Skip to main content

ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေမှ ဆွေးနွေးခြင်း

ဒေါ်ခင်စောဝေ (ရသေ့တောင်မဲဆန္ဒနယ်)၏ ဆွေးနွေးချက်-

          အားလုံးမင်္ဂလာပါ။ ရိုသေလေးစားရပါသော ဥက္ကဋ္ဌကြီးနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များ အားလုံး မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေလို့ ဦးစွာနှုတ်ခွန်းဆက်သအပ်ပါတယ်ရှင့်။ ကျွန်မကတော့ ရခိုင်ပြည်နယ်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ဖြစ်ပါ တယ်။ ဥက္ကဋ္ဌကြီးရှင့်။ ကျွန်မတို့ရဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံမှာ လူမျိုးပေါင်း ၁၀၀ ကျော်မှီတင်း နေထိုင်ကြပြီးတော့ အတိအကျအားဖြင့် ၁၃၅ မျိုးရှိတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် ပြည်နယ် နှင့်တိုင်း ၁၄ ခု ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်လည်း ဖြစ်ပါတယ်ရှင့်။ ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီပေါ်ပေါက်လာပြီးတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်အရ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ချမှတ်ကျင့်သုံးခဲ့ရာမှာလည်း လွဲမှားတဲ့စီးပွားရေးစနစ်ဖြစ်တဲ့အတွက် အံမဝင် ဂွင်မကျ စီမံခန့်ခွဲမှုမှားယွင်းချက်တွေကြောင့် အဘက်ဘက်က ချွတ်ခြုံကျပြီးတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့မှာ အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခဲ့တဲ့အထိ ဝမ်းနည်းဖွယ်ရာနှင့် ကြုံတွေ့ခဲ့ရပါတယ် ရှင့်။  ၁၉၈၈ ခုနှစ်မှာ တပ်မတော်အစိုးရက နိုင်ငံတော် တာဝန်ယူခဲ့ပြီး အခြေခံလိုအပ်ချက်များဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက် များဖြစ်တဲ့ လမ်းတံတားများ၊ ဆည်များ၊ တာတမံများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခဲ့ပါသော်လည်း နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်းမှာ တိုင်းရင်းသား ပြည်သူလူထုရဲ့ ရပိုင်ခွင့်များအတွက် အပြည့်အဝလှုပ်ရှားနိုင်မှု ပြုလုပ်နိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူးရှင့်။ တပ်မတော်အစိုးရလက်ထက်မှာ ၁၉၉၄ ခုနှစ်မှစပြီး ၂၀၀၉ ခုနှစ်အထိ ၁၅ နှစ်ကြာ ကာလအတွင်း တိုင်းရင်းသားလူမျိုးများနှင့် ၎င်းတို့ရဲ့ဒေသတွေမှာ လမ်းပန်းဆက်သွယ်ရေး၊ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လျှပ်စစ်မီးရရှိရေးကဏ္ဍများမှာ ကျပ်သန်းပေါင်း ၃၀၅၀၀၀ ကျော်ခန့် သုံးစွဲခဲ့တယ်လို့ လေ့လာသိရှိခဲ့ရပါတယ်။ သို့ပါသော်လည်း ယနေ့ ၂၁ ရာစုကာလ ခေတ်နှင့်အညီ တိုင်းရင်းသားဒေသများ ခံစားရရှိနေတဲ့ အခြေအနေဟာ တစ်ခြားကျွန်မတို့ရဲ့ အိမ်နီးချင်းနိုင်ငံများ မှာရှိတဲ့ တိုင်းရင်းသားဒေသများရဲ့ တိုးတက်မှုအဆင့်နှင့် နှိုင်းကြည့်လိုက်လို့ရှိရင် လိုအပ်နေသေး တယ်လို့ ခံစားရပါတယ်ရှင့်။ ဥက္ကဋ္ဌကြီးရှင့်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၅)ခန်းပါရှိ သည့်အနက် နိုင်ငံတော်အခြေခံမူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေမူများ အားလုံး၏အခြေခံမူများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြေခံပုဒ်မ ၄၈ တွင် နိုင်ငံတော်အခြေခံမူများသည် ဥပဒေပြု လွှတ်တော်များက ဥပဒေပြဋ္ဌာန်းရာတွင်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေ များပါ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာက အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်းကောင်း၊ လိုက်နာမည်‌့ လမ်းညွှန်မှုများဖြစ်ကြောင်း အတိအလင်းဖော်ပြထားပါတယ်။ ထို့အပြင် အခြေခံမူပုဒ်မ ၆(က)မှာ ပြည်ထောင်စုမပြိုကွဲရေး၊  (ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ (င) နိုင်ငံတော်၌ တရား မျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို ပိုမိုထွန်းကားရေးတို့ကို အစဉ် တစိုက်ဦးတည်သည်ဟု ဖော်ပြထားရှိပါတယ်။ အခြေခံမူဥပဒေပုဒ်မ ၁၅ တွင်လည်း တိုင်းနှင့် ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်းမှာ လျော်ကန်သင့်မြတ်တဲ့လူဦးရေရှိသော တိုင်းရင်း သားလူမျိုးများအတွက် သက်ဆိုင်ရာဥပဒေပြုရေးမှာ တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်များ ပါဝင်ခွင့်ရှိတယ်လို့လည်း အတိအလင်းဖော်ပြထားတာကို တွေ့ရှိရပါတယ်ရှင့်။ ဒါ့အပြင် အခြေခံပုဒ်မ ၁၇ (ဂ)တွင်လည်း အထက်ပါပုဒ်မ ၁၅ အရ ဥပဒေပြုရေးမှာ ပါဝင်ခွင့်ရှိသော လူမျိုးဖြစ်လျှင် ထိုလူမျိုး ကိုယ်စားလှယ်အား အုပ်ချုပ်ရေးတွင် ပါဝင်ခွင့်ရရှိရမည်ဟု အခြေခံမူအဖြစ် လမ်းညွှန်ထားပါသော် လည်း တိုင်းရင်းသားရေးရာအတွက် ရွေးချယ်တင်မြှောက်ခံထားရတဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး များကို ခန့်အပ်ထားပါသော်လည်း အခြားသော ဝန်ကြီးများကဲ့သို့ မိမိတို့ စီမံခန့်ခွဲဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်များ ပြဋ္ဌာန်းထားခြင်းမရှိဘဲ အဆင့်နိမ့်ဝန်ကြီးများ သဖွယ်သတ်မှတ်ခံနေရကြောင်း ကြားသိနေရတဲ့အတွက် ဒီကိစ္စဟာ သင့်တော်မှုမရှိဘူးလို့ တိုင်းရင်းသူတစ်ယောက်အနေနဲ့ ခံစားရမိ ပါတယ်ရှင့်။ ဥက္ကဋ္ဌကြီးရှင့်။ ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်လို့လည်း ကျွန်မ အနည်းငယ် တင်ပြလိုပါတယ်။ ပြည်နယ်များအနက်မှာ ရခိုင်ပြည်နယ်ဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်ကို အခံရဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် ဒေသတစ်ခုနှင့်တစ်ခု၊ မြို့နယ်တစ်နေရာနှင့် တစ်နေရာဆက်သွယ်မှုဟာ ရေကြောင်းခရီးကိုပဲ အားထားနေရတဲ့အတွက် ရခိုင်ပြည်နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး များမှာ အထူးနိမ့်ကျလျှက်ရှိပါတယ်။ အနိမ့်ဆုံးပြောရမယ်ဆိုရင် မူလတန်းကျောင်းသားများ ကျောင်း တက်ရာမှာ မိုးတွင်းကာလမျိုးကိုရောက်တဲ့အချိန်မှာ မိုးထဲလေထဲမှာ လှေနဲ့ ကျောင်းတက်နေရတဲ့ ကျေးရွာတွေအများကြီး ရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိစ္စမှာဆိုရင်လည်း ကျန်းမာရေးဝန်ထမ်းအင်အားနည်းပါးမှု၊ ကျန်းမာရေး ဆေးပေးခန်းများ မလုံလောက်မှုမရှိတဲ့ အတွက်ကြောင့် မလိုအပ်ဘဲ အသက်ဆုံးရှုံးမှုများ ကြုံတွေ့နေကြတာကို ဝမ်းနည်းစွာနဲ့ ကြားသိနေရ ပါတယ်ရှင့်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ၂၀၁၀ ရွေးကောက်ပွဲနှင့် ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး ပြည်သူများအတွက် လွှတ်တော်အဆင့်ဆင့်လည်းပေါ်လာခဲ့ပါပြီ။ လွှတ်တော်အဆင့်ဆင့် နှင့်အတူ ပြည်သူများက ရွေးချယ်တင်မြှောက်တဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပေါ်ပေါက်လာပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးက အံ့သြဝမ်းသာလက်ခံတဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ရဲရင့်စွာ ချမှတ်လုပ်ဆောင်ခဲ့တဲ့အပြင် လိုအပ်သော ကဏ္ဍအဖက်ဖက်မှလည်း အစွမ်းကုန် တိုးမြှင့် လုပ်ဆောင်နေတာကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိနေရပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ နေရာမှာ အခြား သော ကဏ္ဍများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေသလို တိုင်းရင်းသားများရဲ့ ဘဝနေမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးကဏ္ဍကိုလည်း နောက်ကျကျန်ရှိမနေစေဘဲ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင်‌့ရှောက်သည့် ဥပဒေပြဋ္ဌာန်းပြီးတော့ တိုင်းရင်းသားလူမျိုးများရဲ့ မူလအခွင့်အရေး များကို ဆောင်ရွက်နိုင်ခွင့်ပေးအပ်ရန် အချိန်ကျရောက်နေပါပြီလို့လည်း ရိုးသားစွာတင်ပြအပ်ပါတယ် ရှင်။ ဇူလိုင် ၃ ရက်နေ့ နေပြည်တော်ရှိ သမ္မတအိမ်တော် အစည်းအဝေးခန်းမမှာ သမ္မတကြီး ဦးသိန်းစိန်မှ အမှာစကားပြောကြားခဲ့တာကိုလည်း ကြားသိခဲ့ရပါတယ်။ အဲဒီအစည်းအဝေးမှာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးတက်ရောက်ခဲ့တာကိုလည်း သိရပါတယ်ရှင့်။ နိုင်ငံတော်သမ္မတကြီးက အဖွင့် အမှာစကား ပြောကြားခဲ့ရာမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို တိုင်းရင်းသားအားလုံး ပိုင်ဆိုင်ကြတဲ့အတွက် တန်းတူရည်တူဆက်ဆံမှုနှင့် တန်းတူရည်တူ အခွင့်အရေး ရသင့်ပါကြောင်း တိုင်းရင်းသားတို့ရဲ့ တူညီတဲ့အဓိကဆန္ဒသည် ပြည်ထောင်စုအတွင်း တိုင်းရင်းသား လူမျိုးစုအားလုံး တန်းတူရည်တူဆက်ဆံမှုနှင့် တန်းတူညီမျှအခွင့်အရေးများ ရရှိခဲ့ပြီဖြစ်ပါကြောင်း တိုင်းရင်းသားများ အတွက် အသက်တမျှ အရေးကြီးသော ဥပဒေအရ ပြဋ္ဌာန်းထားသော တန်းတူရည်တူအခွင့်အရေးများ နှင့် အခြားသော တိုင်းရင်းသားအခွင့်အရေးများကို လွှတ်တော်မှ လေ့လာသုံးသပ်ပြီး ဥပဒေပြဋ္ဌာန်း ပေးမည့်ဆိုပါက ပြည်တွင်းငြိမ်းချမ်းရေးများလည်း အလျင်အမြန် အောင်နိုင်မည်ဟု ပြောကြားသွား သေးတာကို တွေ့ရှိရပါတယ်ရှင့်။ သမ္မတကြီးပြောသွားခဲ့တဲ့ အမှာစကားသည် ရခိုင်တိုင်းရင်းသားများ အတွက် အခြေခံလမ်းညွှန့်ချက်ဖြစ်တယ်လို့ ယုံကြည်မိပါတယ်ရှင့်။ တိုင်းရင်းသားများအတွက် အလေး ပေးပြောကြားသွားတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကလည်း တိုင်းရင်းသားများ၏ ကိုယ်စား ကျွန်မက အထူးကျေးဇူးတင်ရှိကြောင်း လွှတ်တော် ဥက္ကဋ္ဌကြီးမှ တစ်ဆင့် ပြောကြားလိုပါတယ်ရှင့်။ ဥက္ကဋ္ဌကြီးရှင့်  တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်စောင်‌့ရှောက်တဲ့ ဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် နိုင်ငံသားနှင့် တိုင်းရင်းသားတို့၏ အခွင့်အရေးကိုလည်း ထင်ထင်ရှားရှား သိမြင်လာနိုင်မယ် ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေပြဋ္ဌာန်းရေးဟာ တိုင်းရင်းသားတို့ရဲ့ အသက်တစ်မျှ အလွန်အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်နေတာကိုလည်း သိရပါတယ်ရှင့်။ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက နိုင်ငံသားနှင့် တိုင်းရင်းသားကို ကွဲကွဲပြားပြား သိရှိနားမလည်နိုင်ခဲ့တဲ့အတွက်လည်း ရခိုင်တိုင်းရင်းသူတစ်ယောက်အနေနဲ့ အထူးစိတ်မကောင်း ဖြစ်မိပါတယ်ရှင့်။ သို့ဖြစ်ပါ၍ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရာမှာလည်းကောင်း၊ တိုင်းရင်းသားများ အချင်းချင်းချစ်ကြည် ရင်းနှီးမှုအဓွန့်ရှည်စေရန် လည်းကောင်းတို့ကြောင့် ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ် တင်သွင်းထား တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပြဋ္ဌာန်းရေးကို မဖြစ်မနေ ဆောင်ရွက်အတည်ပြုသင့်ပါကြောင်းကို လေးနက်စွာထောက်ခံတင်ပြ ဆွေးနွေးအပ်ပါတယ်ရှင့်။