Skip to main content

ဦးတီခွန်မြတ်၏ အဆိုကို မူဆယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ ဆက်လက်ဆွေးနွေး

ဦးစိုင်းဘိုးအောင်၊ မူဆယ်မဲဆန္ဒနယ်မှဆွေးနွေး-

      လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာဆုတောင်းမေတ္တာပို့ သအပ်ပါတယ်။ ကျွန်တော့်ကတော့ ရှမ်းပြည်နယ်၊ မူဆယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘိုးအောင် ဖြစ်ပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်တဲ့ဥပဒေ ပြဋ္ဌာန်းရေးအဆိုနှင့်စပ်လျဉ်းပြီး တော့ အပိုင်း ၃ ပိုင်းခွဲပြီးတော့ တင်ပြဆွေးနွေးလိုပါတယ်။ ပထမ အပိုင်းအနေနဲ့ နိုင်ငံမှာကျင့်သုံးခဲ့ဖူးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေများမှာ နိုင်ငံသားများနှင့် တိုင်းရင်းသား များ အခွင့်အရေး ပြဋ္ဌာန်းထားချက်များပါရှိသော်လည်း လူနည်းစုတိုင်းရင်းသားများ အခွင့်အရေး အပြည့်အဝမရရှိဘဲ နစ်နာဆုံးရှုံးရမှုများကို တင်ပြလိုပါတယ်။ ဥက္ကဋ္ဌကြီးခင်ဗျား။ လွတ်လပ်ရေးမရရှိ သေးမီကာလ ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ နိဒါန်းမှာ တရား မျှတခြင်း၊ ညီညွတ်ခြင်း၊ လွတ်လပ်ခြင်းတရားများကို ထိန်းသိမ်းရန်၊ လုံခြုံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်များမှာ တရားမျှတခြင်း၊ အတွေးအေခါ်၊ ဆန္ဒ၊ ယုံကြည်ကိုးကွယ်မှု၊ အလုပ်အကိုင်နှင့် အသင်းအဖွဲ့လှုပ်ရှားမှုများ လွတ်လပ်ခြင်း၊ ဥပဒေရှေ့မှောက်မှာ အခွင့်အရေး၊ အခွင်‌့အလမ်းများ တန်းတူညီမျှခြင်းများကို အာမခံနိုင် ရန်အတွက် အဲဒီဥပဒေကို ပြဋ္ဌာန်းတဲ့အကြောင်း။ နောက် အခန်း (၂) ပုဒ်မ ၁၃၊ ၁၄၊ ၂၀၊ ၂၁၊ ၂၂ တို့မှာလည်း နိုင်ငံသားတိုင်း တန်းတူညီမျှမှု၊ ဘာသာရေးလွတ်လပ်မှု၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ ဘာသာစကားတို့ကြောင့် ပညာရေးကဏ္ဍမှာ ခွဲခြားမှုမရှိစေရ  စသည် ဖြင့် အတိအကျ ပြဋ္ဌာန်းခဲ့ပါတယ်။ ထိုနည်းတူစွာ ၁၉၇၄ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၈ အပိုဒ်ခွဲ(က)၊ (ခ)မှာ နိုင်ငံတော်သည် သဘာဝမြေပေါ် မြေအောက်သယံဇာတအားလုံးရဲ့ မူလ ပိုင်ရှင်ဖြစ်ပြီး ၎င်းတို့ကို တိုင်းရင်းသားအားလုံးရဲ့ အကျိုးစီးပွားအတွက် ထုတ်လုပ်သုံးစွဲမည့် အကြောင်း။ ပုဒ်မ ၂၁ (က)၊ (ခ)၊  ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၅၂ (ခ)၊ ပုဒ်မ ၁၅၃ (က)၊ (ခ)တို့မှာလည်း တိုင်းရင်းသားများဟာ မိမိကိုးကွယ်သည့်ဘာသာ၊ ပြောဆိုတဲ့ ဘာသာစကား၊ စာပေယဉ်ကျေးမှုများကို ထိန်းသိမ်းခြင်း၊ ဖွံ့ဖြိုးအောင်ဆောင်ရွက်ခြင်း၊ ဥပဒေရှေ့မှောက်မှာတန်းတူဖြစ်ခြင်း၊ တိုင်းရင်းသား များရဲ့ ဘာသာစကား၊ စာပေများသင်ကြားပိုင်ခွင့်။ လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိကြောင်းကို ပြဋ္ဌာန်းထားခဲ့ပါတယ်။မျက်မှောက်ကာလ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပုဒ်မ ၂၂၊ ပုဒ်မ ၃၄၈၊ ၃၄၉၊ ၃၅၂၊ ၃၅၃၊ ၃၅၄ စသည်တို့မှာလည်း ဖော်ပြပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူဟောင်း ၂ခုနှင့် သဘောသဘာဝချင်း တူညီသော ပြဋ္ဌာန်းချက်များ ပါရှိပါတယ်။      သို့ပါသော်လည်း ဥပဒေက မည်မျှပင်ကောင်းမွန်စွာပြဋ္ဌာန်းထားပေမယ့် ဥပဒေရဲ့ ပြဋ္ဌာန်းချက်များ ကို လိုက်နာကျင့်သုံးမှု လွန်စွာအားနည်းခြင်း၊ ဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက် ကျူးလွန်ပါက အရေးယူအပြစ်ပေးမှု မရှိခြင်းများကို တွေ့ရှိရတဲ့အပြင် နိုင်ငံသားများရဲ့ အခွင်‌့အရေး ကာကွယ်စောင့် ရှောက်ပေးသည့် ဥပဒေ ၁၉၇၅ ဥပဒေရဲ့ အခန်း (၆) အထွေထွပါပြဋ္ဌာန်းချက်ဖြစ်တဲ့ တရားဝင်အပ်နှင်းထားသော လုပ်ပိုင်ခွင့်များအရ ဥပဒေစည်းကမ်းနှင့်အညီ မိမိတာဝန်ကို သဘောရိုး ဖြင့် နိုင်စွမ်းသမျှ ထမ်းဆောင်သော အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်ရပ် သို့မဟုတ် ဝန်ထမ်း တစ်ဦးဦး သို့မဟုတ် ဝန်ထမ်းအဖွဲ့အစည်းတစ်ရပ်ရပ်၏ လုပ်ဆောင်ချက်သည် ဥပဒေအရ ပြစ်မှုသော်လည်း ကောင်း၊ တရားမကြောင်းတာဝန်သော်လည်းကောင်း မမြောက်စေရဆိုတာကို တလွဲအဓိပ္ပာယ်ဖွင့်ဆို အကာအကွယ်အဖြစ်ယူပြီးတော့ ဆောင်ရွက်လုပ်ကိုင်ခြင်းများကြောင့် အောက်ပါဖြစ်ရပ်များ ပေါ် ပေါက်ခဲ့ပြီး လူနည်းစုတိုင်းရင်းသားများရဲ့ အခွင့်အရေးများ များစွာနစ်နာဆုံးရှုံးခဲ့ရပါတယ်။

    (၁) ၁၉၆၀ ခုနှစ်ခန့်ကစပြီးတော့ မျိုးဆက် ၂ ဆက်ကြာလာတဲ့အခါမှာ တိုင်းရင်းသားအချို့ရဲ့ နိုင်ငံသားမှတ်ပုံတင် ကဒ်ပြားများမှာ မူရင်း မိဘဘိုးဘွားမျိုးနွယ်စုအမည်မှ အခြားမျိုးနွယ်စု အဖြစ်ပြောင်းလဲ ရေးသွင်းခံရခြင်း။ ဥပမာအနေနဲ့ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးများမှာရှိတဲ့ ရှမ်းနီတိုင်းရင်းသားတွေ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေ၊ ရှမ်းပြည်တောင်ပိုင်းရှိ ရှမ်းတချို့နှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းရှိ မွန်တိုင်းရင်းသားများတချို့တို့ရဲ့ လူမျိုးနာမည်ကို အခြားတိုင်းရင်း သားမျိုးနွယ်စုအမည်များနှင့် ပြောင်းလဲရေးသွင်းခံရခြင်းများ ရှိတာကို တွေ့ခဲ့ရပါတယ်။

     (၂)ဖဆပလ အစိုးရလက်ထက်မှာ နိုင်ငံတော်ဘာသာဆိုပြီးတော့ သတ်မှတ်ပြီး အတင်းအကြပ် ဆောင်ရွက်ခဲ့မှုများ ရှိခဲ့တဲ့တွက်ကြောင့် မီးရထားကိုပင် လူအင်အားဖြင့် အတင်းဆွဲ ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း။

     (၃) သက်ဆိုင်ရာမျိုးနွယ်စုများရဲ့ ရိုးရာအခမ်းအနားများ၊ ပွဲတော်များ လွတ်လပ်စွာကျင်းပခွင့်မရတဲ့ အတွက် ယဉ်ကျေးမှုဓလေ့များ ဆုတ်ယုတ်ကွယ်ပျောက်လုမတတ်ဖြစ်ရခြင်း။

    (၄) လူနည်းစု တိုင်းရင်းသား စာပေဘာသာစကားများကို ကျောင်းများမှာ သင်ကြားရခြင်း မရှိသည့်အပြင် လွတ်လပ်စွာ သင်ကြားခွင့်ကိုလည်း ကန့်သတ်ခံရခြင်း၊ သုံးစွဲခွင့်ပိတ်ပင်ခံရခြင်းတို့ကြောင့် အချို့တိုင်းရင်းသား စာပေများ ကွယ်ပျောက်လုမတတ်ဖြစ်လာရခြင်း။ ဥပမာအနေနဲ့ ဗူးသီးခပေါင်းစာ၊ အနောက်တိုင်းစာ လွတ်လပ်စွာသင်ကြားခွင့်၊ လွတ်လပ်စွာဆိုင်းဘုတ်ရေးခွင့်ပြုထားပေမယ့် တိုင်းရင်းသား စာများကို ခွင့်ပြုခြင်းမရှိခဲ့တာတွေလည်း တွေ့ရှိကြားသိခဲ့ရပါတယ်။

    (၅) မိမိဘာသာစကားစာပေနှင့် နှစ်ပေါင်း ရာထောင်ချီ ရပ်တည်လာခဲ့ကြတဲ့ လူနည်းစု တိုင်းရင်းသားများ အကြားမှာ မြန်မာစာသည် ဒို့ရုံးသုံးစာ၊ မြန်မာစကားသည် ဒို့ရုံးသုံးစကားဟု ပြောရမည့်အစား ဗမာစာသည် ဒို့စာ၊ ဗမာစကားသည် ဒို့စကား ဟူသော ကြွေးကြော်သံစာသားများကြောင့် လူနည်းစုတိုင်းရင်းသားများရဲ့ ရင်ထဲမှာ နာလိုခံခက် စိတ်ပျက်သိမ်ငယ်မှုများ၊ မယုံသင်္ကာစိတ်များ ပွားများလာခြင်း။

   (၆) တိုင်းရင်းသားမျိုးနွယ်စုများရဲ့ ရေမြေသယံဇာတများမှ အကျိုးခံစားခွင့်များကို ဒေသခံတိုင်းရင်းသားများက ခံစားခွင့်မရကြခြင်း စသည့် စသည့်အကျိုးဆက်များ ပေါ်ပေါက်လာရခြင်းဟာ တိုင်းရင်းသားအခွင့်အရေး ကာကွယ် စောင့်ရှောက်တဲ့ဥပဒေ ပြဌာန်းကျင့်သုံးမှုမရှိခဲ့ခြင်းကြောင့် ဖြစ်ပါတယ်လို့ ထင်မြင်ယူဆပါတယ်။

          လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။     ဒုတိယပိုင်းအနေဖြင့် လူနည်းစုတိုင်းရင်းသားများအတွက် ကုလသမဂ္ဂ ရဲ့ အရေးယူဆောင်ရွက်ပေးမှုများနှင့် နိုင်ငံတချို့ရဲ့ လုပ်ဆောင်ချက်များကို တင်ပြလိုပါတယ်။ ကုလသမဂ္ဂ ၏ ၂၀၀၇ခုနှစ် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့်ပတ်သက်သော ကြေညာစာတမ်းမှာ အပိုဒ် ၂ တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ပြီး အခြားသောလူမျိုးတိုင်းနှင့် တန်းတူညီမျှကြသည်။ တိုင်းရင်းသားဖြစ်ရခြင်း၏ မူလအကြောင်းရင်းနှင့် တိုင်းရင်းသားတည်းဟူသော လူမျိုးစုတစ်စုဖြစ်ရ ခြင်းကြောင့် ခွဲခြားဆက်ဆံခြင်းမှ ကင်းလွတ်ခွင့်ရှိသည်။ အပိုဒ် ၇ အပိုဒ်ခွဲ(၂) တိုင်းရင်းသားလူမျိုး များသည် ထင်ရှားစွာကွဲပြားခြားနားသော လူမျိုးတစ်ခုအနေဖြင့် လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ၊ လုံခြုံစွာ နေထိုင်ရန် အခွင့်အရေးရှိသည်။ အပိုဒ် ၈ အပိုဒ်ခွဲ(၁) တိုင်းရင်းသားလူမျိုးများနှင့် လူပုဂ္ဂိုလ်တစ်ဦး ချင်းတို့သည် အခြားလူမျိုး၏ ဝါးမြိုမခံရရန်နှင့် ဖျက်ဆီးခြင်းမခံရရန် အခွင့်အရေးရှိသည်။ အပိုဒ်ခွဲ(၂) နိုင်ငံတော်သည် အောက်ပါတို့မဖြစ်ပွားရန် ကာကွယ်ခြင်းနှင့် ဖြစ်လာပါကလည်း ပြင်ဆင်ရန် ထိရောက်တဲ့ နည်းစနစ်ထားရှိရမည်။

    (က) လူမျိုးတစ်မျိုး၏ လူမျိုးနှင့် ယဉ်ကျေးမှုတန်ဖိုး ပပျောက် သွားစေရန် ရည်ရယ်သည့် အမူအကျင့်။

    (ခ) နယ်မြေဒေသ သယံဇာတဆုံးရှုံးစေမည့် အကြံအစည်။

   (ဂ) အတင်းအဓမ္မ ပြောင်းရွှေ့စေခြင်း။

  (ဃ) ပုံစံအမျိုးမျိုးဖြင့် ဝါးမျိုခြင်း၊ ပူးပေါင်းစေခြင်းစသည်ဖြင့် နိုင်ငံတော်မှ လက်တွေ့အကောင် အထည် ဖော်ဆောင်ရွက်ပေးရမယ့်အပိုင်းများကို ဖော်ပြပါရှိတာ တွေ့ရှိရပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တာနှင့်အညီ ထိုတိုင်းရင်းသားအခွင့်အရေးကြေညာ စာတမ်းပါ အချက်များကို ဖော်ဆောင်ပေးဖို့လိုအပ်ပါတယ်။ အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယနိုင်ငံများမှာ တိုင်းရင်းသားမျိုးနွယ်စုငယ်များရဲ့ အခွင်‌့အရေးကို ကာကွယ်ပေးတဲ့ ဥပဒေများ၊ အစီအမံများ၊ ဆောင်ရွက်ချက်များကို အဆိုရှင်မှ ရှင်းပြတင်ပြခဲ့ပြီးဖြစ်ပါ တယ်။ ထိုနိုင်ငံများနည်းတူ မျိုးနွယ်စုပေါင်း ၄၀၀ ကျော်ရှိတဲ့ ဖိလစ်ပိုင်ကဲ့သို့ အာဆီယံအဖွဲ့ဝင်နိုင်ငံ များ လူနည်းစုတိုင်းရင်းသား ၅ ရာခိုင်နှုန်းမျှသာရှိတဲ့ ဂျာမနီကဲ့သို့ အနောက်နိုင်ငံများမှာလည်း တိုင်းရင်းသားအခွင့်အရေးကို ကာကွယ်စောင်‌့ရှောက်တဲ့ ဥပဒေများ အစီအမံများရေးဆွဲပြဋ္ဌာန်း ဆောင်ရွက်ပေးကြတာကို တွေ့ရှိရပါတယ်။      

    လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။     တတိယပိုင်းအနေနဲ့ တင်ပြလိုတာကတော့ တိုင်းဒေသကြီးများ နှင့် ပြည်နယ်များမှာ ရွေးချယ်တင်မြှောက်ခန့်ထားခြင်းခံရတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများရဲ့ လုပ်ငန်းတာဝန်ပိုင်းနှင့် ပတ်သက် ပြီးတော့ တင်ပြလိုပါတယ်။ ၁၃-၇-၂၀၁၂ ရက်နေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ အေးမောင်ရဲ့ အဆိုနှင့် ပတ်သက်ပြီးတော့ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက အောက်ပါအတိုင်း ရှင်းလင်းတင်ပြသွားတာကို တွေ့ရှိရပါတယ်။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် မိမိကိုယ်စားပြု တိုင်းရင်းသားများ အရေးအရာကို ဆောင်ရွက်နိုင်ရန် တိကျသည့်တာဝန်များ သတ်မှတ်ပြဋ္ဌာန်းထား ပေးတာမရှိကြောင်း၊ တိုင်းရင်းသားများ၏ အရေးအရာကို  တင်ပြလိုပါက ပြည်နယ် သို့မဟုတ် တိုင်း ဒေသကြီး ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်ရယူကာ အစိုးရအဖွဲ့အစည်းအ‌ဝေးသို့ တက်ရောက်တင်ပြနိုင် ကြောင်း၊ ဥပဒေဆိုသည်မှာ ခြုံငုံရေးသားရသည့်သဘောရှိသဖြင့် ပိုမိုရှင်းလင်းပြည့်စုံစေရေးအတွက် နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များကို သက်ဆိုင်ရာ အဖွဲ့ အစည်း သို့မဟုတ် ဝန်ကြီးဌာနမှ ထုတ်ပြန်ဆောင်ရွက်ခွင့်ရှိကြောင်း ရှင်းလင်းတင်ပြသွားတာကိုကြား သိရပါတယ်။ ဖော်ပြပါ ရှင်းလင်းတင်ပြချက်အရ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ရွေးကောက်တင် မြှောက်ခန့်ထားသော တိုင်းရင်းသားရေးရာဝန်ကြီးများ လုပ်ငန်းတာဝန် ထမ်းဆောင်ရာမှာ စီမံခန့်ခွဲရ မယ့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ လုံးဝမရှိသေး တာ တွေ့ရှိရပါတယ်။ ၎င်းတို့ဟာ စမ်းတဝါးဝါးနဲ့ လုပ်ငန်းတာဝန်ထမ်းဆောင်နေရပြီး မိမိရာထူးနေရာ အတွက်လည်း သိမ်ငယ်စိတ်များ ဖြစ်ပေါ်ခံစားနေရကြောင်း သိရှိကြားသိနေရပါတယ်။ သို့ဖြစ်ပါ၍

   (၁) လူနည်းစုတိုင်းရင်းသားများအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများ ဖော်ဆောင်ပေး နိုင်ရန်လည်းကောင်း၊

   (၂) တိုင်းရင်းသားအချင်းချင်း သံသယကင်းသော စည်းလုံးညီညွတ်မှု ဖော် ဆောင်နိုင်အတွက် လည်းကောင်း၊         

  (၃) တိုင်းရင်းသားရေးရာဝန်ကြီးများရဲ့ လုပ်ငန်းစီမံခန့်ခွဲမှု အတိ အကျဖော်ပြ ဆောင်ရွက်စေနိုင်ရန် အတွက်သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင်‌့ရှောက်တဲ့ဥပဒေ ပြဋ္ဌာန်းရန်လိုအပ် သလို ပြဋ္ဌာန်းသည့်ဥပဒေကိုလည်း အတိအကျ လိုက်နာအကောင်အထည် ဖော်ဆောင်ရန် လိုအပ်ပါတယ်။ နိဂုံးချုပ်အနေနဲ့ တင်ပြလိုတာ ကတော့ ဗမာနှင့် အင်္ဂလိပ်စကားမှာ အသံထွက်တူတဲ့ ချစ်ဆိုတဲ့ စကားတစ်လုံးရှိပါတယ်။ ဗမာ စကားလုံးအဓိပ္ပာယ်ကတော့ နှစ်လိုဖွယ် အလွန်ကောင်းပါတယ်။ သို့သော် အင်္ဂလိပ် cheat ကတော့ အော့နှလုံးနာစရာ ကောင်းလှပါတယ်။ ပြည်နယ်က တိုင်းရင်းသားမျိုးနွယ်စု အများဟာ အတိတ်မှာ ရော ပစ္စုပ္ပန်မှာပါ အင်္ဂလိပ်စကား cheat နဲ့ပဲ အချစ်ခံနေရဆဲလို့ စိတ်ထဲမှာ ခံစားနေရတုန်းပါ။ ဒါကြောင့် မြန်မာနိုင်ငံသားအပေါင်း တစ်ဦးချင်း၊ တစ်မျိုးနွယ်စုချင်း ရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးများ အပြည့်အဝရရှိစေဖို့ လိုအပ်တဲ့ဥပဒေကို ဝိုင်းဝန်း ကူညီပြီးတော့ ပြဋ္ဌာန်းပေးကြပါ။ ထိုဥပဒေအရလည်း ခံစားခွင့်များကို အင်္ဂလိပ်လို့ Cheat မခံရလေအောင် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းပေးကြပါလို့ အကြံပြုတင်ပြရင်းနှင့် ဦးတီခွန်မြတ်တင်သွင်းတဲ့ အဆိုကို အလေးအနက်ထောက်ခံ ပါကြောင်း ဆွေးနွေး တင်ပြအပ်ပါတယ်ခင်ဗျား။ ကျေးဇူးတင်ပါတယ်။