Skip to main content

တိုင်းရင်းသားလူမျိုးများရဲ့ အခွင်‌့အရေးကို ကာကွယ်သော ဥပဒေပြဋ္ဌာန်းရေးအဆိုကို ဦးအုန်းကြိုင်မှ ဆွေးနွေး

       လေးစားအပ်ပါသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ မင်္ဂလာအပေါင်းနှင်‌့ခညောင်းကြပါစေလို့ ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသ ကြီး၊ မဟာအောင်မြေ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်ဖြစ်ပါတယ်။ ကွတ်ခိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်တင်သွင်းထားတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင်‌့အရေးကို ကာကွယ်သော ဥပဒေပြဋ္ဌာန်းရေးအဆိုကိုထောက်ခံရင်း အကြံပြုဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဥက္ကဋ္ဌ ကြီးခင်ဗျား။ ကျွန်တော်တို့ နိုင်ငံဟာလွတ်လပ်သောပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖြစ်ဖို့အတွက် ပင်လုံစိတ်ဓာတ်က သန္ဓေတည်ခဲ့တာ ဖြစ်ပါတယ်။ လွတ်လပ်ရေးဗိသုကာကြီးနှင့် တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်များဖြစ်ကြတဲ့ တိုင်းရင်းသားခေါင်းဆောင် များရဲ့မျှော်မှန်းချက်က ကျွန်တော်တို့တိုင်းရင်းသား အားလုံးအခွင့်အရေးတန်းတူညီမျှစွာနဲ့ ရရှိခံစားကြ  ပြီးတော့ လွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်နဲ့ ဥမကွဲသိုက်မပျက်အေးအတူ ပူအမျှနေထိုင်သွားကြဖို့ ဖြစ်ပါတယ်။

     ဥက္ကဋ္ဌကြီးခင်ဗျား။ အနှစ်ချုပ်ကြည့်လိုက်လို့ရှိရင် ပင်လုံစိတ်ဓာတ်ဆိုတာ တစ်ခုပါ။ တစ်ခုကတော့ ကျွန်တော်တို့ ဒီမြေ၊ ဒီရေမှာမွေးတဲ့ တိုင်းရင်းသားတွေအားလုံးဟာ တန်းတူရည်တူရှိတယ်။ နောက်တစ်ခုက အားလုံးက ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိကြတယ်။ Self determination ပါ။ ဒီနှစ်ခုကိုပဲ အခြေခံတာဖြစ်ပါတယ်။ အခု ဦးတီခွန်မြတ်ရဲ့အဆိုဟာ တော်တော်လေးနက်နေပါတယ်။ ကျွန်တော်စဉ်းစားကြည့်တဲ့အခါမှာ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကိုကာကွယ်သော ဥပဒေ ပြဋ္ဌာန်းရေးလို့ ဒီလိုဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၂၁ (က)၊ (ဃ)၊ ပုဒ်မ ၂၂ (က)၊(ခ)တို့မှာ ဒီအခွင့်အရေးတွေ ပြဋ္ဌာန်းထားပြီးလို့ပြောလို့ရပါတယ်။ သို့သော် အဲ့ဒါတွေဟာ ပြည့်စုံမှုမရှိလို့လား။ ဒါမှမဟုတ်ရင် ပြည့်စုံအောင်ပြဋ္ဌာန်းပြီးပြီဆိုလို့ရှိရင် တကယ်အဖြစ်မှန် ခံစားခွင့်မရကြလို့လား။ ဒါစဉ်းစားစရာ တစ်ချက် ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီကနေ့အခြေအနေမှာ အားလုံးခံစားနေရတဲ့ ရှေ့ဆွေးနွေးသွားကြတဲ့  တိုင်းရင်းသားခေါင်းဆောင်တွေနည်းတူပဲ ကျွန်တော် လည်းပဲ ခံစားမိပါတယ်။ ကျွန်တော်တို့ တံခါးပေါက်တွေ တချို့ပွင့်နေသလား။ အဲဒီအတွက် ပြည်ထောင်စုကြီးတစ်ခုလုံးကို ကျတော့မယ့်အန္တရာယ်ကို တိုင်းရင်းသားတွေ သတိပြုမိနေပြီလား။ ဒါကြောင့်မို့လို့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးကို ကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပါလို့ ပြောတာပါ။ ဘာပဲဖြစ်ဖြစ်နှစ်ခုစလုံးက ပြည်ထောင်စုအတွက် အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ဒီလိုလေးနက်တဲ့အဆိုကိုတင်ပြလာတဲ့အတွက် ဆွေးနွေးခွင့်ရလာတဲ့အတွက်လည်း ဦးတီခွန်မြတ်ကို ကျေးဇူးတင်ကြောင်း၊ ချီးကျူးကြောင်း၊ လေးစားပါကြောင်း အခါအခွင့်သင့်လို့ ပြောပါ ရစေ။   

         ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ခုနကပြောခဲ့သလို အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းစကားနဲ့ ပြောရရင် ကျွန်တော်တို့လည်း သူများတကာ ကျွန် မဖြစ်ချင်ဘူး။ တိုင်းရင်းသား တွေလည်း ဘယ်သူကျွန်မှမဖြစ်ရ ဘူးဆိုတဲ့ စကားအတိုင်းပဲ ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ ပင်လုံစိတ်ဓာတ် သွေးချင်းအရင်းဆိုတဲ့စိတ်၊ အဲဒီ ပြည်ထောင်စုဆိုတဲ့ စိတ်ထာဝစဉ်တန်းတူညီမျှစွာအတူ လက်တွဲပြီးတော့ မကွဲမကွာနေသွားကြမယ်ဆိုတဲ့ စိတ်ဓာတ်ဟာ ပင်လုံမှာချခဲ့ပါတယ်။ နှစ်ပေါင်းဟာ တော်တော် ကြာလာတော့ ဒါဟာတဖြည်းဖြည်းအားပျော့ ပျက်ပျယ်လာပြီလို့ဖြစ်နေသလား။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးဆိုတာ ဘာကိုဖော်ပြတာလဲ။ ခုနက ကျွန်တော်တို့ခေါင်းဆောင် လည်းဆွေးနွေးသွားပါတယ်။ တိုင်းရင်းသားဆိုတဲ့ဝေါဟာရကိုက ဆန်းစစ်ဖို့လိုနေပြီ လား။ အဲဒီလို ဆိုရင်တော့ ကျွန်တော် အကြံပေးချင်တာကတော့ ပြောင်းလဲလာတဲ့ခေတ်ကာလနဲ့အညီ တွေးခေါ် မျှော်မှန်းဆွေးနွေးညှိနှိုင်းပြီးတော့ ဆုံးဖြတ်နိုင်မယ့်ပင်လုံလို ညီလာခံတစ်ခု ဒီမိုကရေစီခေတ်ရဲ့ ခေတ်ဦးလိုခေါ်တဲ့ ဒီလိုအချိန်မှာ ကျွန်တော်တို့ ခေါ်ဖို့မသင့်ဘူးလား။ ဘာကြောင့်လည်းဆိုတော့ ရှမ်းပြည်မှာမွေးတဲ့ ကျွန်တော်တို့ ရှမ်းညီအစ်ကိုတော် တစ်ယောက်နဲ့  စိတ်ကူးနဲ့ ရှမ်းပြည်ကြီးကို ဘယ်လိုလှအောင် ထူထောင်မလဲဆိုတဲ့ စိတ်ကူးဟာ ကျွန်တော်ဧရာဝတီတိုင်းမှာမွေးတဲ့ စိတ်ကူးနဲ့ ဘယ်လိုမှမတူနိုင်ပါဘူး။ ကျွန်တော်သူ့ကို မီအောင် တွေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသား အချင်းချင်း ပြည်ထောင်စုနိုင်ငံတော်ကြီး တစ်ခုလုံးမှာရှိတဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးထူထောင်ဖို့ ကြိုးပမ်းနေချိန်မှာ ပင်လုံညီလာခံကို တိုင်းရင်းသားတွေ၊ ခေါင်းဆောင်တွေ အကုန်လုံးစုံညီတက်ရောက်မယ့် အဲဒီမှာ တိုင်းရင်းသားတွေ အကျိုးကို ထမ်းဆောင် နေပါတယ်ဆိုတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ နောက် အများပြည်သူက လေးစားတဲ့ခေါင်းဆောင်တွေ၊ နောက်ကျွန်တော်တို့ တပ်မတော်ခေါင်းဆောင်တွေ အပါအဝင် အားလုံးစုံညီ တက်ရောက်မယ့် ပင်လုံလိုညီလာခံကြီးတစ်ခုခေါ်ပြီးတော့ တိုင်းရင်းသားတွေအခွင့်အရေးဆိုတာဘာလဲ။ တိုင်းရင်းသားဆိုတာ ဘယ်သူတွေလဲ။ ဘယ်သူတွေက ကျွန်တော်တို့ သွေးချင်းအရင်းအချာတွေလည်း ဆိုတာ ထပ်ပြီးတော့ ဆွေးနွေးဆုံးဖြတ်။ အခြေခံကတော့ တန်းတူညီမျှမှုရှိရေးနဲ့ ကိုယ့်ကြမ္မာကိုလွတ်လပ်စွာ ဖန်တီးခွင်‌့ရှိရေး ပေါ့ခင်ဗျား။ အဲဒီလောက်များ ညီလာခံကြီးတစ်ခုခေါ်ရင် မသင့်တော်ဘူးလား။ ကျွန်တော် အဲဒါ အကြံပြုတင်ပြချင်ပါတယ်ခင်ဗျား။

ဥက္ကဋ္ဌကြီးခင်ဗျား။ တိုင်းရင်းသားတွေရဲ့အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် ဥပဒေပြဋ္ဌာန်း ချက်တွေနဲ့ ကျွန်တော်တို့ အခုနေပြဋ္ဌာန်းပေးရင်လည်းပဲ ကျွန်တော်ကတော့ ခံစားခွင်‌့အပြည့်အဝရကြ မယ်လို့ မယုံကြည်သေးပါဘူးလို့ပြောပါရစေ။ ဘာကြောင်‌့လည်းဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ ပြည်တွင်းစစ်က အခုထိ မငြိမ်းနိုင်ဘူးဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ဟာ မွေးလာကတည်းက မြစ်ဝ ကျွန်းပေါ်မှာ ပြည်တွင်းစစ်ကြားထဲက ခံခဲ့ရတာဆိုတော့ ဒီနေ့ တိုင်းရင်းသားတွေကြားထဲမှာ ခံစား နေရတဲ့ ပြည်တွင်းစစ်မီးဟာ ဒုက္ခကိုကျွန်တော်ကိုယ်တိုင်နားလည်ပါတယ်။ စာနာပါတယ်။ များစွာစိတ် မကောင်းဖြစ်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းမှုမရဘဲနဲ့တော့ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ဘဝ မအေးချမ်းနိုင်ပါဘူး။ မဖွံ့ဖြိုးနိုင်ပါဘူးခင်ဗျား။ ဒီစစ်မီးမငြိမ်းသရွေ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကျွန်တော် တို့ရဲ့ သားကောင်းရတနာတွေ တန်ဖိုးကြီးမားလှတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ မြေပေါ်မြေအောက် သယံဇာတပစ္စည်းတွေကို နည်းမျိုးစုံနဲ့ ဝါးမျိုပစ်နေဦးမှာဖြစ်ပါတယ်။ ဒါကြောင့်လည်းပဲ ကျွန်တော်တို့ ခေတ်ထိ ဆင်းရဲမွဲတေမှုဟာ ပိုပြီးတော့ ဆိုးသထက်ဆိုးလာနိုင်မှာဖြစ်ပါတယ်။ သမ္မတကြီး ဦးသိန်းစိန်ရဲ့ လက်ထက်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဗဟိုကော်မတီတွေဖွဲ့၊ လုပ်ငန်းကော်မတီတွေဖွဲ့ ဆောင်ရွက်နေတာကိုထောက်ခံပါတယ်။ အားလည်းတက် ပါတယ်။ အားလည်းကိုးပါတယ်။ မျှော်လည်း မျှော်လင့်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့လူမျိုးရဲ့စရိုက်တစ်ခု သတိပြုသင့်ပါကြောင်းလည်း ကျွန်တော်တင်ပြပါရစေ။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်တို့လူမျိုးက ခေါင်းဆောင်ကိုအားကိုးပါတယ်။ ဒါဟာ ကျွန်တော်တို့လူမျိုးရဲ့ စရိုက်ကို အခုထက်ထိ ထိန်းသိမ်းထားတဲ့စရိုက်ကို ဒါဟာ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်စတဲ့ ဒီမြစ်ဝှမ်းတွေမှာ အခြေချပြီးတော့ ကုန်းမြင့်ဒေသတွေမှာ အတူနေထိုင်ကြတဲ့ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးရဲ့ ဒါပင်ကိုစရိုက်ဖြစ်ပါတယ်။ သမိုင်းကလည်း ဒီအချက်ကိုအထောက်အထားတွေနဲ့ဖော်ပြနေပါတယ်။ ကျွန်တော်တို့ သမိုင်းကိုပြန်ကြည့်ပါ။ အနော်ရထာလို တကယ့်ပြည်သူက ချစ်တဲ့ခေါင်းဆောင်ပေါ်လာပြီ။ ပြည်သူက အနော်ရထာကို အားကိုးသလို အနော်ရတာကလည်း ပြည်သူကိုယုံကြည်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ ပုဂံနေပြည်တော်ဟာတကယ့် ရွှေနိုင်ငံတော်အဖြစ် ပြည်သူလူထုရဲ့အားနဲ့ အနော်ရထာနဲ့ ပေါင်းစပ်ပြီတော့ အဲဒီခေါင်းဆောင် ကောင်းရဲ့နောက်မှာ ပြည်သူလူထုဟာ ထပ်ချပ်မကွာလိုက်ပါတယ်။ အဲဒီအခါမှာ ကျွန်တော်တို့ နိုင်ငံဟာရွှေနိုင်ငံဖြစ်ခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ ဒီကနေ့အထိ ကျွန်တော်တို့ ပြသလို့ရတဲ့ ကမ္ဘာ့ အံ့ဖွယ်ထဲမှာတစ်ခုပါတဲ့ ပုဂံလိုနေပြည်တော်ကြီးကို ရှေ့ကျွန်တော်တို့ ဘိုးဘွားဘီဘင်တွေဟာ အနော်ရထာရဲ့ခေါင်းဆောင်မှုကိုတည်ဆောက်‌နိုင်ခဲ့ပါတယ်။ နောက်ကျန်စစ်သား ခေတ်မှာလည်း ဒီလို ပါပဲခင်ဗျား။ ဒါပေမယ့် ကျွန်တော်တို့လူမျိုးရဲ့စရိုက်က ခေါင်းဆောင်ပျောက်သွားပြီ ဆိုပြန်တော့ တစ်ခါသွေးအေးသွားသလိုဖြစ်ပြီးတော့ တစ်စစီဖြစ်သွား ပြန်ပါတယ်။ နောက် ဘုရင့်နောင်ကျော်ထင် အနော်ရထာလို ခေါင်းဆောင်ပေါ်လာပါတယ်။ အဲဒီမှာ တစ်နိုင်ငံလုံးဟာ ဘုရင့်နောင်ရဲ့နောက်မှာ တစ်စည်းတစ်လုံးတည်း ထပြီးတော့ရပ်ကြပါတယ်။ အဲဒီမှာ ကျွန်တော်တို့နိုင်ငံဟာ ဒီအင်ဒိုချိုင်နား ကျွန်းဆွယ်အထိ ကျယ်ပြန့်အောင် ထူထောင်နိုင်ခဲ့ပါတယ်။ နောက်အဲလိုနဲ့ ခေါင်းဆောင်ပျောက်သွား ပြန်တဲ့အခါ သွေးအေးသွားပြန်ပါတယ်။ ပြန်ပြီးတော့ တစ်ကွဲတစ်ပြားစီး ဖြစ်ကြပြန်ပါတယ်။ နောက်အလောင်းဘုရားခေတ် အလောင်းဖုရား  ခေတ်မှာလည်း ဒီလိုပါပဲ။ ကျွန်တော်တို့နိုင်ငံဟာ အရှေ့တောင် အာရှမှာ ဖိတ်ဖိတ်တုန်အောင်သြဇာကြီးတဲ့ နိုင်ငံတစ်ခုဘဝကိုရောက်ခဲ့ပါတယ်။ အဲဒါဘာလဲ။ အလောင်းဘုရားဦးအောင်ဇေယျရဲ့ ခေါင်းဆောင်မှု တစ်ခဲနက်ထောက်ခံဖြစ်ပါတယ်။ ပြည်သူနဲ့ခေါင်းဆောင်တစ်သားတည်း ဖြစ်တဲ့အချိန်မှာ ကျွန်တော်တို့လူမျိုးဟာ အရှိန်အဟုန်ပြင်းစွာ ညီညွတ် ပြီးတော့ အဲဒီညီညွတ်မှုကြောင့် အောင်ပွဲတွေထူးခြားတဲ့အောင်ပွဲတွေ ရစမြဲဖြစ်ပါတယ်။ နောက် ခေါင်းဆောင်တစ်ယောက်ကတော့ နှစ်ပေါင်း ၁၀၀ လောက် ကျွန်းဖြစ်တဲ့ဘဝမှာ ရုန်းရင်းကန်ရင်းနဲ့ ပေါ်လာတဲ့ပေါ်လာတဲ့ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်။ ဗိုလ်ချုပ် အောင်ဆန်းဟာ တစ်နိုင်ငံလုံးကိုစည်းရုံးနိုင်ပါတယ်။ စည်းရုံးနိုင်တယ်ဆိုတာထက် တစ်နိုင်ငံလုံးဟာ ဗိုလ်ချုပ်အောင်ဆန်းကို တကယ့်ခေါင်းဆောင်အဖြစ်နဲ့ နှစ်နှစ်ကာကာယုံကြည်ကြပါတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဘယ်သွားသွား အားလုံးသိတဲ့အတိုင်းပဲ၊ မှတ်မိကြမှာဖြစ်တဲ့အတိုင်း တချို့ဖတ်မိကြမှာ ဖြစ်တဲ့အတိုင်းပေါ့။ ပြည်သူတစ်ရပ်လုံးက တစ်ခဲနက်ထောက်ခံပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လုံးဝယုံကြည်ပါတယ်။ ဗိုလ်ချုပ်ရဲ့ရိုးသားမှု၊ ဗိုလ်ချုပ်ရဲ့စွန့်လွှတ်နိုင်မှု တကယ်အားကိုးပါတယ်။ ဒါကြောင့် မို့လို့ တစ်ညီတစ်ညွတ်တည်း ညီညွတ်ကြပါတယ်။ ကျွန်တော်တို့ အဘိုးကပြောဘူးပါတယ်။ ဗိုလ်ချုပ်လို့ ငါတို့ခေါ်တာက နာမည်တောင် မခေါ်ရက်လို့ ဗိုလ်ချုပ်လို့ခေါ်ပါတယ်။ အဲလောက်ပြည်သူလူထုက ချစ်ပါတယ်။ အဲဒီလို လွတ်လပ်ရေးရခါနီး အကြိုမှာ အဲဒီလိုချစ်လိုလည်းပဲ အမျိုးသားခေါင်းဆောင်ကြီး ရဲ့ခေါင်းဆောင်မှုနဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် နှစ်ပေါင်း ၁၀၀ ကျွန်ဘဝက အောင်အောင်မြင်မြင် အောင်ပွဲဆင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကံဆိုးချင်တာက ကံဆိုးဖို့ဖြစ်လာတာက  အဲဒီလွတ်လပ်ရေးအကြို တကယ့်လွတ်လပ်ရေးရတော့မယ်လို့ တစ်နိုင်ငံလုံးက စိတ်ကူးယဉ်နေတဲ့ အချိန်၊ မျှော်မှန်းနေတဲ့အချိန် လွတ်လပ်ရေးအောင်ပန်းကိုတော့ ရတော့မယ်လို့ အားကိုးနေတဲ့အချိန် ဗိုလ်ချုပ်ရဲ့ကြိုးစားမှုတွေကိုလည်းအားကျနေတဲ့အချိန်မှာ ရုတ်တရက် ဗိုလ်ချုပ်ကျဆုံးသွားပါတယ်။ တစ်နိုင်ငံလုံးအတွက် တကယ်ကို ရွှေတောင်ကြီးပြိုဖြစ်သွားပါတယ်။ ကျွန်တော်တို့အသက်အရွယ်နဲ့ ကျကျနနမမှတ်မိပါဘူး။ သို့သော် မှတ်မိခဲ့တဲ့ ကျွန်တော်တို့ ဘိုးဘွားများရဲ့ ပြန်လည်ပြောပြချက်အရ ကျွန်တော်တို့ရင်ထဲမှာနာနေအောင်ခံစားရပါတယ်။ အဲဒီတစ်ပြိုင်နက်ထဲမှာ သမိုင်းအလိုအရ ဘာဖြစ် သွားလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းတမ်းတတဲ့ ခေါင်းဆောင်ဟာကွက် ဆိုတာ ကြီးပေါ်သွားပါတယ်။ ဒါဟာ ကျွန်တော်တို့စရိုက်၊ ကျွန်တော်တို့လူမျိုးအရ ပေါ်သွားတာပါ။ အဲဒါကဘာလဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်တမ်းတနေတာပဲရင်ထဲမှာ ကျွန်တော်လည်း တမ်းတနေတာပဲ။ ကျန်တဲ့ ဒီကကိုယ်စားလှယ်ကြီးတွေလည်း အဲဒီထဲမှာပါကြမယ်ထင်ပါတယ်။ အဲဒီတော့ ခေါင်းဆောင်ဟာကွက်စံက လာသမျှခေါင်းဆောင်အားလုံးကို ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ စံနဲ့ပဲတိုင်းတော့တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ လူမှန်းသိလို့ တိုင်းကျိုးပြည်ကျိုးစလုပ်မယ်လို့ သိတဲ့ အချိန်မှာ ကျွန်တော်တို့နိုင်ငံမှာအစိုးရတစ်ခြား၊ ပြည်သူကတစ်ခြားဖြစ်နေပါတယ်။ အဲဒါ ခေါင်းဆောင် မှုဟာကွက်ရဲ့ ဟာပါပဲ။ ကျွန်တော် ၁၉၇၂ ခုနှစ်က အကြောင်းတိုက်ဆိုင်စွာ ရွေးကောက်ပွဲလေ့လာရင်း သတင်းစာဆရာ အဖြစ်နဲ့ အိန္ဒိယနိုင်ငံကိုရောက်ပါတယ်။ အိန္ဒိယခေါင်းဆောင်ကြီး ဂျဂျီပါရမ် လို့ ဂျေပကတ်စ်ကနာရမ် တို့နဲ့တွေ့တဲ့အခါမှာလည်း သူတို့က ဗမာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ရုတ်တရက်ကျဆုံးပြီးတဲ့နောက် ခေါင်းဆောင်ဟာကွက် ခံနေရတယ်ဆိုတာ သူတို့လည်းလက်ခံတယ်လို့ ကျွန်တော်ကိုပြောပါတယ်။ သူတို့ အိန္ဒိယနိုင်ငံမှာလည်း နေရူးဟာကွက်ဖြစ်တာပဲတဲ့ သို့သော်လည်းပဲ ကံကောင်းတာက နေရူးက ဒီခေတ်မှာကြုံတွေ့တဲ့ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ဒီခေတ်ရဲ့ ခေါင်းဆောင်ဟာ ဒီခေတ်ကလူတွေ ရွေးတင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကိုချပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံမှာ သခင်အောင်ဆန်းက အဲဒါကို လုပ်မပေးနိုင်ခဲ့ရှာဘူးတဲ့ အဲဒါတစ်ခု အဲဒါကြောင့်မို့လို့ ငါတို့က အင်ဒီရာဂန္ဒီ ကိုရပြီးတော့ နည်းနည်း ခံသာတယ်တဲ့ အဲဒီခေါင်းဆောင်မှုဟာကွက်က ကျွန်တော်တို့နိုင်ငံအတွက် တော်တော်မကောင်းပါဘူး ခင်ဗျား။

အခုနှစ်ပေါင်း ၄၀ ကျော်လောက် စောင့်ပြီးတဲ့အခါကျတော့ အဲဒီခေါင်းဆောင်မှုဟာကွက်ကို အစားထိုး နိုင်မယ့် အခြေအနေတစ်ခု ပေါ်လာပါတယ်။ ခေါင်းဆောင်တစ်ယောက်ပေါ်လာပါတယ်။ အဲဒါကတော့ ဒီလွှတ်တော်ထဲကို အခုရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ။ ပြည်သူတစ်ရပ်လုံးရဲ့အမြင်မှာ ဒေါ်အောင်ဆန်း စုကြည်ဆိုတာကို အမျိုးသားခေါင်းဆောင်ကြီးရဲ့ကိုယ်ပွား၊ အမျိုးသားခေါင်းဆောင်ကြီးရဲ့ ကိုယ်စားလို့ ဒီလိုကိုမြင်နေကြပါတယ်။ ဒါဟာကောင်းတဲ့လက္ခာတစ်ခုပါ။ ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်တစ်ယောက် ပေါ်လာပြီ။ အဲဒီခေါင်းဆောင်ရဲ့နောက်ကို ပြည်သူတစ်ရပ်လုံးကလည်း တစ်ခဲနက်ယုံကြည်ထောက်ခံနေပြီဆိုရင် ကျွန်တော်တို့ဒီခေါင်းဆောင်ကို ကျွန်တော်တို့ ငြိမ်းချမ်းရေးနဲ့ ဗမာပြည်ဖွံ့ဖြိုးတိုးတက်ရေး တို့ကိုအသုံးချဖို့ပဲ ရှိပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား။ ကျွန်တော်ဆွေးနွေးပါရစေ။ ကျွန်တော်တို့ အခုပြုပြင်ပြောင်းလဲမှုတွေဟာ သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဆွေးနွေးမှုကနေ စခဲ့တာပါ။ တကယ်ကိုပဲ သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဆွေးနွေးအပြီးမှာ ပြည်သူလူထုက အစိုးရအပေါ် တိမ်းညွှတ်မှုက သိသိသာသာပြောင်း လဲလာပါတယ်ခင်ဗျား။ ဒါဟာကောင်းတဲ့လက္ခာဏာပါ။ ဒီလက္ခဏာကို ဆက်လက်ပြီးတော့ မြှင့်တင်သွားကြရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဟိုတစ်နေ့ကပဲ သမ္မတကြီးက နိုင်ငံခြားသတင်းထောက် တစ်ယောက်နဲ့တွေ့တဲ့အခါမှာ အမျိုးသားခေါင်းဆောင်ကြီး သမီးဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးထဲက ဖယ်ထားလို့မရဘူးဆိုတဲ့ စကားအတွက် ကျွန်တော်အလွန်အားရမိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ခေါင်းဆောင်ကောင်း တွေ့နေတဲ့အချိန်မှာ ခေတ်သစ်တစ်ခုကို ထူထောင်ဖို့အတွက် ညီညီညွတ်ညွတ် သမ္မတကြီးနှင့်တကွ ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညီညွတ်ညွတ်နဲ့ဆက်လက်ပြီးတော့ ဖော်ဆောင်သွားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့စစ်မှန်တဲ့ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ဖြစ်နိုင်တယ်လို့ ကျွန်တော်အတွေ့အကြုံနဲ့ရင်းပြီးတော့ အကြံပြုတင်ပြချင်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ကြီး ဦးတီခွန်မြတ်တင်သွင်းတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ်သောဥပဒေပြဋ္ဌာန်းရေးအဆိုကို အလေးအနက် ထောက်ခံကြောင်းနဲ့ ဒါကိုအလေးအနက်စဉ်းစားပြီးတော့ ဆုံးဖြတ်ဆောင်ရွက်ပေးသင့်ပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်ပါတယ်ခင်ဗျား။