Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး (၁၈) ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြားသည့် နိဂုံးချုပ်အမှာစကား

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-    

          မေလ ၁၄ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ အဋ္ဌမပုံမှန်အစည်းအဝေးဟာ မကြာခင် ပြီးဆုံးတော့မှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကာလအတွင်း ဆောင်ရွက်ချက်များ အနေနဲ့ ကြယ်ပွင့်ပြ မေးခွန်း (၁၀၉) ခု မေးမြန်း ဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း (၂၄၅) ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အရေးကြီး အဆို (၁) ခုနှင့် ဝမ်းနည်းကြောင်းအဆို (၁) ခု အပါအဝင် အဆို (၁၃) ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြုအဆို (၄) ခု၊ မှတ်တမ်းတင်အဆို(၃)ခု၊ အတည်မပြု အဆို (၁) ခုနဲ့ လက်ခံဆွေးနွေးရန်မသင့် အဆို (၁) ခု တို့ ဖြစ်ကြပါတယ်။ တင်သွင်းပြီး ဆွေးနွေးရန် ကျန်အဆို (၄) ခု ကျန်ရှိပါတယ်။ ဥပဒေကြမ်းများ အနေနဲ့ ယခုအစည်းအဝေး ကာလအတွင်း ဆွေးနွေးဆောင်ရွက်ခဲ့တဲ့ ဥပဒေကြမ်း (၃၇) ခု ရှိပြီး ဥပဒေကြမ်း (၁၄) ခုကို အတည်ပြုနိုင်ခဲ့ပါတယ်။ ဆက်လက်ဆောင်ရွက်ရန် ဥပဒေကြမ်း (၂၃) ခု ကျန်ရှိပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒီအစည်းအဝေးကာလအတွင်းအခြားဆောင်ရွက်ချက်များ အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံသို့ နိုင်ငံအသီးသီးနဲ့ ပြည်ပအဖွဲ့အစည်းများက ပေးပို့လာတဲ့ ဂုဏ်ပြုဝမ်းမြောက်ကြောင်း သဝဏ်လွှာ (၁၈) စောင်ကို မှတ်တမ်းတင်ခြင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ် (၅) ခုကို မှတ်တမ်းတင်ခြင်း၊ အစားထိုးပြောင်းလဲသည့် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၁) ဦး ကတိသစ္စာပြုခြင်းနဲ့ ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီကို သက်တမ်း (၁) နှစ် တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီများနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်များအနေဖြင့် လွှတ်တော်အခွင့်အရေး ကော်မတီဥက္ကဋ္ဌ တာဝန်ပေးအပ်ခြင်း၊ ဥပဒေကြမ်းကော်မတီနဲ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးအပ်ခြင်း၊  ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးကော်မတီနဲ့ တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အတွင်းရေးမှူးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၆) ဦးကို ကော်မတီအသီးသီးတွင် အဖွဲ့ဝင်များအဖြစ် အစားထိုးလဲလှယ် တာဝန်ပေးအပ်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၉) ဦးကို ကော်မတီအသီးသီးတွင် အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်း ဖွဲ့စည်းခြင်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၁) ဦးအား ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့တာဝန် ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          ဒီမိုကရေစီရဲ့ အသက်သွေးကြောဖြစ်တဲ့ လွှတ်တော်လုပ်ငန်းစဉ်များ မှန်ကန်စွာ လည်ပတ်နိုင်ရေးဟာ ကိုယ်စားလှယ်များရဲ့ စွမ်းဆောင်ရည် ရှိမှုအပေါ်မှာ အဓိကမူတည်နေပါတယ်။ မိမိတို့ဟာ မဲဆန္ဒရှင်ပြည်သူတွေကို ကိုယ်စားပြုပြီး ဥပဒေပြုရေး မဏ္ဍိုင်ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နေကြရသူများ ဖြစ်ပါတယ်။ ဥပဒေပြုသူများပီပီ တည်ဆဲဥပဒေ၊ နည်းဥပဒေများကို စံနမူနာပြ လေးစားလိုက်နာကြသူများအဖြစ် မိမိကိုယ်ကိုအမြဲ တည်ဆောက်နေကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်မှာ မေးခွန်းများ မေးမြန်းခြင်းနဲ့ အဆိုများ ဆွေးနွေးခြင်း ဆောင်ရွက်တဲ့အခါ တွေမှာလည်း လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကျင့်ဝတ်နှင့်စည်းကမ်းများ၊ အစည်းအဝေးတွင် လိုက်နာရန် စည်းကမ်းများ၊ မေးခွန်း၊ အဆိုတို့နဲ့ပတ်သက်တဲ့ ကန့်သတ်ချက်များ၊ စည်းကမ်းချက်များကို သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် သတ်မှတ်ပြဋ္ဌာန်း ထားရှိပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိတို့ဟာ မေးခွန်းနဲ့အဆို ကိစ္စများကို ဥပဒေ၊ နည်းဥပဒေများနဲ့အညီ ဆောင်ရွက် ကြရမှာဖြစ်သလို လွှတ်တော်ရဲ့ အဓိကလုပ်ငန်း တာဝန်ဖြစ်တဲ့ ဥပဒေပြုရေးတာဝန်များ ဆောင်ရွက်တဲ့ အခါမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (Constitution) နဲ့ ညီညွတ်မှုရှိစေရေးကို အထူး သတိပြုရမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          အစည်းအဝေး ရပ်နားထားစဉ်ကာလအတွင်း ပြည်သူလူထုနဲ့ ထိတွေ့ဆက်ဆံတဲ့အခါမှာ ပြည်သူလူထုက ယုံကြည်အားကိုး လေးစားတန်ဖိုးထား ရသူများအဖြစ် ပြုမူပြောဆို နေထိုင်သွားကြဖို့ မှာကြားလိုပါတယ်။ ဒေသနယ်ပယ်အလိုက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနဲ့ ရပ်ရွာအရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြဖို့ မှာကြားလိုပါတယ်။ မိမိတို့ဟာ ဒီမိုကရေစီ  စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေသူများပီသစွာ ပြည်သူလူထုကိုလည်း စစ်မှန်တဲ့ဒီမိုကရေစီ စိတ်ဓာတ်နဲ့အလေ့အကျင့်ကောင်းတွေကို လေးစားလိုက်နာကြစေဖို့ ပူးပေါင်းဆောင်ရွက် ပေးကြစေလိုပါတယ်။ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့အညီ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ၊ ဆန္ဒတွေကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်သူများအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ပေးကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါ စေတနာကောင်း တစ်ခုတည်းနဲ့ မလုံလောက်ဘဲ မိမိတို့ရဲ့အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတ၊ ဆင်ခြင်တုံတရားတို့ကို ပေါင်းစပ်ပြီး ဆောင်ရွက်မှသာ နိုင်ငံတော်နဲ့နိုင်ငံသားတို့အတွက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

          နိဂုံးချုပ်အနေနဲ့ မှာကြားလိုတာကတော့ လွှတ်တော်ရပ်နားထားစဉ် ကာလမှာ မိမိတို့ရဲ့မဲဆန္ဒရှင် ပြည်သူလူထုထံ အရောက်သွားပြီး ပြည်သူ့အသံကို အလေးထားမှတ်သား နားထောင်ကြပါ။ ဒေသဖွံ့ဖြိုးရေးကိစ္စတွေမှာ စေတနာအပြည့်နဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါ။  ဒီလိုဆောင်ရွက်တဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့် ဘောင်မကျော်စေဘဲ ဥပဒေနှင့်အညီ မှန်ကန်စွာဆောင်ရွက်ကြပါ။ ပါတီစွဲ၊ လူမျိုးစွဲ၊ ဝါဒစွဲတွေ မထားရှိဘဲ ပြည်သူ့အကျိုးအတွက် ဦးစားပေး ဆောင်ရွက်ကြပါ။ အရည်အချင်းပြည့်ဝတဲ့ လွှတ်တော်ကိုယ်စား လှယ်များအဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ကာကွယ်မြှင့်တင် ဆောင်ရွက်ကြပါ။ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးအတွက်  ပြည်သူနဲ့အတူ ပူးပေါင်းကာကွယ်ဆောင်ရွက်ပေးကြပါလို့  မှာကြားလိုပါတယ်။ ကိုယ်စားလှယ်များရဲ့ လိုရာခရီးများ သွားလမ်းသာလို့ လာလမ်းဖြောင့်ကြပါစေ။ မိသားစုများ၊ ဆွေမျိုးမိတ်ဆွေများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ဆုံစည်းနိုင်ကြပါစေ။ “ပြည်သူ့အကျိုး ပိုမိုထမ်းဆောင် နိုင်ကြပါစေ၊ ဆက်လက်ကျင်းပမယ့် နဝမပုံမှန်အစည်းအဝေးမှာလည်း ကျန်းမာရွှင်လန်းစွာနဲ့ ပြန်လည်တွေ့ဆုံ နိုင်ကြပါစေ” လို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်ခင်ဗျား။ အားလုံးကိုကျေးဇူးတင် ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်