Skip to main content

ဦးထန်းလိန်း မင်းတပ်မဲဆန္ဒနယ်မှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ဆွေးနွေး

ဦးထန်းလိန်း(မင်းတပ်မဲဆန္ဒနယ်) ။        ။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဧည့်သည်တော်များခင်ဗျား။ ကျွန်တော်က တော့ ချင်းပြည်နယ်၊ မင်းတပ်မဲဆန္ဒနယ်မှ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထန်းလိန်း ဖြစ်ပါ တယ်။ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်း တဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုနှင့် စပ်လျဉ်းပြီ  ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။  ကျွန်တော်တို့နိုင်ငံဟာ  တိုင်းရင်းသားလူမျိုးနွယ်စု ပေါင်း ၁၀၀ ကျော်စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဟာ အဓိကအကျဆုံး ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့  ဒို့တာဝန်အရေး ၃ ပါးကို အမျိုးသားရေးပန်တိုင် အဖြစ် ချမှတ်ပြီးတော့  နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို လည်း ရေးဆွဲထားပြီးဖြစ်ပါတယ်။ ရေးဆွဲ ဖွဲ့စည်းထားတဲ့ နိုင်ငံတော်အခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်  တည်ဆောက် နိုင်ဖို့ရန်အတွက်လည်း စတင်ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီး ဖြစ်ပါတယ်။

        လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ကိုယ်စားလှယ်တော်ကြီးများခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉ အပိုဒ်ခွဲ(က) မှာ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီး ၇ ခုအဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ် ၇ ပြည်နယ်ကို ပြည်နယ် ၇ ပြည်နယ် အဖြစ်လည်းကောင်း ပိုင်းခြားသတ်မှတ်သည်။ ထို တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ပြည်နယ်တို့သည် အဆင့်အတန်းတူညီကြသည်ဟူ၍ ပြဋ္ဌာန်း ထားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁(က) မှာလည်း နိုင်ငံသားတိုင်း သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တန်းတူညီမျှမှု အခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင်‌့အရေးတို့ ခံစားခွင့်ရှိသည်လို့လည်းပဲ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ပုဒ်မ ၂၂ မှာ နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီ ဆောင်ရွက်မည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသေးသည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက် ဖွံ့ဖြိုးမှုအတွက် ကူညီဆောင်ရွက်မည်ဟူ၍ ပြဋ္ဌာန်းထားတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄) ဥပဒေပြုရေး၊ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ဆိုင်ရာ ပုဒ်မ ၁၈၈ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား ၂ တွင် ဖော်ပြထားသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ဝန်းလုံး အတွက်သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်စိတ်တစ်ဒေသအတွက်သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေပြုခွင့်ရှိသည်ဟူ၍ ပြဋ္ဌာန်းထားတဲ့အတွက် မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကာကွယ်စောင့်ရှောက် ဆောင်ရွက်ပေးနိုင်ပြီဖြစ်သည်ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

     လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)နိုင်ငံသား၊ နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့် တာဝန်များအခန်း ပုဒ်မ ၃၅၂ မှာ နိုင်ငံတော်သည် အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံ့ဝန်ထမ်းများ ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ သတ်မှတ် ထားသော အရည်အချင်းနှင့်ပြည့်စုံပါက ပြည်ထောင်စုသမ္မမြန်မာနိုင်ငံတော်၏ မည်သည်‌့နိုင်ငံသားကို မျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာသာသနာ၊ အမျိုးသား အမျိုးသမီးကို အကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရ။ သို့ရာတွင် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ် သည့် ရာထူးတာဝန်များအတွက် အမျိုးသားများ ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အဟန့်အတား မဖြစ်စေရဟူ၍ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဘာသာရေးနှင့် ပတ်သက်လို့လည်း ပုဒ်မ ၃၆၃ မှာ နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင်‌့ရှောက် မည်လို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူလူထု သို့မဟုတ် လွှတ်တော်အသီးသီးက ရွေးချယ်တင်မြှောက်တာဝန်ပေးအပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်မှု ရှိ၊ မရှိနှင့် ပြည်သူ့လူထုက ဥပဒေပြဋ္ဌာန်းချက်များအပေါ် လိုက်နာကျင့်သုံးဆောရွက်နိုင်မှု ရှိ၊ မရှိအပေါ် အခြေခံပြီး အကျိုး ကျေးဇူးအသီးအပွင့်များ ခံစားနိုင်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ အလေးအနက်ခံယူမိပါတယ်။

      လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ နိဂုံးချုပ်အနေနဲ့ ဆွေးနွေးလိုတာကတော့ အဆိုရှင် ဦးတီခွန်မြတ်ဟာ ဥပဒေပညာရှင်တစ်ဦးဖြစ်ပြီး ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌတစ်ဦး လည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း ပေါင်းစည်းနေထိုင်လျက်ရှိကြတဲ့ တိုင်းရင်းသားမျိုးနွယ်စု ၁၀၀ ကျော်တို့ရဲ့ အကျိုးကို ရှေ့ရှုလျက် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုကို တင်သွင်းခြင်းဖြစ်တဲ့အတွက် လွှတ်တော်က ဆွေးနွေးဆောင်ရွက်သင့်သည် အဆိုတစ်ရပ် ဖြစ်ကြောင်း သုံးသပ်အကြံပြုဆွေးနွေးရင်း နိဂုံးချုပ်အပ်ပါတယ်။