျှင် ထာဝရငြိမ်းချမ်းရေးရရှိလာမှာဖြစ်ကြောင်းမှတ်သားလိုက်ရပါတယ်။

     ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားပေါင်းစုံပါဝင်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် များ၏ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်သော ငြိမ်းချမ်းရေးလိုလားသူများသို့ အိတ်ဖွင့် ပေးစာမှာလည်း ယခင်အစိုးရအဆက်ဆက်ကဆောင်ရွက်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ မည်သည့်အတွက်ကြောင့် မအောင်မြင်ခဲ့ရခြင်းကို အရှိကိုအရှိအတိုင်း၊ အမှန်ကိုအမှန်အတိုင်းသိရှိရန် သဘောထားထုတ်ပြန်ခဲ့ကြောင်း ကိုလည်း မှတ်သားရပါတယ်။ ကျွန်တော်တင်ပြဆွေးနွေးသော အကြောင်းအရာများကို ခြုံပြီးသုံးသပ်မယ်ဆိုရင် ပြီးခဲ့တဲ့အတိတ်ကာလတုန်းက တိုင်းရင်းသားများ၏ စိတ်ဝယ်တွင် ကိန်းအောင်းနေသော မညီမျှမှု၊ တန်းမတူမှု၊ မလွတ်လပ်မှုစတဲ့ သံသယစိတ်တွေ စွဲကပ်နေသော မကျေနပ်မှုတွေ၊ အတွေးအခေါ်ဟောင်းတွေကို တိမ်ကင်းစင်ပြီးလမင်းသာ သောညများလိုဖြစ်စေဖို့ ကျွန်တော်တို့လွှတ်တော်ကြီးက ကမကထပြုပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေပြဋ္ဌာန်းနိုင်ရေးကြိုးပမ်းပေးဖို့ တိုက်တွန်းဆွေးနွေးလို ပါတယ်။

      အဆိုရှင်တင်ပြထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ (က) ပါ နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်ဆိုတဲ့ပြဋ္ဌာန်းချက်ကို ဥပဒေပြဋ္ဌာန်းပြီးအကောင်အထည်ဖော် ဆောင်ရွက်ရန်ဆိုတဲ့ အချက်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂ (ခ)၊ (ဂ) ပါ ပြဋ္ဌာန်းချက်များကိုပါတစ်ပါတည်း ဥပဒေပြဋ္ဌာန်းရန်လိုအပ်ကြောင်း ဖြည်‌့စွက်ဆွေးနွေးလိုပါတယ်။ သို့မှသာလျှင် ယခင်ခေတ်အဆက် ဆက်ကလို ဖွံ့ဖြိုးမှုမလုပ်ပေးနိုင်ခြင်းသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့်လည်းကောင်း၊ နယ်မြေမအေးချမ်းမှုကြောင့်လည်းကောင်း အကြောင်းအမျိုးမျိုးပြကာ အဆုံးသတ်ရမည့်အဖြစ်မျိုး မရောက်ရလေအောင် သြင်္ကန်အမြောက်ဆံပါ ဟုမဆိုရလေအောင်၊ လွယ်အိတ်တစ်လုံးနဲ့ ရွာစဉ်လည် နေတဲ့ တိုင်းရင်းသားဝန်ကြီးမျိုးမဖြစ်ရလေအောင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းနိုင်ဖို့ အရေးကြီးကြောင်းတင်ပြလိုပါတယ်။

           ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ပို၍ရှင်း အောင် ပွင့်လင်းမြင်သာလာအောင်တင်ပြရမည်ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ (က) ပါ နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက် စေရန် ကူညီဆောင်ရွက်မည်ဟုပြဋ္ဌာန်းဖော်ပြထားသလို  ယခင့်ယခင် ဖွဲ့စည်းပုံအခြေခံဥပဒေ မှာလည်း အနက်အဓိပ္ပာယ်ချင်းဆင်တူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ တိုင်းရင်းသား များ မိမိတို့စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ ဖွံ့ဖြိုးတိုးတက်အောင်မြှင်‌့တင်ပေးတဲ့အခါမှာ သင်းဖွဲ့ ဥပဒေအရမှတ်ပုံတင်ရပါတယ်။ နှစ်နှစ်တစ်ကြိမ် မှတ်ပုံတင်ရပါတယ်။ ယခင်အစိုးရအဆက်ဆက်မှာ နှစ်သာကုန်ပြီး မှတ်ပုံတင်ကကျမလာတဲ့ သာဓကများစွာတွေ့ရပါတယ်။ ဒါဟာ ပေးကာပေး၏မရ သဘောဆောင်နေပါတယ်။ ရှေ့တိုးရမလိုလို နောက်ဆုတ်ရမလိုလိုနဲ့ ကြုံတွေ့ရပေါင်းလည်းရှိပါတယ်။ ထို့အတူ တိုင်းရင်းသားတိုင်းလိုလို မိမိတို့ချစ်မြတ်နိုးသော ဓလေ့ထုံးတမ်းရိုးရာပွဲတော်များ ကိုယ်စီ ရှိကြပါတယ်။ ရိုးရာပွဲတော်ဟာ ဆယ့်နှစ်ရာသီထားချင်တိုင်းထားလို့မရပါဘူး။ ဥပမာ- ကျွန်တော်တို့ ပအို့ဝ်တိုင်းရင်းသားများ၏ ထင်ရှားသော ပွဲတော်ဓလေ့များအနက် နှစ်သစ်ကူးပွဲတော်၊ ဘုးရား ပွဲတော်ဖြစ်ပါတယ်။ ပအို့ဝ်တိုင်းရင်းသားများဟာ ဗုဒ္ဓဘာသာဝင်များဖြစ်သည့် အားလျော်စွာ ရွာဦးတိုင်းမှာ စေတီတစ်ဆူစီ တည်ထားကိုးကွယ်လျက်ရှိပါတယ်။ စေတီရင်ပြင်မှာ ဒုံးထမ်းရင်းက ကြခုန်ကြတာလည်း အင်မတန်မှ ပျော်စရာကောင်းပါတယ်။ ပြိုင်တူကျင်းပခြင်းမရှိတာကြောင့် နှစ်စဉ် နှစ်ဆန်းတစ်ရက်မှ ဝါဆိုလဆန်း ၁၃ ရက်နေ့အထိကျင်းပလေ့ရှိပါတယ်။ ရိုးရာပွဲတော်ကျင်းပရ ခြင်းရည်ရွယ်ချက်ဟာလည်း မွန်မြတ်လှကြောင်း တွေ့ရှိရပါတယ်။ သံဃာတော်များကိုပင့်ဖိတ်ပြီး ဆွမ်း၊ ခဲဘွယ်၊ ဘောဇင်၊ လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းပြီး တရားနာ၊ ရေစက်ချ၊ အမျှပေး ဝေခြင်း၊ နောင်နှစ်တွင် ရာသီဥတုကောင်းမွန်စေပြီ သီးနှံအထွက်ကောင်းစေဖို့ ဆုတောင်းကြပါတယ်။ အားလပ်ချိန်မှာ ဆွေမျိုးမိတ်သင်္ဂဟများဆုံတွေ့စေပြီး မွန်မြတ်တဲ့ရည်ရွယ်တွေကို ရှေးလူကြီးများ ထားခဲ့ပါတယ်။ ရှေးရှေးက တစ်ရွာပြီးတစ်ရွာ အစဉ်အလိုက် ပုံသေရက်ရှိနေသော်လည်းပဲ ပွဲတော်ကို အဆက်ဆက်သောအုပ်ချုပ်သူက ရိုးရာပွဲတော်ကျင်းပလိုရင် ပွဲမိန့်တောင်းရမယ်။ ပွဲမိန့်ရအောင် ဆိုတော့ ဘာလေး ညာလေးပေါ့ဗျာ။ ဒီတော့ ပွဲတော်စရိတ်ရဖို့ ရိုးရာမဟုတ်သော လောင်းကစားမျိုးစုံ ပါဝင်ထည့်သွင်းတဲ့အတွက်ကြောင့် ရိုးရာ ပွဲတော်ဟာ တစ်ရက်ကနေ တစ်ပတ်၊ တစ်ပတ်ကနေနှစ်ပတ်၊ တစ်လကြာတဲ့ အထိ လောင်းကစားပွဲတော်အဖြစ်သို့ ရောက်ရှိသွားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားရိုးရာဓလေ့ကို ကာကွယ်ပေးတဲ့ ဥပဒေမရှိလို့ အားနည်းတယ်လို့ပဲဆိုရမှာဖြစ်ပါတယ်။

    ဥက္ကဋ္ဌကြီးခင်ဗျား။ ထို့အတူ တရားစီရင်ရေးမှာလည်း တိုင်းရင်းသားဒေသများတွင် ဓလေ့ထုံးတမ်းအရ စီရင်ဆုံးဖြတ်လျက်ရှိသေး ကြောင်း အချို့သော တိုင်းရင်းသားလူမှုရေးနယ်ပယ်မှာ တွေ့မြင်နေရပါ တယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တုန်းက မြို့နယ်တရားသူကြီးရဲ့ တရားစီရင်ရေးလက်စွဲ စာစောင်တွင် တရားစီရင်ဆုံးဖြတ်ရာ၌ တိုင်းရင်းသားများ၏ဓလေ့ကိုလည်း ထည့်သွင်းစဉ်းစား အလေးထားရမည်ဟုဖော်ပြယုံမှလွဲ၍ ယခင် ရော၊ ယခုပါ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးခဲ့သောဥပဒေ၊ နည်းဥပဒေမရှိ သေးကြောင်း လေ့လာသုံးသပ် ရပါတယ်။ ယခင့်ယခင်က မြန်မာ့သမိုင်းရေစီးကြောင်းမှာ ဥပဒေမည်ကဲ့သို့ရှိစေကာမှုဆိုသော စကားစုသည် တိုင်းရင်းသားများ အတွက်ရင်လေးစရာ ဝေါဟာရတစ်ခုဖြစ်နေပါတယ်။

      ဥက္ကဋ္ဌကြီးခင်ဗျား။ မည်ကဲ့သို့ ရှိစေကာမှု နိဂုံးချုပ်အနေနဲ့ ကျွန်တော် တင်ပြဆွေးနွေးလိုတာက တိုင်းရင်းသားအရေးသည် သိမ်မွေ့နူးညံသည့်အတွက် ဥပဒေပေါ်ပေါက် ပြဋ္ဌာန်းနိုင်ရေးဟာ တိုင်းရင်းသားပေါင်းစုံ၊ ပညာရှင်ပေါင်းစုံပါဝင်သော လေ့လာစုံစမ်းရေးကော်မရှင် သို့မဟုတ် အဖွဲ့ကိုဖွဲ့စည်းပြီး နှိုက်နှိုက်ချွတ်ချွတ် လေ့လာပြီးခါမှ တိုင်းရင်းသားများကိုအပြည့်အဝ အကာအကွယ်ပေးနိုင်သော ဥပဒေမျိုးပေါ်ထွန်းလာဖို့ လုံလောက်သောအချိန်ယူဆောင်ရွက်ပေးကြ ရန်အကြံပြုရင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်တင်သွင်းသော တိုင်းရင်းသားလူများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ ပြဋ္ဌာန်းရေးအဆိုကို လေးလေးနက်နက်ထောက်ခံ တင်ပြရင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ကျွန်တော် တင်ပြချက်နဲ့ပတ်သက်ပြီး နားဝင်မချိုဘဝင် မကျရင်ဖြင့် ကျွန်တော်သာဖြစ်ကြောင်း တောင်ပေါ်သား တိုင်းရင်းသားတစ်ဦးပဲလို့မှတ်ယူပြီး နားလည်ခွင့်လွှတ်ပေးကြပါရန် လေးစားစွာတင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။