Skip to main content

ဦးတီခွန်မြတ်၊ ကွတ်ခိုင်မဲဆန္ဒနယ်၏ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း

ဦးအင်ဖုန်ဆန်း(ခ)ဦးအင်ထုဖုန်ဆန်း(မချမ်းဘောမဲဆန္ဒနယ်မှ ဆွေးနွေးရာ-

           လေးစားအပ်သော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားတဲ့ အထူး ဧည့်သည်တော်များ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့ ဂါရဝပြုအပ် ပါတယ်။ ကျွန်တော်ကတော့ ကချင်ပြည်နယ် မချမ်းဘောမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးအင်ဖုန်ဆန်း ဖြစ်ပါတယ်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္တပုံမှန် အစည်းအဝေး သတ္တမနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းခဲ့သော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်  ဥပဒေပြဌာန်းရေးအဆိုကို ထောက်ခံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

  ဥက္ကဋ္ဌကြီး ခင်ဗျား။ ကျွန်တော်‌့ရဲ့ဆွေးနွေးချက်အား စာတမ်းဖတ်၍ ဆွေးနွေးတင်ပြခွင့်ပြုပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်ခင်ဗျား။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတော်ကိုယ်စားလှယ်များ ခင်ဗျား။    ပြည်ထောင်စုမြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်သောနိုင်ငံဖြစ်ပါတယ်။ ဒါ့ကြောင့် လွပ်လပ်ရေးမရခင်ရေး ဆွဲခဲ့သော ၁၉၄၇ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာ တိုင်းရင်းသားလူမျိုးများ အပါအဝင်ဖြစ်သော နိုင်ငံသားများ၏ တန်းတူညီမျှ အခွင့်အရေး များ၊ လွတ်လပ်မှုအခွင့်အရေးများ၊ ဘာသာသာသနာရေးဆိုင်ရာ အခွင့်အရေးများ၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ပြဋ္ဌာန်းထားတာကိုတွေ့ရှိရပါတယ်။ သို့သော် တိုင်းရင်းသား လူမျိုးများနေထိုင်ရာ နယ်စွန်နယ်ဖျားဒေသများကို ပြည်ထောင်စုဗဟိုအစိုးရက လက်လှမ်းမမှီနိုင်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရများကလည်း မိမိတို့ပြည်နယ်များကို ဖွံဖြိုးတိုးတက်အောင် မစွမ်းဆောင် နိုင်ခဲ့သဖြင့် ပြည်နယ်၊ ပြည်မကြားတိုးတက်မှုနဲ့ ဆင်းရဲချမ်းသာကွာဟမှု အလွန်ကြီးမားခဲ့ပါတယ်။ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအားလုံးဟာ မိမိတို့မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်နှင့် ဆောလျင်စွာ ဖွံဖြိုးတိုးတက်လာမည်ဟု မျှော်လင့်ခဲ့ကြသော်လည်း အကြောင်းတရားအမျိုးမျိုးကြောင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ လူနေမှုအဆင့်အတန်းဟာ အလွန်နိမ့်ကျနောက်ကျ ကျန်ရစ်ခဲ့တာကို လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ သာဓကအားဖြင်‌့တင်ပြရရင် ၁၉၅၆-၆၀ ခုနှစ်များ အတွင်း တပ်မတော်မှ ဦးဆောင်သော နယ်စပ်ဒေသလေ့လာရေး၊ ယိမ်းနွဲ့ပါးစစ်ဆင်ရေးနှင့် မြန်မာ-တရုတ် နြယ်ခားကျောက်တိုင်စိုက်ထူရေး၊ ဘဘစစ်ဆင်ရေးစစ်ကြောင်းများဟာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများရဲ့ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကိုပါ ကွင်းဆင်းလေ့လာခွင့်ရရှိခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးများနှင့် ယင်းတို့နေထိုင်ရာ နယ်စပ်ဒေသ သည် အဖက်ဖက်၌ နောက်ကျကျန်ရစ်နေကြောင်းကို နိုင်ငံတော်အစိုးရသို့ အသေးစိတ်အစီရင်ခံ တင်ပြခဲ့ရာ နိုင်ငံတော်အစိုးရသည် သီးခြားရန်ပုံငွေဖြင့် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနဖွင့်လှစ်ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများအတွက် ဖွံဖြိုးရေးစီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ခဲ့ပါတယ်။ ကချင်ပြည်နယ် မှာ အရှေ့ပူတာအို နယ်ခြားခရိုင်၊ လောခေါင်နယ်ခြားခရိုင်နဲ့ ကျန်ပြည်နယ် များမှာလည်း နယ်ခြားဒေသ အုပ်ချုပ်ရေးခရိုင်များ သတ်မှတ်ပြီး တပ်မတော်အရာရှိများက အုပ်ချုပ်ရေးတာဝန်ယူပြီး စီမံခန့်ခွဲရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ တောင်တွေ့လျှင် လမ်းဖောက်မယ်၊ ချောင်းတွေ့လျှင် တံတားဆောက်မယ်၊ ရွာတွေ့လျှင် မြို့တည်ဆောက်မယ်ဟု ကြွေးကြော်လျှက် တည်ဆောက်ရေးလုပ်ငန်းများ အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပါတယ်။ ယခု ပြည်ထောင်စုလမ်းမ၏ အစွန်းအဖျားဖြစ်သော ပူတာအို-မချမ်းဘော-နောင်မွန် ကားလမ်း ၆၄ မိုင်သည် နယ်ခြားဒေသ အုပ်ချုပ်ရေးကာလ ၁၉၆၀ ခုနှစ်များအတွင်း နှစ်ချင်းပေါက် ဖောက်လုပ်ခဲ့သော လမ်းများဖြစ်ပါတယ်။      သို့သော် ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီ အစိုးရတက်လာ၍ နယ်ခြားဒေသ အုပ်ချုပ်ရေးရုပ်သိမ်းခဲ့သဖြင့် နယ်စပ်ဒေသဖွံဖြိုးရေး လုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရပါတယ်။ တဖန် ၁၉၇၄ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ  အခန်း(၂) မှာလည်း တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ ပြဋ္ဌာန်းထားရှိသော်လည်း လက်တွေ့ဆောင်ရွက်ရာ၌ အားနည်းချက်များရှိခဲ့ပါတယ်။ လူတစ်မျိုးနှင့်တစ်မျိုး ဖွံ့ဖြိုးတိုးတက်ကွာဟချက် နည်းနိုင်သမျှနည်းအောင်ဆောင်ရွက်မည်။ ဖွံ့ဖြိုး တိုးတက်မှုအားနည်းနေသော လူမျိုးစုများအား ဖွံ့ဖြိုးတိုးတက်နေသော လူမျိုးစုများက အနစ်နာခံ ကူညီမည်ဟု ကြွေးကြော်ခဲ့သော်လည်း တိုင်းရင်းသားလူမျိုးများအတွက် တိကျခိုင်မာသော ဥပဒေ ပြဋ္ဌာန်းခြင်းမရှိခဲ့တဲ့အတွက် လက်တွေ့မှာ ဖြစ်မလာခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရ လက်ထက်မှာ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီအဆင့်ဆင့်ကို ဖွဲ့စည်းပြီး တိုင်းရင်းသားဒေသများမှာ ဖွံ့ဖြိုရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့တဲ့အတွက် အချို့ဒေသ၌ တိုးတက်မှုရှိခဲ့သော်လည်း ဝေးလံခက်ခဲသော တိုင်းရင်းသားလူမျိုးများ နေထိုင်ရာ နယ်စပ်ဒေသများမှာ ဖွံ့ဖြိုးသင့်သလောက် တိုးတက်မလာတာကို တွေ့မြင်နေရပါတယ်။ လက်ရှိနိုင်ငံတော် အစိုးရလက်ထက်မှာလည်း နယ်စပ်ရေးရာဝန်ကြီးဌာနဟာ တိုင်းရင်းသားဒေသမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် အပြင် တစ်နိုင်ငံလုံးကိုလွှမ်းခြုံ၍ ဖွံ့ဖြိုးရေးလုပ်ငန်းများဖော်ဆောင်နေရသဖြင့် တိုးတက်ဖွံဖြိုးမှု နည်းပါးနေတဲ့ တိုင်းရင်းသားများ နေထိုင်ရာဒေသများကို ထိရောက်စွာ ကူညီဆောင်ရွက်မှုမပြုလုပ် နိုင်မှာကိုလည်း စိုးရိမ်ပူပန်နေရပါတယ်။

       ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်မှု နှေးကွေးရခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ကြောင့်ပဲဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်များမှာ ဝေးလံခေါင်းပါးဒေသ၊ ဝေးလံခေါင်သီဒေသ၊ ဝေးလံခက်ခဲဒေသဟု ဝိသေသအမည်နာမတတ်၍ ခေါ်ဝေါ်ခဲ့သည်မှာ လွတ်လပ်ရေးရချိန်မှ ယခုထိ ဖြစ်ပါတယ်။ ယခု အစိုးရသစ်လက်ထက်မှာလည်း ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီဒေသ မြို့နယ် ၈၀ ကျော်ရှိ  နိုင်ငံ့ဝန်ထမ်းများအား လစာနှစ်ဆချီးမြှင့်ပေးတဲ့အတွက် လွှတ်တော်နှင့် နိုင်ငံတော်အစိုးရကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း တင်ပြလိုပါတယ်။

        ဥက္ကဋ္ဌကြီးခင်ဗျား။  မြန်မာနိုင်ငံရဲ့ အလယ်ပိုင်းဒေသဟာ ယခင်က မိုးခေါင်းရေရှားရပ်ဝန်း ဒေသဟု ခေါ်ဝေါ်သတ်မှတ်ခဲ့သော်လည်း ယခုအခါ စိမ်းလန်းစိုပြည်သော မိုးနည်းဒေသဖြစ်လာ ပါတယ်။ အလားတူ သိပ္ပံနှင့်နည်းပညာတိုးတက်လာသော ခေတ်မှာကမ္ဘာကြီးဟာ ကမ္ဘာ့ရွာ (Global Village) အဖြစ် လွယ်ကူစွာ သွားလာဆက်သွယ်နေချိန်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဝေးလံခေါင်းပါးဒေသဆိုတာ မရှိအပ်တော့ဘူးလို့ ယူဆပါတယ်။ အဲဒါကြောင့် ဝေးလံခေါင်းပါးဒေသ များရဲ့ လမ်းပန်းဆက်သွယ်ရေးကို ရေတိုစီမံကိန်းဖြင့်ဦးစားပေးဆောင်ရွက်ပါက ဖွံ့ဖြိုးတိုးတက်သော ဒေသအဖြစ်ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာတာနှင့်အမျှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့ခြင်း၊ ဆင်းရဲမှုလျော့နည်းလာွခင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များလွယ်ကူစွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါတယ်။ ဒါ့ကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေဟာ မရှိမဖြစ်အရေးတကြီး ပြဋ္ဌာန်းပေးရန် လိုအပ်နေ ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာမှာ တိုင်းရင်းသားလူမျိုးအားလုံးဟာ တန်းတူအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ ယုံကြည် ကိုးကွယ်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ တန်းတူရည်တူရှိရန်  လိုအပ်နေပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်မှာ ဒီမိုကရေစီကျင့်သုံးရာ၌ တရားမျှတမှု မရှိတဲ့အတွက် ဒီမိုကရေစီ‌ွပောင်းပြန် စာအုပ်ရေးသားသူ ကချင်ပြည်နယ် ဥက္ကဋ္ဌဟောင်း ဦးဇန်ထဆင်က ဒီမိုကရေစီရဲ့ အနှစ်သာရကို ကျွန်တော်တို့နေ့စဉ်စားသုံးနေသော ဆားနဲ့နှိုင်းယှဉ် ရေးသားထားတာကို လေ့လာမှတ်သားရပါတယ်။ ဆားကို ခါကာဘိုရာဇီတောင်ထိပ်မှာစားရင်လည်း ငန်တယ်၊ တောင်‌ွခေမှာစားရင်လည်း ငန်တယ်၊ ပင်လယ်သမုဒ္ဒရာကြမ်းပြင်ရေအောက်မှာ စားရင် လည်းငန်တယ်၊ လူဆင်းရဲ  လူချမ်းသာ စားရင်လည်းငန်တယ်ဟု ဆားရဲ့အရသာကို ဒီမိုကရေစီအနှစ် သာရနှင့်နှိုင်းယှဉ်ဖော်ပြထားပါတယ်။ အဲဒါကြောင့် နိုင်ငံတော်အတွင်း ဒီမိုကရေစီစနစ်ကျင့်သုံး တဲ့အခါမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မဖွံ့ဖြိုးသေးသောဒေသများနှင့် တိုင်းရင်းသား လူများအားလုံး တပြေးညီ လူမှုစီးပွားဖွံ့ဖြိုးစေရန်နဲ့ စာပေယဉ်ကျေးမှုဖြစ်ထွန်းစေရန် တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရန် အမှန်တကယ် လိုအပ် နေကြောင်း သုံးသပ်ဆွေးနွေးတင်ပြအပ်ပါတယ်။

          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင်‌့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ နိဂုံးချုပ်အနေ နဲ့ဆွေးနွေးတင်ပြလိုတာကတော့ ၂၀၀၈ ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၁ (ဃ) မှာ နိုင်ငံသားများ၏ လွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ တာဝန်နဲ့တားမြစ်ချက်များ ထိရောက်ခိုင်မာ ပြည့်စုံစေရန် လိုအပ်သော ဥပဒေပြဋ္ဌာန်းရမည်ဟု ပြဋ္ဌာန်းထားရှိပါတယ်။ အဲဒါကြောင့် တိုင်းရင်းသား လူမျိုးများနဲ့ပတ်သက်၍  အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများက ပေးထားသော တာဝန်၊ ရပိုင်ခွင့်နှင့် လုပ်ပိုင်ခွင့်များ အပြည့်အဝရရှိနိုင်ရေးအတွက် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် တင်သွင်းသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့်ဥပဒေပြဌာန်းရေးအဆိုကို အလေးအနက်ထောက်ခံပါကြောင်း ဆွေးနွေးတင်ပြအပ်တယ် ခင်ဗျား။ ကျေးဇူးတင်ပါတယ်။