Skip to main content

သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုဆိုင်ရာ အချက်အလက်များ

 

သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုဆိုင်ရာ အချက်အလက်များ

အကျဉ်းချုပ်    
သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများနှင့်ပတ်သက်သော အချက်အလက် များအား Bar Chart ဖြင့်လည်းကောင်း၊ မြေပုံဖြင့်လည်းကောင်း၊ ဇယားဖြင့်လည်းကောင်း ရှင်းလင်းတင်ပြထားပါသည်။
ဤကိန်းဂဏန်းဆိုင်ရာ Statistical Bulletin တွင်
•    အာဆီယံနိုင်ငံများ၏သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုအဆင့်
•    ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မှုအားအနည်းဆုံးနိုင်ငံ (၁၅) နိုင်ငံ
•    ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို အဆိုးဆုံးကြုံတွေ့ရနိုင်သည့်နိုင်ငံ (၁၀) နိုင်ငံ
•    ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့်အကြိမ်အရေအတွက် (၁၉၉၅-၂၀၁၄) နှင့်
•    သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအနေအထား (၂၀၁၂-၂၀၁၆) တို့ကို ဖော်ပြထားပါသည်။

Statistical Bulletin အမှတ်စဉ် - (၈)

နိဒါန်း

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင် မှုအခြေအနေကို လေ့လာဆန်းစစ်ထားသော အစီရင်ခံစာများဖြစ်သည့် World Risk Index (WRI) ၊ Global Climate Risk Index (CRI) ၊ Notre Dame Global Adaptation Country Index (ND-GAIN) ၊ Disaster Risk Index (DRI) နှင့် INFORM အစီရင်ခံစာများအနက် World Risk Index (WRI) နှင့် Global Climate Risk Index (CRI) အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

World Risk Report တွင် တိုင်းတာသည့် အညွှန်းကိန်းသတ်မှတ်ချက် စုစုပေါင်း ၂၈ ခုကို ထည့်သွင်းတွက်ချက်၍ ဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၁ နိုင်ငံ၏ ယခင်ကဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့် အကြိမ်အရေအတွက် ၊ ဘေးအန္တရာယ်အမျိုးမျိုးမှ ခံနိုင်ရည်မရှိမှုအခြေအနေ၊ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ချက်ချင်းရင်ဆိုင်တုံ့ပြန်နိုင်မှု အနေ အထားနှင့် ရေရှည်တွင် အဆိုပါဘေးအန္တရာယ်ကျရောက်မှုများအပေါ်မူတည်ပြီး လိုက်လျောညီထွေ ဖြစ်အောင်ဆောင်ရွက်နိုင်မှု အစရှိသည်တို့ကို လေ့လာခဲ့ပါသည်။

World Risk Report အရ ၁၉၈၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံအသီးသီး၏ ဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုများကို ဆန်းစစ်လေ့လာရာတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုများမှာ နှစ်ကာလအပိုင်းအခြားအလိုက် များပြားလာသကဲ့သို့ ၎င်းဘေးအန္တရာယ်များကြောင့် စီးပွားရေး ထိခိုက်ဆုံးရှုံးမှုများမှာလည်း တိုးပွားလျက်ရှိကြောင်း တွေ့ရှိရပါသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှု အနေအထား (Disaster Risk) ကို ခန့်မှန်းတွက်ချက်နိုင်သည့် နည်းလမ်းများစွာရှိပါသည်။ ယင်းသို့ခန့်မှန်းတွက်ချက်ခြင်းသည် မည်သည့်အချိန်ကာလတွင် မည်ကဲ့သို့ ဘေးအန္တရာယ်မျိုးကို ကြုံတွေ့နိုင်သည်ဟု အတိအကျ ခန့်မှန်းခြင်းမျိုးမဟုတ်ဘဲ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက လူ့အသက်နှင့်စည်းစိမ်ဥစ္စာများ၊ အခြေခံအဆောက်အအုံများ ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပျက်စီးဆုံးရှုံးနိုင်မှုအနေအထားကို ခန့်မှန်းတွက်ချက်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှု အဆင့် နှိုင်းယှဉ်ချက်များ

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများ၏သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက် ဆုံးရှုံးမှုအဆင့် နှိုင်းယှဉ်ချက်များကို အောက်ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ကမ္ဘာ့နိုင်ငံပေါင်း ၁၇၁ နိုင်ငံအား သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံး နိုင်မှုများကို အဆင့်သတ်မှတ်ရာ မြန်မာနိုင်ငံသည် အဆင့် ၄၂ တွင် ရှိနေပါသည်။ ၎င်းနိုင်ငံများ အနက်မှ အာဆီယံနိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံသည် အဆင့် ၃ ဖြင့် ထိခိုက်ဆုံးရှုံးနိုင်မှု အမြင့်ဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဆဌမမြောက်နေရာတွင် ရှိနေပါသည်။

မြန်မာနိုင်ငံတွင် ကဏ္ဍများစွာရှိသည့်အနက် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက် ဆုံးရှုံးမှု အများဆုံးသည် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ ဖြစ်ပါသည်။ ၎င်းကဏ္ဍတစ်ခု လုံး၏ ၈၀ ရာခိုင်နှုန်းကျော်သည် ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ထိခိုက်ဆုံးရှုံးမှု အများဆုံး ခံရနိုင်ကြောင်း လေ့လာဆန်းစစ်မှုများအရ တွေ့ရှိရပါသည်။

ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မှုအားအနည်းစဆုံး (၁၅) နိုင်ငံ

ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မှုအားအနည်းဆုံး (၁၅) နိုင်ငံကို အောက်ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ဘေးအန္တရာယ်ဖြစ်ပွားချိန်တွင် ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်မှု အားအနည်းဆုံး (၁၅) နိုင်ငံအနက် အာဖဂန်နစ္စတန်နိုင်ငံသည် ၉၂.၈၂ ရာခိုင်နှုန်းဖြင့် အဆင့် ၁ နေရာတွင်ရှိပြီး မြန်မာနိုင်ငံသည် ၈၈.၀၆ ရာခိုင်နှုန်းဖြင့် အဆင့် ၁၃ နေရာ၌ရှိကြောင်း တွေ့ရှိရပါသည်။
 

မြန်မာနိုင်ငံအနေဖြင့် ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအားနည်းမှုကြောင့် ထိခိုက်ဆုံးရှုံးမှု များပြားနိုင်ပြီး နိုင်ငံတော်အဆင့် အကြီးစားဘေးဖြစ်ပွားမှုတွင် အလျန်အမြန် ထောက်ပံ့ကူညီ မှုများဆောင်ရွက်ရာ၌ အဟန့်အတားများစွာ ကြုံတွေ့ရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ဘေးသင့်ဒေသ များ၏လတ်တလောနှင့် ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်ပါ နှောင့်နှေးကြန့်ကြာ မှုများ ဖြစ်စေနိုင်ကြောင်းကို လေ့လာသုံးသပ်ထားပါသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို အဆိုးဆုံးကြုံတွေ့ရနိုင်သည့်နိုင်ငံ (၁၀) နိုင်ငံကို အောက်ပါအတိုင်းဖော်ပြထားပါသည်-

၁။    ဟွန်ဒူရပ်စ်
၂။    မြန်မာ
၃။    ဟေတီ
၄။    နီကာရာဂွာ
၅။    ဖိလစ်ပိုင်
၆။    ဘင်္ဂလားဒေ့ရှ်
၇။    ဗီယက်နမ်
၈။    ပါကစ္စတန်
၉။    ထိုင်း
၁၀။    ဂွာတီမာလ

၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ စာရင်းဇယားများကို အခြေခံရေးသားခဲ့သည့် Germanwatch / Global Climate Risk Index (CRI) အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို အဆိုးဆုံးကြုံတွေ့ရနိုင်သည့်နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ဒုတိယအဆင့်တွင်ရှိကြောင်း တွေ့ရှိရပါသည်။

Germanwatch ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံအား ဒုတိယအဆင့်တွင် ဖော်ပြထား ခြင်းသည် ဘေးအန္တရာယ်များကြောင့် လူ့အသက်နှင့် နိုင်ငံ၏ဂျီဒီပီထိခိုက်ဆုံးရှုံးမှုတစ်ခုတည်း ကိုသာ အခြေခံတွက်ချက်ထားခြင်းဖြစ်ပြီး အခြားအရေးပါသောအချက်များဖြစ်သည့် နိုင်ငံ၏ စွမ်းဆောင်နိုင်မှုအခြေအနေ၊ ရရှိနိုင်သည့်အရင်းအမြစ်တို့ကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိ ခြင်းကြောင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် လူဦးရေ ၁၄၀၀၀၀ ခန့်သေဆုံးခဲ့ပြီး စီးပွားရေး တိုက်ရိုက်ဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄.၂ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့သည့် အဖျက်စွမ်း အားကြီးမားသော နာဂစ်မုန်တိုင်းဘေးတစ်ကြိမ်ကျရောက်ခဲ့ခြင်းသည် ထိခိုက်ဆုံးရှုံးနိုင်ခြေ     အများဆုံး ၁၀ နိုင်ငံစာရင်းတွင် ဒုတိယဖြစ်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်းဖြစ်ပါသည်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုအဆိုးဆုံးကြုံတွေ့ရသောနိုင်ငံများ၏ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့်အကြိမ်အရေအတွက် (၁၉၉၅-၂၀၁၄)

၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အဆိုးဆုံးကြုံတွေ့ ရသော နိုင်ငံ (၁၀) နိုင်ငံ၏ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့် အကြိမ်အရေအတွက်ကို အောက်ဖော်ပြ ပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၁၉၉၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု အဆိုးဆုံးကြုံတွေ့ ရသော နိုင်ငံ (၁၀) နိုင်ငံ၏ ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့် အရေအတွက်များထဲတွင် ဖိလစ်ပိုင် နိုင်ငံသည် ၃၃၇ ကြိမ်ဖြင့်အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ၄၁ ကြိမ်ဖြင့် အနည်းဆုံးဖြစ်သည် ကို တွေ့ရှိရပါသည်။

မြန်မာနိုင်ငံ၏ ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့်အရေအတွက်သည် နည်းသော်လည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကို အဆိုးဆုံးကြုံတွေ့ရနိုင်သည့်နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် ဒုတိယအဆင့်တွင်ရှိကြောင်း တွေ့ရှိရပါသည်။ ဘေးအန္တရာယ်ကြုံတွေ့ခဲ့သည့် အကြိမ်အရေအတွက် နည်းပြီး ဒုတိယအဆင့်ဖြစ်ရခြင်းမှာ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းဘေး တစ်ကြိမ် ကျရောက် ခဲ့ပြီးထိခိုက်ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအနေအထား (၂၀၁၂-၂၀၁၆)

၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအနေ အထားများကို ဖော်ပြပါဇယားဖြင့် တင်ပြထားပါသည်-

နိဂုံး

အချုပ်အားဖြင့် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများကို ကြိုတင် တွက်ချက်ထားခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများကို စနစ်တကျ ရေးဆွဲဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ထိခိုက်ဆုံးရှံးနိုင်မှုအနေအထားများကို ထည့်သွင်းစဉ်းစား၍ ဘတ်ဂျက်အပါအဝင် နိုင်ငံတစ်နိုင်ငံ ၏သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုများ လျော့ပါးရေး အစီအမံများကိုလည်း အလေးထားဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

သဘာဝဘေးကို ကြိုတင်စီမံဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်မှု၊ အရေးပေါ်တုံ့ ပြန်မှု၊ ပြန်လည်ထူထောင်မှုဟူ၍ အပိုင်းလိုက်အား စနစ်တကျနှင့် ထိထိရောက်ရောက် ဆောင်ရွက် မှသာလျှင် သဘာဝဘေးကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသည့် လူမှုအသိုက်အဝန်းဖြစ်လာ စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရန် ရေးသားတင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

 

ရက်စွဲ
၆-၆-၂၀၁၈