Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြားသည့် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးသို့ ကျန်းမာရွှင်လန်းစွာနဲ့ တက်ရောက်လာကြတာကို တွေ့ရတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနဲ့ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ လွှတ်တော် ရပ်နားထားစဉ် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များရဲ့လုပ်ငန်းတာဝန်တွေကို အလေးပေးဆောင်ရွက်ခဲ့ကြတာတွေ ကြားသိရတဲ့အတွက် ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပဏာမပြောကြားလိုပါတယ်။

 ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဒီကနေ့ စတင်ကျင်းပတဲ့ အဋ္ဌမပုံမှန် အစည်းအဝေးကာလအတွင်းမှာ အသင့်ဖြစ်ကြယ်ပွင့်ပြမေးခွန်း ၁၅၀ ခုရှိပါတယ်။ အသင့်ဖြစ်အဆို ၁၂ ခုရှိပါတယ်။ ဥပဒေကြမ်းများအနေနဲ့ ၂၈ ခုရှိပါကြောင်း အသိပေးတင်ပြအပ်ပါတယ်။ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ ဒီကနေ့ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေကို လေ့လာကြည့်မယ် ဆိုရင် နိုင်ငံရေးရည်မှန်းချက်အပြောင်းအလဲများနှင့်အတူ မူဝါဒအပြောင်းအလဲတွေကို ထင်ထင်ရှားရှား တွေ့မြင်ကြားသိနေကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း မူဝါဒအပြောင်းအလဲများကို သတိပြုပြီး မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တစ်ရပ်ဖြစ်လာဖို့ ကျရာအခန်းကဏ္ဍ ကနေပြီး ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ခေတ်စနစ်နှင့်မညီတဲ့ ဥပဒေတွေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားကြရမှာဖြစ်သလို ပြည်သူ့အကျိုးစီးပွားဖြစ်ထွန်း စေတဲ့ဥပဒေတွေ၊ ပြည်သူတွေရဲ့အခြေခံလူ့အခွင့်အရေးကို ကာကွယ်ပေးမယ့်ဥပဒေတွေကို ဆက်လက်ပြဋ္ဌာန်း သွားကြရမှာဖြစ်ပါတယ်။ နိုင်ငံတကာလွှတ်တော်တွေကို လေ့လာကြည့်မယ်ဆိုရင် ပြဋ္ဌာန်းပြီး တဲ့ဥပဒေများရဲ့အကျိုးသက်ရောက်မှုကို ဆက်လက်လေ့လာစိစစ်ခြင်း (Post Legislative Scrutiny) ကို လွှတ်တော်များက ဆောင်ရွက်ကြပါတယ်။ လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်တဲ့ ဥပဒေများကို လက်တွေ့ကျင့်သုံးရာတွင် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်မှုရှိ/မရှိနဲ့ အကောင်အထည်ဖော်ရသည့် သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဥပဒေပါပြဋ္ဌာန်းချက်များအတိုင်း ဆောင်ရွက်နိုင်ခြင်းရှိ/မရှိကို လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်လေ့လာစိစစ်သွားရန်လည်း လိုအပ်မှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များဟာ မြန်မာ့ဒီမိုကရေစီဖော်ဆောင်ရေးမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများကို တတ်နိုင်သမျှ စိစစ်ထိန်းညှိပြီး ဒီမိုကရေစီစံနှုန်းများနဲ့ကိုက်ညီတဲ့ လွှတ်တော်ဖြစ်စေရေး၊ နိုင်ငံတော်နဲ့ ပြည်သူလူထုအကျိုးစီးပွားအတွက် အားကိုးအားထားပြုရတဲ့လွှတ်တော်ဖြစ်စေရေးတို့အတွက် ကြိုးစား ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ယခုလို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းအင်အားနဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးဖြစ်ပေါ်လာအောင် ကြိုးပမ်းတည်ဆောက်နေတဲ့ကာလမှာ မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များကလည်း အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ကြရမှာ ဖြစ်ပါ တယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တိုင်းရင်းသားအချင်းချင်းကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ရန် ဝိုင်းဝန်းကူညီပေးကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား      -      

ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီယဉ်ကျေးမှု တွေ ပိုမိုတိုးတက်ဖြစ်ထွန်းစေဖို့ ကိုယ်စားလှယ်များကိုယ်တိုင်ကလည်း ဒီမိုကရေစီကျင်‌့စဉ်များ နှင့်အညီ စံနမူနာပြဆောင်ရွက် သွားကြရမှာဖြစ်သလို နိုင်ငံတော်မှာ လွတ်လပ်ခြင်း၊ ညီမျှခြင်းနဲ့ တရားမျှတခြင်းဆိုတဲ့ လောကပါလတရားများ ထွန်းကားဖို့အတွက် ဥပဒေများ အခိုင်အမာပြဋ္ဌာန်း နိုင်ကြဖို့ အထူးလိုအပ်ပါတယ်။ ပြည်သူ့အကျိုးစီးပွားကိုအကာအကွယ်ပေးတဲ့ ဥပဒေများဖြစ်မှသာ ပြည်သူကလည်း ယုံကြည်အားကိုးပြီး လေးစားလိုက်နာကြမှာဖြစ်ပါတယ်။ ကျွန်တော်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သာမက ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေနဲ့ပါ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ ဥပဒေပြုရေးမဏ္ဍိုင် ပိုမိုခိုင်မာအားကောင်းစေဖို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသ၍ ဆက်လက်ကြိုးပမ်း အားထုတ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ပြည်သူ့ကိုယ်စားလှယ်များပီသစွာ ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်တဲ့စိတ်စေတနာ၊ မှန်ကန်တဲ့ ဆောင်ရွက်ချက်များနဲ့ ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားကြပါစို့လို့ တိုက်တွန်းပြောကြားရင်း ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

၂၀၁၈ ခုနှစ်၊ မေလ ၁၄ ရက်။