Skip to main content

အင်ဂျန်းယန်းမဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူမှ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေး

 ရှေးဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဌကြီးမှ အစည်းအဝေးသတ္တမနေ့မှာ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်တင်သွင်း ထားတဲ့ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆိုနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုကြောင်း လွှတ်တော်ကိုယ်စားလှယ် ၂၇ ဦးက အမည်စာရင်း တင်သွင်းထားပြီး ယနေ့မှာတော့ ၆ ဦးသာဆွေးနွေးဖို့လျာထားကြောင်းနှင့် ဦးစွာ အင်ဂျန်းယန်မဲဆန္ဒနယ်မှ ဒေါ်ဒွဲဘူကို ဆွေးနွေးဖို့ဖိတ်ခေါ်ပါသည်။

ဒေါ်ဒွဲဘူမှ ဆွေးနွေးရာတွင်-

လေးစားရပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တော်ကြီး များ၊ ပြည်ထောင်စုအဖွဲ့အစည်းဝင် ဝန်ကြီးများ၊ အထူး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များအားလုံးကို မင်္ဂလာပါလို့ ဦးစွာဂါရဝပြုနှုတ်ခွန်းဆက်သအပ်ပါ တယ်ရှင်။ ကျွန်မကတော့ ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သလို ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီရဲ့ အတွင်းရေးမှူးတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မအနေနဲ့ တိုင်းရင်းသားလူမျိုးများ ရဲ့ကိစ္စရပ်များကို မဆွေးနွေးခင်မှာ ကျွန်မတို့ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဖော်ဆောင်မှု ကော်မတီရဲ့လုပ်ဆောင်မှုကို အနည်းငယ်ဦးစွာတင်ပြလိုပါတယ်။ ကျွန်မတို့ ပြည်သူ့လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသိန်းဇော်နှင့်တကွ အမျိုးသားလွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဆိုင်းပေါင်းနပ်တို့က ဦးဆောင်ပြီးမှ လွှတ်တော်ရဲ့ ခွင့်ပြုချက်နှင့်အညီ ပြီးခဲ့တဲ့ တတိယပုံမှန်အစည်းအဝေးပြီးတဲ့အခါမှာ ကျွန်မတို့က ကော်မတီနှစ်ရပ် ပူးပေါင်းပြီးမှ ကျွန်မတို့ မြန်မာနိုင်ငံအနှံ့အပြားကို တိုင်းရင်းသားတွေနဲ့ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ကျွန်မတို့ ပြည်သူ့လွှတ်တော်ကော်မတီ ဦးသိန်းဇော်ဦးဆောင်တဲ့အဖွဲ့က ရန်ကုန် တိုင်းကနေစ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ချင်းပြည်နယ်တို့ကို ရောက်ရှိခဲ့ပါတယ်။ ထိုအပြင် အမျိုးသားလွှတ်တော်မှ တိုင်းရင်းသားကော်မတီ ဦးဆိုင်းပေါင်းနပ် ဦးဆောင်တဲ့အဖွဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ကို ရောက်ရှိခဲ့ပြီး ကျွန်မတို့နှစ်ဖွဲ့ပြန်ပူးပေါင်းပြီးမှ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတိုင်းဒေသကြီးတို့ကို ရောက်ရှိခဲ့ပါတယ်။ အဲဒီဒေသတွေမှာ သက်ဆိုင်ရာဒေသများမှာရှိတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နှင့်အတူ သက်ဆိုင်ရာ ဒေသအသီး သီးမှာရှိတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ရပ်မိရပ်ဖတွေ၊ ရိုးရာအဖွဲ့တွေ ဖွဲ့စည်းပေါင်းစုံတဲ့ နိုင်ငံရေးအဖွဲ့အစည်းအားလုံး ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံခဲ့ပြီးတဲ့နောက် ကျွန်မတို့ နေပြည်တော်မှာ ပြန်လည်ပြီးမှ တိုင်းရင်းသားတွေရဲ့ တင်ပြချက်ဆန္ဒတွေကို ပူးပေါင်းစိစစ် ပြီးမှ ကျွန်မတို့ကော်မတီနှစ်ရပ်အနေနဲ့ ကျွန်မတို့ဥပဒေပိုင်းဆိုင်ရာတွေ၊ အဆိုပိုင်းဆိုင်ရာတွေ၊ မေးခွန်း ပိုင်းဆိုင်ရာတွေကို ကျွန်မတို့ ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ ဒီလိုသွားရောက်ခဲ့တဲ့အခါမှာ ကျွန်မတို့နဲ့အတူ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာထားရှိထားတဲ့ ကျွန်မတို့ ပညာရှင်များဖြစ်တဲ့ ကော်မရှင် များမှ ဥပဒေပညာရှင်များလည်းလိုက်ပါခဲ့ပါတယ်။ ၎င်းတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး ကျွန်မတို့ ရဲ့ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အဆိုများ၊ မေးခွန်းများကို ကျွန်မတို့ အခုအချိန်မှာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်မှာ ကော်မတီဝင်များအနေနဲ့ ဆွေးနွေးမှုများပြုလုပ်သွားမှာ ဖြစ်ကြောင်းကို ကျွန်မတို့ ကော်မတီရဲ့ဆောင်ရွက်ချက်များကို ဦးစွာ လွှတ်တော်သို့ တင်ပြအပ်ပါတယ်ရှင်။ ယနေ့ ဆွေးနွေးမှုမှာကတော့ ကော်မတီအနေနဲ့ ဆွေးနွေးခြင်း မဟုတ်ဘဲနဲ့ တိုင်းရင်းသူတစ်ဦးအနေနဲ့ ကျွန်မရဲ့တွေ့မြင်ခံစားချက်၊ ကျွန်မရဲ့ရပ်တည်ချက်ပေါ်မူတည် ပြီး ဆွေးနွေးသွားမှာ ဖြစ်ကြောင်းတင်ပြလိုပါတယ်။ လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင်။ ကျွန်မရဲ့ဆွေးနွေးချက်မှာ ဥပဒေကိုးကားချက်များပါဝင်တဲ့အတွက် အချက်အလက်များကို ကြည့်ရှုဆွေးနွေးခွင့်ပြုပါရန်တင်ပြအပ်ပါတယ်။

လေးစားအပ်ပါတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရှင်။ ကျွန်မအနေနဲ့ ယနေ့ ရှမ်းပြည်နယ် ကွတ်ခိုင်မဲဆန္ဒနယ်မှ တင်သွင်းခဲ့တဲ့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက် တဲ့ဥပဒေပြဋ္ဌာန်းရေးအဆိုကို အချက်နှစ်ချက်တင်ပြပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပထမအချက် အနေနဲ့ ဆွေးနွေးလိုတာကတော့ တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက် တဲ့ဥပဒေပြဋ္ဌာန်းရန် အမှန်တကယ်လိုအပ်ပါသလားဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁) နိုင်ငံတော်ရဲ့ အခြေခံမူများ ပုဒ်မ ၃ မှာ နိုင်ငံတော်သည် တိုင်းရင်သားလူမျိုး ပေါင်းစုံတို့ စုပေါင်းနေထိုင်ကြသော နိုင်ငံဖြစ်သည်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တိုင်းရင်းသားလူမျိုး များရဲ့ ဖွံ့ဖြိုးတိုးတက်ခြင်းဟာ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်မှုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်းတစ်လျှောက်မှာလည်း တိုင်းရင်းသားများဟာ သွေးစည်းညီညွတ်စွာနဲ့ အတူလက်တွဲခဲ့ကြတယ်။ ယနေ့အချိန်အခါမှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲ ရေးသည် နိုင်ငံအတွက် အရေးကြီးဆုံးကိစ္စရပ်တစ်ခုဖြစ်နေပါတယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၂ (က)မှာ တိုင်းရင်းသားများရဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီ ဆောင်ရွက်မည်ဟုပြဋ္ဌာန်းထားပါတယ်။ ယနေ့ကျွန်မတို့ရဲ့နိုင်ငံမှာ လူအများစု တိုင်းရင်သားများဖြစ်တဲ့ ဗမာလူမျိုးတိုင်းရင်းသားများရဲ့ စကားနှင်‌့စာပေကို ရုံးသုံးစာ၊ ရုံးသုံးစကားဖြင့် သတ်မှတ်ထားရာ ကျန်လူနည်းစု တိုင်းရင်းသားအားလုံးနဲ့ နိုင်ငံသားများအားလုံးက ဗမာစာပေကို အလေးထားသင်ကြား လျက်ရှိကြသလို ဗမာစကားကိုလည်း ကျယ်ပြန့်စွာ အသုံးပြုလျက်ရှိနေပါတယ်။ ထိုအတူ လူနည်းစု တိုင်းရင်းသားလူမျိုးများရဲ့ စကားနှင့်စာပေကိုလည်း တန်ဘိုးထားပြီးလေ့လာသင်ကြား အသုံးပြုခွင့် ပေးဖို့လည်း လိုအပ်ပါတယ်။ ပုဒ်မ ၂၂ (က) မှာ လူနည်းစုတိုင်းရင်းသားများရဲ့ အခြေခံ လိုအပ်ချက် ဖြစ်တဲ့ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့တိုးတက်စေရန် ကူညီဆောင်ရွက်မယ်လို့ အားတက် ဖွယ်ပြဋ္ဌာန်းထားသော်လည်း ယနေ့တိုင် လက်တွေ့ကျသော ကူညီဆောင်ရွက်ပေးမှုများ မရှိသေးတဲ့ လွှတ်တော်မှာတိုင်းရင်းသားလူနည်းစုများက တောင်းဆိုနေရဆဲဆိုတာ လွှတ်တော်ကိုယ်စားလှယ် အားလုံး အသိဖြစ်ပါတယ်။ ပုဒ်မ ၂၂ (ခ)မှာတော့ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်ကူညီရေးတို့ တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်မည်လို့ ပြဋ္ဌာန်းထားပါတယ်။ တိုင်းရင်းသားအချင်းချင်းဆိုရာမှာ လူအများစုတိုင်းရင်းသားများဖြစ်တဲ့ ဗမာ တိုင်းရင်းသားများ၊ လူနည်းစုတိုင်းရင်းသားများဖြစ်တဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ နာဂ၊ ဓနု၊ ပအို့ဝ်၊ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့ တိုင်းရင်းသားများနဲ့ ဖော်ပြပါတိုင်းရင်းသားများမှ မျိုးခွဲ မျိုးနွယ်စုအာလုံးကိုဆိုလိုကြောင်း ကျွန်မအနေနဲ့ နားလည်သဘောပေါက်မိပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားမောင်နှစ်မများဟာ လူဦးရေးနည်း၊ များခြင်းကို ပဓာနမထားဘဲ အချင်းချင်း ချစ်ခင် လေးစားရိုင်းပင်းကူညီမှုနှင့် စည်းလုံးညီညွတ်ရေးဟာ အထူးပင်အရေးကြီးတဲ့ အဓိက ကိစ္စရပ်ဖြစ်ပါ တယ်။ တိုင်းရင်းသားများဟာ မြန်မာ့သမိုင်းတစ်လျှောက်မှာ အရေးကြီးရင် သွေးနီးခဲ့ကြသလိုပဲ ယနေ့ အချိန်မှာလည်း တိုင်းရင်းသားလူမျိုးတစ်မျိုးရဲ့ ဒုက္ခဟာ ကျန်တိုင်းရင်းသားအားလုံးရဲ့ ဒုက္ခပဲလို့ မှတ်ယူပြီးဝိုင်းဝန်ကူညီအားပေးမှုတွေ မျှဝေခံစားမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ဒီသဘောတရားတွေ ထာဝစဉ်ရှင်သန်ဖွံ့ဖြိုးစေဖို့ အသေးစိတ်ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ရန် အရေးကြီးပါကြောင်းတင်ပြ လိုပါတယ်။ ပုဒ်မ ၂၂ (ဂ)မှာ တိုးတက်ဖွံ့ဖြိုးမှုနည်းပါးနေသည့် တိုးရင်းသားများ၏ ပညာရေး၊ ကျန်းမာ ရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့်တို့ပါဝင်သော လူစီးပွားရေးတိုးတက်ဖွံ့ဖြိုးရေး အတွက်  ကူညီဆောင်ရွက်မည်ဟုပြဋ္ဌာန်းထားသဖြင့် ဝေးလံခက်ခဲဒေသများ၊ တောင်ပေါ်ဒေသရှိ လူနည်းစုတိုင်းရင်းသားများအတွက် အားတက်ဖွယ်အခွင့်အရေးတစ်ခုဖြစ်သကဲ့သို့ မြေပြန့်ဒေသများရှိ မဖွံ့ဖြိုးမတိုးတက်သေးသော ဒေသများရှိ တိုင်းရင်းသားများအတွက်လည်း အကြုံဝင်သည့် မူဝါဒများ အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ အဲဒီမူဝါဒများသည် အမှန်တကယ်သက်ဝင်လှုပ်ရှားပြီး တိုင်းရင်းသားပြည်သူလူထုလက်ဝယ်သို့ စနစ်ကျနစွာရောက်ရှိနိုင်ရေး ပေးထားသည့်အခွင့်အရေး များကို အပြည့်အဝခံစားရရှိရေးတို့မှာ အထူးပင်လိုအပ်လျက်ရှိနေပါကြောင်း လွှတ်တော်သို့ တင်ပြ လိုပါတယ်။

လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးရှင်။ ယနေ့မြန်မာနိုင်ငံအတွင်းက ပြည်ထောင်စုဖွားလူနည်းစု တိုင်းရင်းသားများအားလုံးဟာ တန်းတူညီအခွင့်အရေးများရရှိရေး၊ တရားမျှတရေး၊ ခွဲခြားဆက်ဆံမှု ပပျောက်ရေးနှင့် လူအခွင့်အရေးများ ရရှိရေးတို့အတွက် နည်းအမျိုးမျိုးနဲ့တောင်းဆိုလျက်ရှိနေကြ ပါတယ်။ ယခင်က လက်နက်ကိုင်ပြီး တောင်းဆိုခဲ့ကြတယ်။ ယခုအခါမှာ လွှတ်တော်ကနေမှ တောင်းဆို မှုတွေရှိခဲ့ကြသလို ယခင်လက်နက်ကိုင်ခဲ့တဲ့ တိုင်းရင်းသားတော်တော်များများဟာလည်း ယနေ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ဥပဒေဘောင်ထဲကနေ အခွင့်အရေးများ ရရှိဖို့အတွက် ဆွေးနွေးမှု များပြုလုပ်လျက်ရှိနေကြပြီ ဖြစ်ပါတယ်။ တောင်းဆိုမှုနည်းလမ်းတွေကွာခြားပေမယ့်လည်း ရည်ရွယ်ချက် ချင်းကတော့ တူညီနေပြီး ရောက်ရှိမည့်ပန်းတိုင်ကလည်းတစ်ခုတည်းဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များရှင်။ အဆိုရှင် ဦးတီခွန်မြတ်ရဲ့အဆိုအပေါ် လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံက မိမိတို့ရဲ့အတွေးအမြင်များနှင့် ခံစားချက် ပေါင်းစုံကို ဖော်ထုတ်ကြလိမ့်မယ်လို့ ကျွန်မအနေနဲ့ ယုံကြည်မိပါတယ်။ ကျွန်မအနေနဲ့လည်း ကချင် တိုင်းရင်းသူတစ်ဦးဖြစ်တဲ့အပြင် ကျွန်မနဲ့အတူ ကချင်မျိုးနွယ်စုများ၊ ကချင်ပြည်နယ်မှာအတူနေထိုင် ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မအားလုံးရဲ့ ခံစားနေရမှုများကိုလည်း အနည်းငယ်မျှဝေလို ပါတယ်။ ယနေ့ ကျန်မတို့ ကချင်တိုင်းရင်းသားလူမျိုးများဟာ အခွင့်အရေးအတွက်တိုက်ပွဲဝင်ရင်းနှင့် ကြီးမားတဲ့ အခွင့်အရေးဆုံးရှုံးမှုတွေကို တွေ့ကြုံနေကြရပါတယ်။ စစ်မက်ဖြစ်ပွား၍ သေကြေရခြင်း၊ လယ်ယာအိုးအိမ်များပြစ်ပယ်၍ ပြေးလွှားတိမ်ရှောင်နေရခြင်း၊ အလုပ်အကိုင်မဲ့ဖြစ်ရခြင်းများ၊ လူမမယ်ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အထူးဒုက္ခရင်ဆိုင်ရခြင်း၊ ပညာရေး၊ ကျန်းမာရေး ထိခိုက်ရခြင်းမှအစ လူမှုဒုက္ခအဖုံဖုံကို နေ့စဉ်ကြုံတွေ့နေကြရပါတယ်။ အယုံအကြည်မဲ့ခံရခြင်းနှင့် ပတ်သက်တဲ့ ကိစ္စများအပါအဝင် အခြားစိတ်ပိုင်းဆိုင်ရာ ဝေဒနာမျိုးပေါင်းများစွာကိုလည်း တစ်ဆက် တစ်စပ်တည်းခံစားနေကြရပါတယ်။ စစ်မက်ဖြစ်ပွားတဲ့ဒေသများအပြင် မြို့ပေါ်ဒေသတွေမှာလည်း မိုင်းကွဲပေါက်ကွဲမှုတွေကြောင့် အချိန်ပြည့်စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ယနေ့ လွှတ်တော်မှာရှိနေ ကြတဲ့ ကချင်ပြည်နယ်က ကိုယ်စားလှယ်များသည်ပင်လျင် စိတ်ငြိမ်သက်ခြင်းကင်းမဲ့စွာနဲ့ သောက များစွာနှင့် လွှတ်တော်တက်နေကြရခြင်းဖြစ်ကြောင်း လွှတ်တော်သို့တင်ပြလိုပါတယ်။ ယနေ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ အပစ်အခတ်မရပ်သေးတဲ့အဖွဲ့ကတော့ ကချင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KIO၊ KIA အဖွဲ့ပဲဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ယခင်တပ်မတော် အစိုးရလက်ထက်က ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆဲခဲ့ပြီး တိုင်းရင်းသားများတန်းတူညီ အခွင့်အရေး၊ ကိုယ့်ကြမ္မာကို ဖန်တီးနိုင်ရေးတို့ အတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွှဲခဲ့တဲ့ အမျိုးသားညီလာခံ ကိုလည်း အစ၊ အလယ်၊ အဆုံးပြီးဆုံးသည်အထိ တက်ရောက်ခဲ့တဲ့ အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုရာမှာလည်း အားပေးထောက်ခံမှုများစွာရှိခဲ့ပါတယ်။ သို့သော် အစိုးရအဖွဲ့အပြောင်းအလဲမပြုခင် ဆွေးနွေးမှုများနဲ့ တိကျခိုင်မာတဲ့ တိုင်းရင်းသားအခွင့် အရေးများဖော်ဆောင်နိုင်မှုမရှိခဲ့ပါဘူး။ ထိုစဉ်က ဥပဒေပြုဆွေးနွေးပေးနိုင်မယ့် လွှတ်တော်ဆိုတာ လည်းမပေါ်ပေါက်သေးတဲ့အတွက် ဆွေးနွေးမှုများ ရပ်ဆိုင်းကာ ယနေ့အချိန်အခါမှာ ပြန်လည်တိုက်ပွဲ ဝင်နေတဲ့အနေအထားသို့ ရောက်ရှိသည်မှာ ၁ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ တိုက်ပွဲများဆင်နွဲနေကြရင် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် စသဖြင့် အကြိမ်ကြိမ် ဆွေးနွေး ညှိနှိုင်းခဲ့ပေမယ့် ယုံကြည်မှုမတည်ဆောက်နိုင်ကြ သေးတဲ့အတွက် တိုင်းရင်းသားညီအစ်ကိုအချင်းချင်း တိုက်ပွဲဝင်ရင်း အသက်ပေါင်းများစွာ စတေးခဲ့ရတာ တွေဟာ ကျွန်မတို့ရရှိမယ့်အခွင့်အရေးနဲ့တောင်း မတန်တော့ပါလားလို့ ကျွန်မအနေနဲ့ များစွာခံစားမိပါတယ်။ ဒါကြောင့် နိုင်ငံတစ်ဝန်းလုံးမှာ အပြစ် အခတ်ရပ်ဆဲရေး၊ ငြိမ်းချမ်းရေးမှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် အခြေခံအုတ်မြြစ်ဖစ်တဲ့တိုင်းရင်းသားများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကို အသေးစိတ်ရေးဆွဲပြဋ္ဌာန်းရန် မဖြစ်မနေ လိုအပ်ပါကြောင်း ဤလွှတ်တော်သို့ ပထမအချက် အနေနဲ့တင်ပြအပ်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးရှင်။ ဒုတိယအချက်အနေနဲ့ဆွေးနွေးလိုတာကတော့ ဘယ်သူတွေက ဒီဥပဒေကြမ်းကို တင်သွင်းဆွေးနွေးကြမှာလဲဆိုတဲ့မေးခွန်းဖြစ်ပါတယ်။ ယနေ့ တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ အခြေခံမူဝါဒများကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းထား သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ ဇယား(၁) ပြည်ထောင်စုဥပဒေပြုစာရင်းမှာသော် လည်းကောင်း၊ ဇယား(၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းမှာသော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေကို ပြဋ္ဌာန်းရေးအတွက် တိတိကျကျဖော်ပြထားခြင်းမရှိကြောင်း တွေ့ရှိရပါတယ်။ ဥပဒေကြမ်းတင်သွင်းလာမယ့် တိုင်းရင်းသား ရေးရာဝန်ကြီးဌာနဆိုတာလည်း ပြည်ထောင်စုအစိုးရအဖွဲ့မှာရော၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ပါမရှိကြောင်း တွေ့ရှိရပါတယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၈ မှာ ပြဋ္ဌာန်းထားချက်အရ ဘယ်သူတွေက ဒီဥပဒေကိုပြုရ မလဲဆိုတဲ့ အဖြေကို တွေ့ရှိရပါတယ်။ ပုဒ်မ ၉၈ မှာ ပြည်ထောင်စု တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥပဒေပြုစာရင်းတွင် ဖော်ပြမထားသော အခြားကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ဥပဒေ ပြုပိုင်ခွင့်အာဏာကို ပြည်ထောင်စု လွှတ်တော်သို့ အပ်နှင်းသည်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တဲ့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်များက အဆိုရှင်တင်ပြတဲ့ ဥပဒေကို ရေးဆွဲပြီးဝိုင်းဝန်း ဆွေးနွေးအတည်ပြုပြဋ္ဌာန်းရမှာဖြစ်ကြောင်း လွှတ်တော်သို့ ဒုတိယအချက်အနေနဲ့တင်ပြလိုခြင်းဖြစ်ပါတယ်။

လေးစားရပါတဲ့ ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များရှင်။ ယနေ့ ကျွန်မတို့နိုင်ငံဟာ လူဦးရေထူထပ်များပြားတဲ့ နိုင်ငံကြီးများနဲ့ အိမ်နီးချင်းဖြစ်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများမှ မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော တိုင်းရင်းသားမဟုတ်သူများသည် နည်းလမ်း အမျိုးမျိုးနှင့် မြန်မာနိုင်ငံတွင် နိုင်ငံသားများအဖြစ် နေထိုင်လျက်ရှိကြသူအများအပြားရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၈) နိုင်ငံသားများရဲ့ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၄၅ တွင် အောက်ဖော်ပြပါ အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၏ နိုင်ငံသားများဖြစ်ကြသည်-

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသားမိဘနှစ်ပါးမှမွေးဖွားသူ

(ခ)     ဤဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီး သူလို့ပြဋ္ဌာန်းထားပါတယ်။ သို့ဖြစ်၍ ပြည်ထောင်စုဖွားတိုင်းရင်းသားများနှင့် အကြောင်းအမျိုး မျိုးကြောင့် မြန်မာနိုင်ငံ၌ ဥပဒေအရ နိုင်ငံသားဖြစ်လာသူများသည် အခွင့်အရေးချင်းတန်းတူညီ ဖြစ်ကြောင်းတွေ့ရှိရပါတယ်။ တိုင်းရင်းသားများဖြစ်စေ၊ နိုင်ငံသားများဖြစ်စေ လူသားချင်း အတူတူ ဖြစ်၍ တန်းတူညီမျှမှု အခွင့်အရေးများပေးထားခြင်းဟာ မျှတတဲ့ဥပဒေဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်မိပါသော်လည်း ယနေ့ မြန်မာနိုင်ငံအတွင်း၌ အတူနေထိုင်လျက်ရှိတဲ့ နိုင်ငံသားများနှင့် ဧည့်နိုင်ငံ သားများရဲ့ လူမှုဘဝတွေနဲ့ တိုင်းရင်းသားများရဲ့ဘဝကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အဆင့်အတန်း များစွာကွာခြားလျက်ရှိနေတာကိုတော့ တိုင်းရင်းသူတစ်ဦးအနေနဲ့ ကျေကွဲမိပါကြောင်း လွှတ်တော်သို့ တင်ပြလိုပါတယ်။ လူနည်းစုတိုင်းရင်းသားများဟာ မိရိုးဖလာ လုပ်ရိုးလုပ်စဉ် တောင်ယာခုတ်ခြင်း၊ လယ်လုပ်ခြင်း စသည်ဖြင့်သာ မိသားစုဝမ်းစာအတွက် ရုန်းကန်နေရသလို လူများစုတိုင်းရင်းသား ဖြစ်တဲ့ ဗမာတိုင်းရင်းသားများဟာလည်း တစ်ဝမ်းတစ်ခါးအတွက် လယ်တော၌ နွားနှင့်ရုန်းကန် နေရ သူများ အလုပ်လုပ်မဲ့များနှင့်တွေ့ကြုံရင်ဆိုင်နေကြရစဉ် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသား ရရှိထားသူများဟာ နိုင်ငံရဲ့အချက်အချာကျတဲ့ မြို့ကြီးများရဲ့ အဓိကကျတဲ့ မြို့လယ်ခေါင်များမှာ နေရာ ယူပြီး လုပ်ငန်းပေါင်းစုံဖြင့် ကြီးပွားချမ်းသာလျက်ရှိနေကြတာတွေ့ရပါတယ်။ ယနေ့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ အချက်အချာဖြစ်တဲ့ မန္တလေးနှင့် ရန်ကုန်မြို့တွေမှာကြည့်မယ်ဆိုရင်လည်း ကျွန်မတို့ တိုင်းရင်းသားများဟာဆိုရင် တဖြည်းဖြည်းနဲ့ ရန်ကင်းတောင်ဘက်ရောက်နေပါပြီ။ ကျွန်မတို့ ကချင် ပြည်နယ် မြစ်ကြီးနားမှာဆိုရင် ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေဟာဆိုရင် တဖြည်းဖြည်းနဲ့ မြို့ကနေဝေး ပြီး တဖြည်းဖြည်းဝေးတဲ့ကျေးရွာတွေဘက်ကို ရောက်ရှိသွားတာကို ကျွန်မတို့တွေ့ရပါတယ်။ အဲဒီတော့ ကျွန်မတို့တိုင်းရင်းသားများဟာ စီးပွားရေးအခြေခံက မကောင်းတဲ့အခါကျတော့ ကျန်းမာရေးက ချို့တဲ့၊ ပညာရေးက မပြည့်စုံတဲ့ အစစအရာရာ နောက်ကျနိမ့်ပါးနေစဉ်မှာ နိုင်ငံသားရရှိထားသူများကတော့ ပြည့်စုံလုံလောက်တဲ့လူနေမှုဘဝမှာ ကျန်းမာရေး၊ ပညာရေး၊ အခြေခံကောင်းတွေကို တည်ဆောက် နိုင်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေရဲ့သားသမီးတွေက မူလတန်းအောင်ဖို့တောင်အနိုင်နိုင် ကြိုးစား နေရချိန်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသားတွေရဲ့ သားသမီးများကတော့ နိုင်ငံရပ်ခြားတွေမှာတောင် အဆင့် မြင့်ပညာတွေကို သင်ယူနိုင်တဲ့ အနေအထားတွေရောက်နေပါတယ်။ သူတစ်ပါးရဲ့ ကြီးပွားမှုတွေကို မနာလိုမရှုဆိတ်နိုင်တဲ့အတွက် ယခုလိုတင်ပြရခြင်းမဟုတ်ပါဘူး။ လွန်စွာကွာခြားနေတဲ့တိုင်းရင်းသား များရဲ့ လက်ရှိဘဝအခြေအနေများနဲ့ အနာဂတ်အတွက်စိုးရိမ်ပူပန်မိလို့ တင်ပြရခြင်းဖြစ်ပါတယ်။ ယနေ့ ဒီမှာရှိနေကြတဲ့ ပြည်သူ့ကိုယ်စားလှယ်များအားလုံးကလည်း ဒီအခြေအနေတွေကို မျက်ကွယ် မပြုသင်‌့ပါဘူး။ နိမ်‌့ပါးနေတဲ့ ဆင်းရဲတွင်းက မထွက်နိုင်တဲ့ တိုင်းရင်းသားပြည်သူ့လူထုအတွက် အလေးအနက်ထားစဉ်းစားပြီး ၎င်းရရှိသင့်တဲ့ အခွင့်အရေးများ လက်ဝယ်အမှန်တကယ်ရရှိရေး ဆောင်ရွက်ပေးသင့်သလို ရရှိထားတဲ့အခွင့်အရေးတွေ လက်လွတ်မဆုံးရှုံးရေးအတွက်နဲ့ ဘဝလုံခြုံမှု ရှိစေရေးအတွက်ကိုပါ ကာကွယ်ပေးတဲ့ဥပဒေများကို ပြဋ္ဌာန်းပေးဖို့လိုအပ်ပါတယ်။

ဥက္ကဋ္ဌကြီးရှင်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာဖော်ပြထားတဲ့ အခြေခံမူပေါ်မူတည်ပြီး တိုင်းရင်းသား လူမျိုးများရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေ၊ နည်းဥပဒေများကို ပြည်ထောင်စု လွှတ်တော်က အမြန်ဆုံးပြဋ္ဌာန်းဖို့လိုအပ်ပါတယ်။ ဒီလိုပြဋ္ဌာန်းရာမှာ တိုင်းရင်းသားများနဲ့အနီးစပ်ဆုံး ဖြစ်တဲ့ အခြေခံကျတဲ့ အဖွဲ့အစည်းများဖြစ်တဲ့ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ တိုင်းနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ရိုးရာလူကြီးများ၊ ဒေသခံမြို့မိမြို့ဖများနှင့်အတူ အပစ်အခတ်ရပ်ဆဲထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားများနဲ့ တွေ့ဆုံညိနှိုင်းဆွေးနွေးတိုင်ပင်၍ အကြံဉာဏ်များ၊ သဘောထားမှတ်ချက်များရယူသင့်သည့်အပြင် အပစ်အခတ်မရပ်ဆဲသေးတဲ့ တိုင်းရင်းသားများကိုလည်း ချန်လှန်မထားသင့်ဘဲ တွေ့ဆုံးဆွေးနွေးအဖြေရှာပြီး ပူးပေါင်းဆောင်ရွက်မှု များပြုလုပ်သင့်ပါတယ်။

လေးစားအပ်ပါတဲ့ ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များရှင်။ ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ရဲ့အဆိုဟာ ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်မှာ မရှိမဖြစ်ပြဋ္ဌာန်းရန်လိုအပ်သော ဥပဒေတစ်ရပ်ဖြစ်သည့်အပြင် ဒီမို ကရေစီစနစ်ဖြစ်ထွန်းရှင်သန်ရေးနှင့် နောင်နှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ရေးအတွက်လည်း အထူးအရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်ပါ၍ ဤအဆိုကို အတည်ပြုပြဋ္ဌာန်းပေးနိုင်ပါရန် လေးလေး နက်နက်ထောက်ခံတင်ပြရင်း ကျွန်မရဲ့ဆွေးနွေးချက် ကို ထောက်ခံတင်ပြရင်းနိဂုံးချုပ်အပ်ပါကြောင်း စသည်ဖြင့်ဆွေးနွေးသွားခဲ့ပါသည်။