Skip to main content

ဦးတီခွန်မြတ်တင်သွင်းသော အဆိုကို ကော့မှူးမဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်မှ ဆွေးနွေး

             ကျွန်မအနေနဲ့ ဦးတီခွန်မြတ်ရဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဆိုနဲ့ ပတ်သက်လို့ အနည်းငယ်ဆွေးနွေးချင်ပါတယ်။ အခု ဖွဲ့စည်းပုံ အခြေခံဥပထေဲမှာဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုး များဆိုတဲ့ ဝေါဟာရကို သတ်သတ်မှတ်မှတ် အဓိပ္ပါယ်ဖော်ထားတာ မရှိပါဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာဆိုလို့ရှိရင်တော့ တိုင်းရင်းသားဆိုတာ ၁၈၂၃ ခုနှစ်က စပြီး ဒီမိခင်နိုင်ငံမှာ နေထိုင်တဲ့ လူမျိုးများကိုဆိုလိုတာလို့ အဓိပ္ပါယ်ဖော်ထားပါတယ်။ အဲဒီအထဲမှာ ဗမာတွေလဲ ပါပါတယ်။ အခု ဆွေးနွေးချက်တွေအရ ဆိုလို့ရှိရင် ပြည်နယ်တွေကို အခြေခံတဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေးတွေကို ရည်ညွှန်းပြီးတော့ ပြောသွားတာလို့ ကျွန်မတို့ မှတ်ယူရပါတယ်။ ပြည်နယ်တွေအကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်မတို့နိုင်ငံမှာ ဆင်းရဲမွဲတေမှုနဲ့ ပတ်သက်လို့ အဆိုးရွားဆုံး ဒေသတွေဆိုရင် ပြည်နယ်ဒေသတွေပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် နောက်ဆုံး အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့ ကိန်းဂဏန်းများအရ ၇၃.၃ %၊ ရှမ်းအရှေ့ဆိုလို့ရှိရင် ၄၆.၄ %၊ ရှမ်းမြောက်ဆိုလို့ရှိရင် ၃၇.၄ %၊ ရှမ်းတောင်ဆိုရင် ၂၅.၂ % ၊ ပျမ်းမျှခြင်းအားဖြင့် ရှမ်းပြည်နယ်တစ်ခုလုံးရဲ့ ဆင်းရဲမွဲတေမှုဟာ ၃၃.၁ % ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ဆင်းရဲမွဲတေမှုနှုန်းကတော့ ၄၃.၅ % ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ ပျမ်းမျှခြင်း ဆင်းရဲမွဲတေမှုနှုန်းဟာ ၂၅.၆ % ဖြစ်တာကြောင့်မို့လို့ ဒီပြည်နယ်တွေမှာ ပျမ်းမျှခြင်းနိုင်ငံရဲ့ ဆင်းရဲမွဲတေမှု ရာခိုင်နှုန်းမြင့်နေတယ်ဆိုတာကိုမြင် ရပါတယ်။ ထို့အတူပဲ ကချင်ပြည်နယ်မှာလဲ ၂၈.၆ % နဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့ကတော့ ပိုပြီးတော့ နိမ့်ကျပါတယ်။ ဒီကိန်းဂဏန်းတွေကို ကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာ မရှိဘူးဆိုတာ ထင်ရှားပါတယ်။ ထို့အပြင်လည်း ကျွန်မတို့ရဲ့ နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းသွားတယ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာဟာ ဘာသာစာကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းထက် များစွာ ကျယ်ပြန့်နက်နဲတယ် ဆိုတာ ကျွန်မတို့မြင်နိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့မရတဲ့၊ ခွာလို့မရတဲ့ တန်းတူညီမျှရေး အပြန်အလှန် လေးစားယုံကြည်ရေးတို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးအတွက် ကျွန်မတို့ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ဆွေးနွေးညှိနှိုင်းပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့အတွက် ဥပဒေများကို လိုအပ်သလို ပြုပြင်ခြင်း၊ လိုအပ်သလိုပြဌာန်းခြင်းတို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ရန်ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ်ရဲ့ အဆိုကို ထောက်ခံပါတယ်။