Skip to main content

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရေးဆိုင်ရာ အချက်အလက်များ

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရေးဆိုင်ရာ အချက်အလက်များ

အကျဉ်းချုပ်

မြန်မာနိုင်ငံသည် ၁၉၈၇ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းဝင်ဖြစ်သွားခဲ့ပြီး နောက်ပိုင်း LDC အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့်စံနှုန်း (၃) ခုစလုံးနှင့် ၂၀၁၈ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြည့်မီလာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှု မူဝါဒ ဆိုင်ရာကော်မတီ (CDP) ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ LDC စာရင်းကို ၁၉၇၁ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ယင်းစာရင်းမှ လွတ်မြောက်သောနိုင်ငံမှာ (၄) နိုင်ငံသာ ရှိခဲ့ပါသည်။ ၎င်း (၄) နိုင်ငံမှာ-
•    ဘော့ဆွာနာ (၁၉၉၄)
•    ကိတ်ဗာဒီ (၂၀၀၇)
•    မော်လ်ဒိုက် (၂၀၁၁) နှင့်
•    ဆာမိုအာ (၂၀၁၄) တို့ဖြစ်ပါသည်။

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (Least Developed Countries-LDC)

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ (LDC) ဆိုသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးအနက် ကုလသမဂ္ဂ၏ သတ်မှတ်ချက်အရ လူသားဖွံ့ဖြိုးမှုအညွှန်းကိန်းအနိမ့်ဆုံးဖြစ်ခြင်းနှင့်အတူ လူမှု စီးပွားဖွံ့ဖြိုးမှုအညွှန်းကိန်းများ အနိမ့်ဆုံးဖြစ်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများစာရင်းဖြစ်ပါသည်။

တစ်ဦးချင်းဝင်ငွေ (Gross National Income-GNI)

နိုင်ငံသားတစ်ဦးချင်းဝင်ငွေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးနှင့် ပြည်ပမှ လက်ခံရရှိသော ဝင်ငွေစုစုပေါင်းကို ဆိုလိုပါသည်။

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း (Human Access Index-HAI)

လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း (HAI) ဆိုသည်မှာ လူသားရင်းမြစ်ချို့တဲ့မှုနှင့် ပတ်သက်၍ အာဟာရ၊ ကျန်းမာရေး၊ ကိုယ်ဝန်ဆောင်ကလေးမွေးဖွားနှုန်း/သေနှုန်း၊ သဘာဝဘေး၊ စီးပွားရေး တည်ငြိမ်မှုကဏ္ဍ၊ ပညာရေးနှင့် အရွယ်ရောက်သူ စာတတ်မြောက်မှုများအပေါ် အခြေခံလျက် အညွှန်းကိန်းသတ်မှတ်ထားခြင်း ဖြစ်ပါသည်။

စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာအညွှန်းကိန်း (Economic Vulnerability Index-EVI)

စီးပွားရေး ထိခိုက်နစ်နာလွယ်မှုဆိုင်ရာအညွှန်းကိန်း (EVI) ဆိုသည်မှာ စီးပွားရေး ထိခိုက်နစ်နာလွယ်မှုနှင့် ပတ်သက်၍ စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုမတည်ငြိမ်ခြင်း၊ ကုန်ပစ္စည်း နှင့်ဝန်ဆောင်မှုများ တင်ပို့မှုမတည်ငြိမ်ခြင်း၊ အစဉ်အလာမဟုတ်သော လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ စီးပွားရေးဆိုင်ရာ အရေးပါမှု၊ ရောင်းကုန်တင်ပို့မှု ဇောက်ချလုပ်ကိုင်ခြင်း၊ စီးပွားရေး သေးငယ်ရခြင်းနှင့်ပတ်သက်သည့် အဟန့်အတားများနှင့် သဘာဝဘေးဒုက္ခများကြောင့် ရွှေ့ပြောင်းခဲ့ရသည့် လူဦးရေရာခိုင်နှုန်းများအပေါ် အခြေခံလျက် အညွှန်းကိန်း သတ်မှတ်ထားခြင်း ဖြစ်ပါသည်။

LDC အဆင့်သတ်မှတ်ခြင်းနှင့် လွတ်မြောက်ခြင်းဆိုင်ရာသတ်မှတ်စံနှုန်းများ

LDC အဆင့်သတ်မှတ်ခြင်းနှင့် လွတ်မြောက်ခြင်းဆိုင်ရာသတ်မှတ်စံနှုန်းများကို ဖော်ပြပါ ဇယားဖြင့် တင်ပြထားပါသည်-

၂၀၁၈ ခုနှစ် စံနှုန်းသတ်မှတ်ချက်များအရ (၃) နှစ်တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်ရန် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၃၀ နှင့်အထက်၊ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ၆၆ နှင့်အထက်၊ စီးပွားရေး ထိခိုက်နစ်နာ လွယ်မှုဆိုင်ရာ အညွှန်းကိန်း ၃၂ နှင့်အောက် ရရှိရန် လိုအပ်ပါသည်။

LDC စာရင်းမှ လွတ်မြောက်ရန် တစ်ဦးချင်းဝင်ငွေပြည့်မီသောနိုင်ငံများ

LDC စာရင်းမှ လွတ်မြောက်ရန် တစ်ဦးချင်းဝင်ငွေပြည့်မီသောနိုင်ငံများကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် (၃) နှစ် တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) ၌ တစ်ဦးချင်းဝင်ငွေ ပြည့်မီသောနိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၅၅ ဖြင့် (LDC) အဆင့်မှ လွတ်မြောက်ရန် သတ်မှတ်ထားသည့်စံနှုန်း ပြည့်မီနေသည်ကို တွေ့ရှိရပါသည်။

LDC စာရင်းမှ လွတ်မြောက်ရန် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းပြည့်မီသောနိုင်ငံများ

LDC စာရင်းမှ လွတ်မြောက်ရန် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်းပြည့်မီသောနိုင်ငံများကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် (၃) နှစ် တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) အရ LDC စာရင်းမှ လွတ်မြောက်ရန် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ပြည့်မီသော နိုင်ငံများစာရင်းမှ မြန်မာနိုင်ငံသည် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ၆၈.၅ ဖြင့် ပြည့်မီနေသည် ကို တွေ့ရှိရပါသည်။

LDC စာရင်းမှ လွတ်မြောက်ရန် စီးပွားရေးထိခိုက်နစ်နာလွယ်မှုအညွှန်းကိန်း ပြည့်မီသောနိုင်ငံများ

LDC စာရင်းမှ လွတ်မြောက်ရန် စီးပွားရေးထိခိုက်နစ်နာလွယ်မှုအညွှန်းကိန်း ပြည့်မီသော နိုင်ငံများကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

၂၀၁၈ ခုနှစ်အတွက် ပြုလုပ်ခဲ့သည့် (၃) နှစ် တစ်ကြိမ် လေ့လာသုံးသပ်မှု (Triennial Review) အရ LDC စာရင်းမှ လွတ်မြောက်ရန် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ပြည့်မီသော နိုင်ငံများစာရင်းမှ မြန်မာနိုင်ငံသည် လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း ၆၈.၅ ဖြင့် ပြည့်မီနေသည် ကို တွေ့ရှိရပါသည်။

LDC စာရင်းမှ လွတ်မြောက်ရန် စီးပွားရေးထိခိုက်နစ်နာလွယ်မှုအညွှန်းကိန်း ပြည့်မီသောနိုင်ငံများ

LDC စာရင်းမှ လွတ်မြောက်ရန် စီးပွားရေးထိခိုက်နစ်နာလွယ်မှုအညွှန်းကိန်း ပြည့်မီသော နိုင်ငံများကို ဖော်ပြပါ Bar Chart ဖြင့် တင်ပြထားပါသည်-

ဖော်ပြပါ Bar Chart (၁) အရ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တစ်ဦးချင်းဝင်ငွေ (GNI) သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်းနှင့် ပြည့်မီခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။
ဖော်ပြပါ Bar Chart (၂) အရ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးမှုအညွှန်းကိန်း (HAI) သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက် ရေးဆိုင်ရာ သတ်မှတ်စံနှုန်းနှင့်ပြည့်မီခဲ့သည်ကို တွေ့ရှိရပါသည်။
ဖော်ပြပါ Bar Chart (၃) အရ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးထိခိုက်နစ်နာ လွယ်မှုအညွှန်းကိန်း (EVI) သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်းနှင့် ပြည့်မီခဲ့ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ခြင်းဆိုင်ရာ သတ်မှတ်စံနှုန်းများဖြစ်သော GNI ၊ HAI နှင့် EVI (၃) ခုအနက်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုအညွှန်းကိန်း (HAI) တစ်ခုတည်းသာပြည့်မီခဲ့သည်ကို တွေ့ရှိရပါသည်။
၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အတွက် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏GNI ၊ HAI နှင့် EVI အခြေအနေများကို The 2015 triennial review of the list of least developed countries မှ ရယူထားခြင်းဖြစ်ပါသည်။

နိဂုံး

ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရန် သတ်မှတ်စံနှုန်းများနှင့် (၂) ကြိမ်ပြည့်မီ မှသာ ဖွံ့ဖြိုးမှုကော်မတီက ကုလသမဂ္ဂအထွေထွေညီလာခံကို ထောက်ခံတင်ပြပေးပြီး အဆုံးအ ဖြတ်ပေးနိုင်ပါသည်။ အထွေထွေညီလာခံမှ အသိအမှတ်ပြုပြီး အသွင်ကူးပြောင်းရေးကာလ (၃) နှစ်နှင့် စောင့်ကြည့်ကာလ (၃) နှစ်ရှိပါသည်။ ထို့ကြောင့် စတင်ပြည့်မီသည့်ကာလမှ အနည်းဆုံး (၆) နှစ်ကြာမှ ဖွံ့ဖြိုးမှုအနည်း ဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်မှစ၍  နောက် (၆) နှစ် ဖြစ်သော ၂၀၂၄ ခုနှစ်အထိ သတ်မှတ်စံနှုန်းများဖြင့် ပြည့်မီမှသာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်မည် ဖြစ်ပါ သည်။ ထို့ကြောင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများစာရင်းမှ လွတ်မြောက်မည့် လမ်းစပွင့်လင်းရန် လာမည့် ၂၀၂၁ ခုနှစ် (၃) နှစ်တစ်ကြိမ် သုံးသပ်ချက်တွင် စံနှုန်း (၃) ခုအနက် အနည်းဆုံး (၂) ခုနှင့် ဆက်လက်ပြည့်မီရန် လိုအပ်သောကြောင့် တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်ပါကြောင်းနှင့် ယခုတိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းကြိုးပမ်း ဆောင်ရွက် ပါက ၂၀၂၄ ခုနှစ် တွင်  LDC နိုင်ငံများစာရင်းမှ သေချာစွာ လွတ်မြောက်ရန် အခွင့်အရေးရှိနေပါ ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၆-၈-၂၀၁၈