Skip to main content

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ပြည်ထောင်စုလွှတ်တော် သတ္တမနေ့တွင် ဦးတင်ထွတ်၏ အဆိုကို ထောက်ခံ

 

       လေးစားစွာတင်ပြသွားပါမယ်။ ယခု ဇလွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွတ် တင်သွင်းတဲ့အဆိုဟာ ကျွန်တော်တို့အားလုံးအတွက် အခွင့်အလမ်း တစ်ခုပါ၊ နိုင်ငံသားအားလုံးအတွက် ပြည်ထောင်စုအတွက် အခွင့်အရေးတစ်ရပ်လို့လည်းပြောလို့ရပါတယ်။

စိန်ခေါ်မှုလို့တောင် ပြောဖို့မလိုတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ မိမိတို့ မြန်မာနိုင်ငံတော်မှာ ဥပဒေပြုလွှတ်တော်များ၊ အုပ်ချုပ်ရေးအဖွဲ့၊ တရားစီရင်ရေးအဖွဲ့များကို ဒီမိုကရေစီနည်းလမ်းကျစွာ ရွေးချယ်ပေးနိုင်ခဲ့ပါတယ်။ မိမိတို့ လွှတ်တော်အတွင်းများမှာလည်း မေးခွန်းများ၊ အဆိုများ၊ ဥပဒေကြမ်းများ လွတ်လပ်ပွင့်လင်းစွာနှင့် စနစ်တကျ စည်းကမ်းရှိရှိ မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်းများ ပြုနိုင်နေကြပါပြီဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ ပြည်သူ့ သဘောထား ပြည်သူ့လိုအပ်ချက်ကို လွှတ်တော်ကဖော်ဆောင်ပေးနိုင်ကြပါပြီ ယခုတော့ ပြည်သူ့ ဆန္ဒ၊ တောင်သူလယ်သမားများသဘောထား နှင့် လိုအပ်ချက်များကို ပြည်သူ့ကိုယ်စားလှယ် ဦးတင်ထွတ် ကအဆိုအဖြစ် တင်သွင်းလာခြင်းပဲ ဖြစ်ပါတယ်။

          ဒါ့ကြောင့် ဒီလိုအခွင့်အလမ်းကို  ဖန်တီးဖော်ဆောင်ပေးခဲ့တဲ့ တပ်မတော် အစိုးရကိုလည်း ကျေးဇူး တင်ရမှာ ဖြစ်ပါတယ်။ တပ်မတော်အစိုးရဟာ ပြည်သူ့ဆန္ဒများရယူပြီး ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက် စီးပွားရေးစနစ် ဖော်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာအေးချမ်းစွာဖြင့် အာဏာအရပ်ရပ်ကို လွှဲပြောင်းပေးခဲ့တာဟာ ကမ္ဘာမှာတောင် စံတင်ရလောက်တဲ့အနေအထား ဖြစ်ခဲ့ပါတယ်။ နိုင်ငံသားအားလုံးကလည်း  ရရှိလာသော ဒီမိုကရေစီအခွင့်အရေး၊ အခွင့်အလမ်းများကို စနစ်တကျစည်းကမ်းရှိရှိ ဆောင်ရွက်ကြဖို့လိုပြီး ပြည်သူများ၊ ပြည်သူ့ကိုယ်စားလှယ်၊   ပြည်သူ့ဝန်ထမ်းများ အားလုံးသည် သက်ဆိုင်ရာအဖွဲ့အစည်း အလိုက် တာဝန်နှင့် လုပ်ပိုင်ခွင့်များရရှိ၍ နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခွင့်ရလာကြပြီ ဖြစ်ပါတယ်။

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          လက်ရှိပြည်သူ့အစိုးရသည်လည်း ပြည်သူနှင့်နိုင်ငံတော် အကျိုးစီးပွားအတွက် မြေများ သိမ်းဆည်း ပြီး စီမံကိန်းတွေ၊ စီမံချက်တွေ၊ လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေရဦးမှာ ဖြစ်ပါတယ်။ စိတ်ကောင်း စေတနာနှင့် တရားနည်းလမ်းကျစွာ ဆောင်ရွက်မှုများဖြင့် ပြည်သူ့အကျိုး၊ နိုင်ငံအကျိုး၊ ပြည်ထောင်စု အကျိုးအတွက် ပြုလုပ်ကြမှာဖြစ်လို့ မိမိတို့အားလုံးမှ ကြိုဆိုထောက်ခံကြရမှာ ဖြစ်ပါတယ်။

 

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များခင်ဗျား

          ပြည်သူ့ကိုယ်စားလှယ်များ၏ ပြည်သူ့ကိုယ်စားလှယ် ဦးတင်ထဋ်၏ အဆိုအပေါ် အမြင်အမျိုးမျိုး ဖြင့် ဆွေးနွေးတင်ပြချက်များကို ခြုံငုံသုံးသပ်ရပါလျှင် -

          (၁)     မြေကြီး မြေပုံ စာရင်းဇယား တိကျမှန်ကန်မှုရှိမရှိ။

          (၂)     အကြီးအကဲများ၏ စေတနာနှင့် ရည်ရွယ်ချက်ကောင်းများဖြင့် ချမှတ်ပေးသော ပေါ်လစီ မူဝါဒ၊ လုပ်ငန်းစဉ်များအား သက်ဆိုင်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းများက အကောင်အထည်ဖော်ရာတွင် မှန်ကန်မျှတ တရားဥပဒေနှင့် ညီ မညီ။

          (၃)     စီမံကိန်း၊ စီမံချက်များ၏ မူလရည်မှန်းချက်အတိုင်းဆောင်ရွက်နိုင်ခြင်း ရှိမရှိ၊ အကျိုးအ ကြောင်းဆီလျော်မှု ရှိမရှိ။

          (၄)     ပွင့်လင်းမြင်သာမှုရှိ မရှိ။

          (၅)     အပြန်အလှန် ထိန်းကျောင်းမှုရှိမရှိဆိုတာတွေဟာ ပြဿနာ ရှိခြင်း မရှိခြင်း ကို ဖြစ်ပေါ် စေတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

          ဒါတွေကို ကျွန်တော်တို့အားလုံးက သတိနှင့်ဆင်ခြင်ကာ သင်ခန်းစာယူပြီး ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးခရီးကို ရဲရဲတင်းတင်းနှင့် ဆက်လက် ချီတက်ရမှာ ဖြစ်ပါတယ်။ နောက်တွန့်နေလို့ မဖြစ်ပါဘူး။

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား

          ဒီမိုကရေစီဟာ အများကြိုက်တဲ့အများပိုင်ပါ၊ ပြည်သူများပိုင်တယ်လို့ ပြောလို့ရနိုင်ပါတယ်၊ တစ်ဦး တစ်ယောက် တစ်ဖွဲ့ပိုင်မဟုတ်ပါ။ ဒီမိုကရေစီကို အကြောင်းပြကာ စည်းမဲ့ကမ်းမဲ့လုပ်၍ မရနိုင်ပါ၊ စနစ်မကျစွာဆောင်ရွက်၍မဖြစ်နိုင်ပါ၊ ဒီမိုကရေစီမှာ စည်းစနစ်ရှိပါတယ်။ ဒီမိုကရေစီ အနိုင်ကျင့်ခြင်း၊ ဒီမိုကရေစီ အာဏာရှင် မဖြစ်ရေးကိုလည်း သတိပြုထိန်းကျောင်းသွားရမှာဖြစ်ပါတယ်။

          ပါတီစွဲ၊ ဝါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သည့်ဘာသာစွဲများ မထားရှိပဲ ဒါ့အပြင် ဒီကနေ့မှာတော့ ပုဂ္ဂိုလ်စွဲမထားရှိပဲ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် မျှမျှတတ ဆောင်ရွက်ကြ ပါရန်ကိုလည်း လွှတ်တော်အတွင်းမှာ ဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနှင့်ထပ်လောင်း တင်ပြလိုပါတယ်။

နာယကကြီးနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များ ခင်ဗျား

          ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ စိတ်ကောင်းစေတနာမှန် များဖြင့် ဦးတင်ထွတ် အဆိုအပေါ် အမြင်အမျိုးမျိုးဖြင့် ဆွေးနွေးခဲ့ကြသလို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်အရ  အကောင်အထည် ဖော် ဆောင်ရွက်ကြရမည့် တာဝန်ရှိလာမည့် ပုဂ္ဂိုလ်အသီးသီးဟာလည်း ဒေါသတွေ၊ အာဃာတတွေ၊ ရန်ညှိုးတွေ ကင်းပြီး တောင်သူလယ်သမားများနှင့် တောင်သူလယ်သမားများ၏  နစ်နာမှုမရှိစေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက် ပေးသည့်အပြင် ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုး၊ ပြည်ထောင်စုအကျိုးအတွက် ဆောင်ရွက်နိုင် ကြပါစေလို့ ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်။

          အားလုံးကို ကျေးဇူးတင်ပါတယ်။