Skip to main content

ဦးမင်းသူ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးတီခွန်မြတ်၏ အဆိုကို ထောက်ခံဆွေးနွေး

             လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး နှင့်တကွ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အထူးဧည့်သည်တော်များနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ ခင်ဗျား။  ပြည်ထောင်စုရဲ့ အကျိုးကို ကိုယ်စိတ်နှစ်ပါး ရွှင်လန်းကျန်းမာစွာနဲ့ ထမ်းဆောင်ရွက်နိုင်ပါ ကြောင်း တောင်းဆုပြု၍ နှုတ်ခွန်းဆက်လိုက်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူ ဖြစ်ပါတယ်။ ကျွန်တော် ဆွေးနွေးမှာကတော့ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်ရဲ့ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးကို ထောက်ခံဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ဥက္ကဋ္ဌကြီးပြောခဲ့တဲ့အတိုင်း လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ တချို့အချက်အလက်တွေဟာ စာနှင့်မှတ်တမ်းတင်ထားတဲ့ အချက်တွေကို ဖြည့်စွက်ပြီးမှ စာဖတ်ပြီးမှ အကြောင်းအရာတွေကို ဆွေးနွေးရန်ခွင့်တောင်းပါရစေ။ ဒီလိုဆွေးနွေးတဲ့နေရာမှာ ကျွန်တော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးတော့ အားထည်‌့ဆွေးနွေးမှာဖြစ်တဲ့အတွက် အချို့စကားလုံးပါ အနက် အဓိပ္ပာယ်များကို အကောက်အယူမမှားဘဲ၊ သံသယမဖြစ်ဘဲ၊ ရည်ရွယ်ချက်ကောင်းများကိုသာ ဆွေးနွေးမှာဖြစ်တဲ့အတွက်ကို ခွင့်တောင်းပြရစေ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃ အရ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်ဆိုသည့် နိုင်ငံတော်၏ အခြေခံမူအရ လူနည်းစုတိုင်းရင်းသားလူမျိုးများ၏ အခြေခံရ ပိုင်ခွင့်အခွင့်အရေးများသည် လူများစုတိုင်းရင်းသားများ၏ အခွင့်အရေးအတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၀ နှင့် အခန်း (၈)ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးအတိုင်း ခံစားခွင့်ရှိပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံသားဖြစ်ကြသော လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်စောင့် ရှောက်ရန် ပုဒ်မ ၂၁(ဃ)အရ လိုအပ်သော ဥပဒေပြဋ္ဌာန်းရန် လိုအပ်နေပြီဖြစ်ကြောင်းကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အသီးသီးက ရှုထောင့်စုံမှ ဆွေးနွေးသွားခြင်းလည်း ဖြစ်တယ်လို့ မှတ်ယူ နိုင်ပါတယ်။  တကယ်တမ်း အမှန်တကယ်ဖြစ်သင့်တာက တိုင်းရင်းသားများအရေးနှင့် ပတ်သက်လျှင် တိုင်းရင်းသားလူမျိုးများ အချိုးကျအများဆုံးပါဝင်နေတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တဲ့  ပြည်ထောင်စုလွှတ်တော် အဆင့်မှ ဆွေးနွေးရင် ပိုသင့်တော်ပါတယ်လို့ မှတ်ယူပါတယ်။ သို့သော်လည်း ဒီလို ပြည်သူ့လွှတ်တော် အဆင့်မှာကိုက ဆွေးနွေးခွင့်ရတာကို လေးစားပြီး ကြိုဆို ထောက်ခံပါကြောင်း ပမာဏအနေနဲ့ ပြောကြားလိုပါတယ်။ကိုယ်စားလှယ်အသီးသီးက တင်ပြသွားတဲ့ အချက်တွေကတော်တော်ပဲ ပြည့်စုံ နေတာကို တွေ့ရသလို ရှေ့ဆက်ဖြည့်စွက်ပြီးမှပဲ လိုအပ်ချက်တွေကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို ရှေ့ရှုပြီးမှ ဆွေးနွေးသွားမှာ ဖြစ်တဲ့အကြောင်း ထပ်မံပြောကြားပါရစေ။ 

   လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားလူမျိူးများ၏ အခွင့်အရေးကို စောင့်ရှောက်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းဆွေးနွေးရာမှာ လွှတ်တော်ထဲမှာရောက်နေတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဆွေးနွေးတဲ့ နေရာမှာတော်တော်လေးကို တတ်နိုင်သမျှပေးထားတဲ့ နည်းဥပဒေအချက်အလက် ဆွေးနွေးတဲ့ နေရာမှာပွင့်လင်းသလောက် မပွင့်လင်းနိုင်တာတွေ့ရပါတယ်။ တစ်နည်းအားဖြင့် လူနည်းစုဖြစ်တဲ့ တိုင်းရင်းသား အများစုရဲ့ စိတ်ပညာသဘောအရ သိမ်ငယ်တဲ့စိတ်အရ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မပြောနိုင်တဲ့အနေအထား မျိုးတွေလည်း တွေ့နေရပါတယ်။ အဆိုရှင် ဦးတီခွန်မြတ်ရဲ့ အဆိုမှာကိုက တိုင်းရင်းသားများအရေးအတွက်ကို အခွင့်အရေးကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်း ရာမှာ အဆိုရှင် ဦးတီခွန်မြတ်က တိုင်းရင်းသားတစ်ခုလုံးအတွက် အခွင့်အရေးကာကွယ်နိုင်တဲ့ ဥပဒေဖြစ်ဖို့ အတွက်ကို ပြည်ထောင်စု စနစ်တည်ဆောက်ပုံကို အဓိကထားပြီး တင်ပြသွားတယ်လို့ မှတ်ယူမိပါတယ်။ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးများအရေးနှင့် ပတ်သက်လို့ တည်ဆောက် ထားတဲ့ စနစ်ကို တင်ပြသွားတဲ့ အနေအထားမှာ တွေ့ပါတယ်။ ဒါအင်မတန် ကောင်းတဲ့ အချက်ပါ။ ဒါဟာ တိုင်းရင်းသားများရဲ့ အခွင့်အရေးတစ်ခုလုံးကို ကာကွယ်ပေးနိုင်မယ့် ဥပဒေထက်စာရင် တိုင်းရင်းသား များ ဥမကွဲသိုက်မပျက်နဲ့ ထာဝရစည်းလုံးညီညွတ်နေတဲ့ နိုင်ငံတစ်ခုအဖြစ်ရောက်နိုင်တဲ့ ဖွဲ့စည်းတည် ဆောက်ပုံမျိုးကို အဆိုတင်ပြသွားတာ အင်မတန်ထောက်ခံဖို့ကောင်းသလို လေ့လာဖို့လည်း လိုအပ်နေပြီ ဆိုတဲ့အကြောင်း အသိပေးပါရစေ။ အိန္ဒိယနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံအပါအဝင် ဘာသာပေါင်းစုံ၊ အယူအဆပေါင်းစုံနှင့် ဖွဲ့စည်းထားတဲ့နိုင်ငံဖြစ်တဲ့ အကြောင်းကိုလည်း အားလုံးသိပြီး ဖြစ်ပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ တိုင်းရင်းသားပြိုကွဲရေး တစ်နည်းအားဖြင့် နိုင်ငံတော်ပြိုကွဲရေးဆိုတဲ့ ကိစ္စမျိုးမှာ မပေါ်လာဘဲနှင့် ကျွန်တော်တို့နှင့် လွတ်လပ်ရေး မရှေ့မနှောင်းရခဲ့တဲ့ နိုင်ငံတစ်ခုဟာ ဒီနေ့ထိအောင် တိုးတက်ဖွံ့ဖြိုးနေတာ အင်မတန် အတုယူစရာကောင်းလှပါတယ်။ ဒါကြောင့် အမှန်တကယ် တိုင်းရင်းသားများရဲ့ အခွင့်အရေးကို ကာကွယ်မယ်ဆိုရင် ပြည်ထောင်စုစနစ်နှင့် ဖွဲ့စည်းတဲ့ ပုံသဏ္ဍာန်ကို လေ့လာဖို့လည်းလိုသလို၊ ပြဋ္ဌာန်းဖို့လည်းလိုပါတယ်။ အဲဒီအတွက် သာမန်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ လွှတ်တော်နိုင်ငံရေး သက်တမ်းက နုပါသေးတယ်။ လွှတ်တော်တွင်းမှာလည်း ရောက်သင့်ရောက်ထိုက်တဲ့လူတွေ၊ ပါသင့်ပါထိုက်တဲ့လူတွေ အပြည့်အစုံမပါဝင်သေး တာကလည်း မငြင်းနိုင်တဲ့တရားပါ။ ပြည်သူ့လွှတ်တော်နှင့်တကွ လွှတ်တော်အသီးသီးဟာ လေးစားစရာ အင်မတန်ကောင်းပါတယ်။ ပြည်သူ့အသံတွေကို ဖော်ထုတ်ဖို့ နေရာတစ်ခုအနေနဲ့ ပြဋ္ဌာန်းပြီးလည်း ဖြစ်တဲ့အတွက် ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်စသည့် အသီးသီးရဲ့ အသံများကိုလည်း ပြည်သူတွေကို ကိုယ်စားပြုအရေးကြီးသလို တိုင်းရင်းသားပြည်သူ အားလုံးကိုလည်း ကိုယ်စားပြုဖို့က အလွန်လိုအပ်နေပါတယ်။ သို့ပါ၍ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အထူးဖြည့်စွက် ပြောလိုတာကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလဖြစ်သလို လွှတ်တော်တွေကိုလည်း ပြည်သူ့လွှတ်တော်၊ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒတွေ ဖော်ကျူးနေဖို့ တည်ဆောက်နေတဲ့ အခြေအနေမျိုး ဖြစ်တယ်ဆိုတာကလည်း အားလုံးအသိပဲဖြစ်ပါတယ်။ ဒီကာလမှာ မပြည့်မစုံဘဲနဲ့ တစ်နည်းအားဖြင့် ပြည်သူ့အသံ၊ တစ်နည်းအားဖြင့် တိုင်းရင်းသားလူမျိုးတွေရဲ့ အသံဟာ မပြည့်မစုံ ဘဲနှင့် ဥပဒေတစ်ရပ်ကို လွယ်လွယ်ကူကူပြဋ္ဌာန်းလိုက်တယ်ဆိုရင် နောင်မှာ လွှတ်တော်ကပြဋ္ဌာန်းချက်က လွှတ်တော်ရဲ့ အနေအထားက တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် ပတ်သက်ရင် ပြောစရာ  ဖြစ်လာပါမယ်။ ဒါကြောင့် အခုပြဋ္ဌာန်းဖို့ လိုအပ်တယ်ဆိုတဲ့ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်တဲ့ဥပဒေသည် စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအပြင် နိုင်ငံအရအထူးလိုအပ်တောင်းဆို ခဲ့ကြသော အသိအမှတ်ပြုမှုဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်ရပ်တည်ခွင့် အခွင့်အရေးများကို နိုင်ငံတော်၏ အခြေခံမူ ၃ ရပ်နှင့် ၃ ချက်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ညီညွတ်မျှတသော အခွင့်အရေး တစ်ရပ်အဖြစ် သတ်မှတ်ပြဌာန်း အဓိပ္ပါယ်ဖွင့်ဆို အသိအမှတ်ပြုပေးရန်လည်း အထူးလိုအပ်နေပါတယ်။ ဒီအတွက်ကို လွှတ်တော်ပြင်ပမှာ လွှတ်တော်ထဲ မရောက်လာသေးတဲ့ တိုင်းရင်းသားကိုယ်စား ပြုပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များရဲ့ သဘောထား ရပ်တည်အမြင်များကိုလည်း နားထောင်ဖို့လိုပါတယ်။ ဒီလိုအခြေအနေ မျိုးဖြစ်ဖို့အတွက်ကို ဥပဒေမပြဋ္ဌာန်းခင်မှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စု ညီလာခံကြီး တစ်ရပ်ကလည်း လိုအပ်နေ ပြီဆိုတဲ့အကြောင်း ထင်မြင်မိပါတယ်။ ထို့အတွက် ဒီလိုညီလာခံကြီးမှာလည်း လွှတ်တော်ကိုယ်စား လှယ်တွေအပါအဝင် အထူးသဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာပိုင် တည်တံခိုင်မြဲရေးအတွက် ဆောင်ရွက်ခဲ့တဲ့ တပ်မတော် အင်အားစုဟာလည်းပါဝင်ဖို့ အထူးအရေးကြီး ပါတယ်။ တပ်မတော်ကိုယ်စားလှယ်များရဲ့ အသံနှင့်တကွ တိုင်းရင်းသားလူမျိုးများရဲ့ အကာအကွယ် အခွင့်အရေးအတွက် ကာကွယ်ပေးတဲ့နေရာမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခြင်းဟာ အဓိကကျတဲ့ အချက်ကို မမေ့သင့်ဘူးဆိုတာ အားလုံးသတိပြုဖို့ လိုပါတယ်။ ဒီလိုပြောလိုက်ရတာဖြင့် ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေးမှာ တသုံးလုံးဆိုတဲ့ တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသားများအရေး၊ တပ်မတော်၏ ပူးပေါင်းပါဝင်ရေးဟာ အရေးကြီးတဲ့အတွက် အခုလို ကွတ်ခိုင် မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်တဲ့ ဥပဒေပြဋ္ဌာန်းရေးမှာ အားလုံးပါဝင်ပူးပေါင်း ဆောင်ရွက်နိုင်ကြပါရန် အလေးအနက်ထောက်ခံရင်း နိဂုံးချုပ် အပ်ပါတယ်ခင်ဗျား။ အားလုံးကျေးဇူးတင် ပါတယ်။