Skip to main content

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ပြဋ္ဌာန်း ရေးအဆိုကို ဦးရွှေမောင်မှ ထောက်ခံဆွေးနွေးခြင်း

လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်ကြီးများ အားလုံးကို မင်္ဂလာပါလို့နှုတ်ခွန်းဆက်သရင်း ဂါရဝပြုပါတယ်။

ကျွန်တော် ကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ဖြစ်ပါတယ်။ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးတီခွန်မြတ်တင်သွင်းခဲ့သော တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့် ရှောက်သည့်ဥပဒေ ပြဋ္ဌာန်း ရေးအဆိုကို ကျွန်တော့်အနေနဲ့ထောက်ခံရင်း အကြံပြုဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ဥပဒေကိုးကားချက်များပါနေတဲ့အတွက် ဖတ်ရှုဆွေးနွေးခွင့်ပြုပါရန် ရိုသေစွာတင်ပြအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ချီတက်နေသောအချိန်ဖြစ်ပါတယ်။ လွှတ်တော်တွင် ခေတ်နှင့်လိုက်လျောညီထွေမဖြစ်တော့သော ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတွင် အဟန့်အတားဖြစ်စေသောဥပဒေများကို ဖြည့်စွက် ခြင်း၊ ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ နိုင်ငံတော်နှင့် ပြည်သူများအတွက်အကျိုးရှိသော ဥပဒေသစ်များ ပြဋ္ဌာန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ပြုလုပ်နေသည်မှာ အင်မတန်မှအားရကြည်နူးစရာ ဖြစ်ပါတယ်။ အဲ့ဒီလို ဥပဒေများပြဋ္ဌာန်းရာတွင် နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင်များဖြစ်သော တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်း ရေးမှာ လွန်စွာမှအရေးကြီးကြောင်း လွှတ်တော်သို့တင်ပြလိုပါတယ်။ နိုင်ငံတော်ဖွဲ့စည်‌းပုံအ‌ွခေခံ ဥပဒေ အခန်း (၁)၊ နိုင်ငံတော်အခြေခံမူများပုဒ်မ ၃ တွင် နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဟူ၍လည်းကောင်း၊ ပုဒ်မ ၂၂ တွင် နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကိုဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန်ကူညီဆောင်ရွက်မည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေ သည့် တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည်တို့ ပါဝင်သော လူမှုစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်မည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်များကို တိတိကျကျမှန်မှန်ကန်ကန် အကောင်အထည်ဖော်နိုင်ရေး အတွက် ဥပဒေတစ်ရပ်ပြဋ္ဌာန်းဖို့လိုအပ်ပါတယ်။ ဒီလို ဥပဒေတစ်ရပ်ပြဋ္ဌာန်းရုံဖြင့် တိုင်းရင်းသားလူမျိုး များ၏အခွင့်အရေးများအားလုံးကို ကာကွယ်စောင်‌့ရှောက်ဖို့အတွက် လုံလောက်ပြီလား၊ အခွင့်အရေး များနှင့်ပတ်သက်၍ တည်ဆဲဥပဒေတွေမှာ ဘာတွေပြဋ္ဌာန်းထားသလဲ၊ အဲဒါတွေကို ပြင်ဆင်၊ ဖြည့်စွက်ဖို့လိုသလား၊ ဆန်းစစ်ဖို့လိုအပ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများပုဒ်မ ၄ တွင် နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌တည်သည်ဟူ၍လည်းကောင်း၊ အခန်း (၈) နိုင်ငံသား၊ နိုင်ငံသား များ၏မူလအခွင့်အရေးနှင့် တာဝန်များပုဒ်မ  ၃၄၅ တွင် အောက်ဖော်ပြပါအရည်အချင်း တစ်ရပ်ရပ်နှင့်ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏နိုင်ငံသားများဖြစ်ကြသည်။ (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ၊ (ခ) ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဟူ၍လည်းကောင်း ပုဒ်မ ၃၄၈ တွင် နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟူ၍လည်းကောင်းဖော်ပြထားပါ တယ်။ တစ်ဖန်ပုဒ်မ ၃၈၇ တွင် နိုင်ငံသားတိုင်းသည် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ တိုင်းရင်းသားလူမျိုးအချင်းချင်း စည်းလုံးညီညွတ်ရေးနှင့် ပြည်သူတစ်ရပ်လုံးအေးချမ်းသာယာရေးတို့ အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်ရန်တာဝန်ရှိသည်ဟု တိတိကျကျဖော်ပြထားပါသည်။ ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်စောစောကတင်ပြသွားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မများ အရ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပါ တိုင်းရင်းသားလူမျိုးများနှင့် မျိုးနွယ်စုများဆိုင်ရာ ပြဋ္ဌာန်းချက်၊ နိုင်ငံသားများဆိုင်ရာပြဋ္ဌာန်းချက်များသည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လိုက် လျောညီထွေမှုရှိ၊ မရှိကိုသုံးသပ်ဖို့လိုအပ်ပါလိမ့်မယ်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၃ တွင် နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ်မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ်အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်ဟု လည်းကောင်း၊ တစ်ခါ အဲ့ဒီ နိုင်ငံသားဥပဒေပုဒ်မ ၄ တွင် မည်သည့်မျိုးနွယ်စုသည် တိုင်းရင်းသားဖြစ်သည်/မဖြစ်သည်ကို နိုင်ငံတော်ကောင်စီကဆုံးဖြတ်နိုင်သည်။ ပုဒ်မ ၅ တွင် တိုင်းရင်းသားတိုင်းသည်လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည်လည်း ကောင်း၊ မွေးရာပါနိုင်ငံသားဖြစ်သည်ဆိုပြီး ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။ တစ်ခါ ၁၉၈၃ခုနှစ် နိုင်ငံသားနည်းဥပဒေများတွင် ၁၈၂၃ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံသို့လာရောက်နေထိုင်သူများသည် တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမျိုးအမည်များနှင့်တူနေစေကာမူ ထိုသူများသည်တိုင်းရင်းသား မဟုတ်ပါလို့ ရှင်းရှင်းလင်းလင်းဖော်ပြထားတာတွေ့ရပါတယ်။ တဖန် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၈ (ခ) တွင် နိုင်ငံတော်ကောင်စီသည် နိုင်ငံတော်၏အကျိုးငှာ မွေးရာပါနိုင်ငံသားမှအပ မည်သူကိုမဆို နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းနိုင်သည်ဟုဆိုထားပြန်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တင်ပြချင်တာကတော့ တည်ဆဲမြန်မာ နိုင်ငံသားဥပဒေမှာပါတဲ့ ၁၈၂၃ ခုနှစ်ဆိုသောသက္ကရာဇ်မှာယနေ့အချိန်မှာဆိုရင် လွန်ခဲ့သောနှစ်ပေါင်း ၁၉၀ လောက်ရှိပါတယ်။ ရာစုနှစ် နှစ်ခုနီးပါးလောက်အချိန်က အထောက်အထားတင်ပြရန်မှာ မလွယ်ကူသောကြောင့် တိုင်းရင်းသားတစ်ဦးဦးအား ၁၈၂၃ မတိုင်မီ မြန်မာနိုင်ငံသို့လာရောက် နေထိုင်ကြောင်း အထောက်အထားတင်ပြနိုင်မှ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုရမယ်ဆိုရင် ထိုပုဂ္ဂိုလ်သည် တိုင်းရင်းသားဖြစ်ပါလျက် တိုင်းရင်းသားဖြစ်မှုဆိုသောအခွင့်အရေးကို ဆုံးရှုံးသွား မည်မှာဧကန်မုချပါ။ ထိုပုဂ္ဂိုလ်ဟာ တိုင်းရင်းသားအဖြစ်အသိအမှတ်ပြုမခံရသောကြောင့် နိုင်ငံသား ဥပဒေပုဒ်မ ၅ အရ မွေးရာပါနိုင်ငံသားဟု အသိအမှတ်ပြုခြင်းမခံရသည့်အပြင် အခန့်မသင့်ရင် ပုဒ်မ ၈(ခ) အရ နိုင်ငံသားအဖြစ်မှတောင်ရုပ်သိမ်းခြင်းခံရနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေသည် တိုင်းရင်းသားလူမျိုးများအားလုံး၏အခွင့်အရေးကို ကာကွယ်စောင့်ရှောက် သည်ဟု အတိအကျမပြောနိုင်ပါ။ ဒါ့အပြင် ၁၉၈၃ ခုနှစ် နိုင်ငံသားဥပဒေလုပ်ထုံးလုပ်နည်းများအရ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေါ်တွင် လူမျိုး၊ ဘာသာနှင့် အလုပ်အကိုင်များကိုဖော်ပြထားခြင်း သည် လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်းစသည်တို့ကိုအကြောင်းပြု၍ ခွဲခြားမှုမရှိစေရဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၈ နှင့် လိုက်လျောညီထွေမှုရှိ၊ မရှိ စဉ်းစားစရာဖြစ်နေပါသည်။ မည်သည်‌့ တိုင်းရင်းသားလူမျိုးဖြစ်သည်၊ မည်သည်‌့ ဘာသာကို ကိုးကွယ်သည်ဆိုတာကို နိုင်ငံသားစိစစ်ရေးကတ်ပြားများပေါ်တွင်မဖော်ပြဘဲ နိုင်ငံတော်ရဲ့လိုအပ်ချက် အရသိရှိလိုပါက သက်ဆိုင်ရာဌာနမှတ်တမ်းများတွင် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Computer Database စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များထိန်းသိမ်းထားပါက သက်ဆိုင်ရာမှအလွယ်တကူ ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

          သို့ဖြစ်ပါ၍ တိုင်းရင်းသားလူမျိုးများ၏ အခြေခံအခွင့်အရေးမဆုံးရှုံးစေရန်အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေကို ခေတ်သစ်စနစ်သစ်နှင့်လိုက်လျောညီထွေဖြစ်အောင် ယုတ္တိရှိအောင်၊ လူ့အခွင့်အရေးစံချိန်စံညွှန်းများနှင့်ကိုက်ညီအောင်ပြင်ဆင်ပြီး ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ် အဆိုတင်သွင်းခဲ့သည့်အတိုင်း တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေတစ်ရပ်ပြဋ္ဌာန်းပေးသင့်ပါကြောင်း ဤလွှတ်တော်သို့ အလေး အနက်ထား အကြံပြုတင်ပြအပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။