Skip to main content

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေးအဆိုကို ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ဦးခမိုင်မုန်ကွမ် (ခ) ဦးခမိုင်တန်မှ ဆွေးနွေးခြင်း

ဦးခမိုင်မုကွမ်(ခ) ဦးခမိုင်တန်၏ ဆွေးနွေးချက်အပြည့်အစုံမှာ-

             လေးစားအပ်ပါသော ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများနှင့် ပြည်ထောင်စုဝန်ကြီးများ အားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ရှေးဦးစွာ ဂါရဝပြုအပ်ပါတယ်ခင်ဗျား။ ကျွန်တော် ကတော့ ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန် ဖြစ်ပါတယ်ခင်ဗျား။ ကျွန်တော် အဆိုပြု ဆွေးနွေးတင်ပြ ထောက်ခံလိုသည့် ကဏ္ဍများမှာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတီခွန်မြတ်မှ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး အဆိုနှင့်ပတ်သက်၍ ဆွေးနွေးထောက်ခံတင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျား။ စာဖြင့် ဆွေးနွေးခွင့်ပြုပါရန် တင်ပြလိုပါတယ် ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့နိုင်ငံသည် တိုင်းရင်း သား ညီအစ်ကိုများ စုပေါင်း၍ တည်ထောင်ထားသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖြစ် သည်နှင့်အညီ ထာဝစဉ် အေးချမ်းသာယာမှုရရှိရန် တိုင်းရင်းသားပြည်သူများ၏ လိုအပ်ချက်များကို လည်း  ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှာ ဖြစ်ပါတယ်ခင်ဗျား။ တိုင်းရင်းသားညီအစ်ကိုများ၏ လိုအပ်ချက်များမှာ ဘိုးဘေးခေတ်အဆက်ဆက် ကျင့်သုံးခဲ့သော ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို မပျောက်ပျက်ရေး၊ စာပေယဉ်ကျေးမှုများကိုလည်း မြှင့်တင်အသုံးပြုရေးနှင့် တိုင်းရင်းသားများ၏ ပြည်နယ်တိုင်းဒေသကြီးအလိုက် ကျင့်ထုံးဥပဒေစီရင် ချက်များကိုလည်း ရိုးရာယဉ်ကျေးမှုကော်မတီ နှင့်ပူးတွဲ၍ အသုံးပြုစီမံခန့်ခွဲမှုရရှိရန်တို့ ဖြစ်ပါတယ်ခင်ဗျား။

          ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်     တိုင်းရင်းသားတို့ရဲ့ ဓလေ့ထုံးစံမှာ တူညီမှုမရှိသော်လည်း ရိုးရာယဉ်ကျေးမှုမှာ ကိုယ်စီရှိမှာဖြစ်ပါတယ် ခင်ဗျား။ ကျွန်တော်တို့ ကချင်မျိုးနွယ်စုများ၏ ရိုးရာယဉ်ကျေးမှုနှင့် ကျင့်ထုံးဥပဒေများကို တင်ပြရ မည်ဆိုလျှင် သတို့သမီးတောင်းခံရာတွင် ရှေးဦးစွာ ကွမ်းဖိုးအနေဖြင့် မောင်း၊ ရိုးရာသေနတ်၊ တောင်ရှည်ပုဆိုး၊ ကျွဲ၊ ဆင်ဆွယ်၊ ကချင်ပုတီးများ၊ မနောအက အင်္ကျီ၊ ငွေသား (၁)ပိဿာ အပါအဝင် ရိုးရာဓလေ့ထုံးစံအဖြစ် ကွမ်းဖိုးတင် သတို့သမီး တောင်းခံလေ့ရှိသည့်အပြင် သတို့သားက သတို့သမီး အား ခိုးပြေးပါက အမြဲတမ်း ကိုင်ဆောင်သော ရိုးရာသေနတ်ကို မိန်းကလေးအိပ်ခန်းတွင်ထား၍ ခေါ်ဆောင်သွားပါက သမီးရှင်မိဘများအနေဖြင့် သမက်မျိုးက ခေါ်ဆောင်သွားခြင်းကို အသိမှတ်ပြု နားလည်ပြီး နောက်နောင်တွင် ပထမဆုံးထည့်သော ကွမ်းဖိုးအဖြစ် သတ်မှတ်ထည်‌့ သွင်းလျက်ရှိပါ တယ်။ ကွမ်းဖိုးထည့်ပြီး သတို့သမီးရရှိပါက ယောက္ခမမျိုးအနေဖြင့် မခုတ်ဓါး မထိုးလှံ၊ ကချင်ဓါးတို့ကို ကောင်းချီးပေး ဆုတောင်း၍ သတို့သမီးနှင့်အတူ သမက်မျိုးကို အပ်နှင်းလျက်ရှိပါတယ်ခင်ဗျား။ လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ကချင်ရိုးရာ ယဉ်ကျေး မှုဖြစ်သော သတို့သမီးတောင်းခံရာတွင် အသုံးပြုလျက်ရှိသော မခုတ်ဓါး၊ မထိုးလှံ၊ ကချင်ဓါးနှင့် ရိုးရာလုပ် သေနတ်များကိုလည်း ရိုးရာယဉ်ကျေးမှုအဖြစ် သတ်မှတ်ပေးရန် လိုအပ်ပါတယ်ခင်ဗျား။  ကချင် ပြည်နယ်တွင် ရိုးရာသေနတ်များကို လက်နက်အဖြစ် မသတ်မှတ်ဘဲ ရိုးရာအသုံးအဆောင်အဖြစ် သတ်မှတ်ပေးနိုင်ရန် တင်ပြလိုပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ခင်ဗျား။ စီရင်တရားပိုင်းမှာလည်း ဘိုးဘေးကချင်မျိုးနွယ်စုအနေဖြင့် လူသေမှုဖြစ်စေ၊ အခြားမှုခင်း ဖြစ်စေ နှစ်ဖက်စလုံးကို ရိုးရာယဉ်ကျေးမှုအဖွဲ့အနေဖြင့် ညှိနှိုင်းစီရင်ချက်ချမှတ်၍ ပြေလည်လျက်ရှိ သော ထုံးတမ်းစဉ်လာရှိပါတယ်ခင်ဗျား။ 

          ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ယခုတင်ပြသော ထုံးထမ်းစဉ်လာ ကျင့်ထုံးတရားကို အင်္ဂလိပ်ကိုလိုနီခေတ်တွင်လည်း ကချင်တောင်တန်း အက်ဥပဒေအဖြစ်ထားရှိလျက် ရှိသဖြင့် ကချင်ရိုးရာယဉ်ကျေးမှုအဖွဲ့မှ ကြီးသည့်အမှုဖြစ်စေ၊ ငယ်သည့်အမှုဖြစ်စေ နှစ်ဦးနှစ်ဖက် ပြေလည်ညှိနှိုင်းဆုံးဖြတ်ပေးသော အမှုအခင်းများကို နိုင်ငံတော်အစိုးရအနေဖြင့် ကချင်တောင်တန်း အက်ဥပဒေအရ အကျုံးဝင်သည်ဟု သတ်မှတ်ပေးပါရန် တင်ပြအပ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ နိုင်ငံတော်အစိုးရ ပြည်ထောင်စုဗဟိုအစိုးရ၏ သတ်မှတ် ထားသော အခွန်အခဘဏ္ဍာငွေများကို မထိခိုက်စေဘဲ မိမိပြည်နယ်တွင် ထွက်ရှိသော ကျွန်းအပါအဝင် သစ်လုပ်ငန်းတွင်လည်း စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ စက်ရုံတည်ထောင်ခြင်းများနှင့် မြေပေါ် မြေအောက် သယံဇာတများကို မိမိပြည်နယ်နှင့် တိုင်းဒေသကြီးမှ တိုင်းရင်းသားပြည်သူများအနေဖြင့် စရိတ်စကနည်းပါးပြီး အလုပ်အကိုင် အလွယ်တကူရရှိနိုင်ရေးအတွက် ခွင့်ပြုမိန့်လိုင်စင်များကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ထုတ်ပေးနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူများက လိုလားလျက် ရှိပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးဌာနက တိုက်ရိုက်လုပ်ကိုင်သော သယံဇာတအခွန်အခများကိုလည်း ရရှိသောအခွန်အခထဲမှ ပြည်နယ်နှင့်တိုင်းဒေသကြီးများကို ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၂၀ ရာခိုင်နှုန်းထက် မနည်းဘဲခွဲဝေ ပေးရန် လိုလားလျက် ရှိပါတယ်ခင်ဗျား။

           ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ တိုင်းရင်းသားလူမျိုးစုဝန်ကြီး ခန့်အပ် ခြင်းနှင့် ပတ်သက်၍ တင်ပြရမည်ဆိုလျှင် ကျွန်တော်တို့ ကချင်ပြည်နယ်တွင် လီဆူးလူမျိုးစုဝန်ကြီးနှင့် ရဝမ်လူမျိုးစုဝန်ကြီးသာ  ခန့်အပ်ပြီး ကျန်ရှိသော လူမျိုးစုဝန်ကြီး ခန့်အပ်ထားခြင်းမရှိကြောင်းကို သိရှိ ရပါတယ်ခင်ဗျား။ ကျန်ရှိသော ကချင်မျိုးနွယ်စုတိုင်းရင်းသားများက မကျေမနပ်ထောြက်ပလျက် ရှိပါ တယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ယခုလို လူမျိုးစုဝန်ကြီး ခန့်အပ်ရာတွင် တူညီမျှတမှုမရှိမည့်အစား တိုင်းဒေသကြီးမှာ ကချင်လူမျိုးစုဝန်ကြီးတစ်ဦးစီ ခန့်အပ် ထားပါက ပိုမိုသင့်တော်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးလူမျိုးစုများ၏ လိုအပ်ချက်များကို ရင်းနှီးစွာ ဖေါ်ဆောင် ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး ပြည်ထောင်စုသမ္မတြမန်မာနိုင်ငံတော် ပူးပေါင်းတည်ဆောက် ရာတွင် ပိုမိုကျစ်လစ်ခိုင်မာလာမှာ ဖြစ်ပါတယ်ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီး များခင်ဗျား။ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ မတည်မငြိမ် ဖြစ်ရပ်များကိုလေ့လာသုံးသပ်မည်ဆိုလျှင် ၁၉၆၁ ခုနှစ် ရှေ့ပိုင်းတွင် ကာကွယ်ရေး၊ စီးပွားရေး၊ လူမှုရေးများမှာတိုင်းရင်းသားများ၏ အမျိုးသား ပန်းတိုင်ကို မပြစ်ပယ်ဘဲ ပြည်ထောင်စုသမ္မတြမန်မာနိုင်ငံတော်ကို ပူးပေါင်းတည်ဆောက်သည့် အတွက် တိုင်းရင်းသားများ အားလုံးက ပြည်ထောင်စုအရေးကို မိမိရဲ့အမျိုးသားရေးအဖြစ် ခံယူ၊ ခံစားလျှက်ရှိသဖြင့် အောြက်မန်မာပြည်တွင် ရန်ကုန်အစိုးရသာရှိတော့သည့် အချိန်အခါတွင် ရောင်စုံ တော်လှန်ရေးသမားများကို ကချင်အမျိုးသားတပ်များမှ အသက်စွန့်၍ ပြည်ထောင်စုမပြိုကွဲရေးကို ရှေ့တန်း တင်ပြီးတစိုက်မတ်မတ် ချေမှုန်းကာကွယ်သွားသည်ကို သိရှိရပါတယ်ခင်ဗျား။

         ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ၁၉၆၁ ခုနှစ် ဒီဘက်အပိုင်းတွင် ကချင်အမျိုးသားတပ်များကို ဖျက်သိမ်း၍ တစ်ခုတည်းတပ်မတော်သာရှိရမည်ဟူသော မူဝါဒနှင့် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများတွင် ဗဟို၏ချုပ်ကိုင်မှုအောက်တွင် ထားရှိသည့်အတွက် တိုင်းရင်း သားပြည်သူများက မိမိအမျိုးသားမူဝါဒများကို ဆုံးရှုံခဲ့ပြီဟုခံယူ၍ မိမိ၏အမျိုးသားမူဝါဒများကို ပြန်လည်ရရှိရေးအတွက် ယခုအချိန်အထိနှစ်ပေါင်း ၄၀-၅၀ တိုင်  တိုင်းရင်းသားပြည်သူများ၏ ပြည်ထောင်စုစိတ်ဓာတ်များကို ပျောက်ကွယ်၍ ယခုလိုမငြိမ်းချမ်းဘဲ ပြည်ထောင်စုတပ်များနှင့် ကချင် အမျိုးသားတပ်က တိုက်ခိုက်ပဋိပက္ခရှိသည်မှာ တိုင်းရင်းသားများ၏ အမျိုးသားပန်းတိုင် ဆုံးရှုံးသွား၍ ဖြစ်တယ်ဆိုသည်ကို ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများကို တင်ပြဆွေးနွေးလိုပါတယ် ခင်ဗျား။ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား။ ဒီမိုကရေစီနည်လမ်းအရ ပွင့်ပွင့် လင်းလင်း ဆွေးနွေးတင်ပြ တောင်းခံရမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးစုများနှင့် ကချင်ပြည်နယ်သူ ပြည်နယ်သားများအနေဖြင့် လိုလားချက်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးဆိုသော နိုင်ငံတော်အစိုးရ၏ ရည်မှန်း ချက် ပန်းတိုင်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်ပြီး တိုင်းရင်းသားများ၏ အမျိုးသားရေးမူဝါဒကို လည်း မပျက်ပြယ်ဘဲ ပြည်ထောင်စုအစိုးရနှင့် ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ဘက်စုံကဏ္ဍစုံအနေဖြင့် ပူးပေါင်းပါဝင်နိုင်သော မူဝါဒများကို နိုင်ငံတော် အစိုးရအနေနှင့် အကောင်အထည်ဖေါ် လက်တွဲဖေါ်ဆောင်ပေးပါရန် တင်ပြရင်း အဓိကလိုအပ်ချြက်ဖစ်သော တိုင်းရင်းသားပြည်သူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တည်တံ့ခိုင်မြဲရေးအတွက် ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသလို နိုင်ငံတော်အနေနှင့်လည်း တိုင်းရင်းသားပြည်သူနှင့် လူမျိုးစုများ၏ အခွင့်အရေးနှင့် အမျိုးသားရေးမပျက်ပြယ်အောင် ကာကွယ်စောင့်ရှောက် လက်တွဲ ဖော်ဆောင်ရန် တာဝန်ရှိတဲ့အတွက် ကွတ်ခိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတီခွန်မြတ်၏ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဌာန်းရေးအဆိုကို ကျွန်တော် ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ် (ခေါ်) ဒူဝါခမိုင်တန်မှ လေးလေးနက်နက် ထောက်ခံအပ်ပါတယ် ခင်ဗျား။