Skip to main content

ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို

 

ရခိုင်ပြည်နယ် ပဋိပက္ခဆိုင်ရာ စာတမ်းတို

နိဒါန်း

၁။    ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပြဿနာများသည် သာမန်လူမျိုးရေး၊ ဘာသာရေး၊ မဟုတ်ဘဲ သမိုင်းဇာစ်မြစ်ကြီးမားသည့် ပထဝီနိုင်ငံဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်သည့်အပြင် တရားမဝင် ဝင်ရောက်မှု၊ သဘာဝသယံဇာတများ ပိုင်ဆိုင်ရေးအတွက် အပြိုင်အဆိုင်ကြိုးပမ်းမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ပါဝင်ပတ်သက်နေသည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာရပ်ဖြစ်ပါသည်။  ရခိုင်ပြည်နယ်အရေးကိစ္စသည် ရာစုနှစ်တစ်စုကျော် သမိုင်းနှင့်ချီပြီး ဖြစ်လာခဲ့ခြင်းဖြစ်သောကြောင့် လအနည်းငယ်အတွင်း၊ နှစ်အနည်းငယ်အတွင်းတွင် ဖြေရှင်းရန် မလွယ်ကူသည့် ကိစ္စရပ်တစ်ခုဖြစ်ပါသည်။  ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူ အညီပေးရေး လုပ်ငန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန၊ UNHCR ၊ WFP အဖွဲ့များအပြင် ကြက်ခြေနီအဖွဲ့များအနေဖြင့် ကြက်ခြေနီ လှုပ်ရှားမှုအသွင်ဖြင့် လူသားချင်းစာနာမှုအကူအညီ ပေးရေးဆိုင်ရာအခြေခံမူများနှင့်အညီ ကူညီ ထောက်ပံ့ဆောက်ရွက်ခြင်း၊  IDP စခန်းများပိတ်သိမ်းခြင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

ရခိုင်ပြည်နယ်၏နောက်ခံသမိုင်း အကျဉ်း

၂။    ရခိုင်လူမျိုးများ၏သမိုင်းကြောင်းသည် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ် နှင့်မြောက်ဦးခေတ်ဟူ၍ခေတ်လေးခေတ် ထွန်းကားခဲ့ပြီး မြောက်ဦးခေတ်တွင် အင်အားကြီးမား သော ရခိုင်မင်းများလက်ထက်၌ စစ်တကောင်းဒေသ အပါအဝင် ဘင်္ဂါလားနယ် (၁၂) နယ်အထိ သိမ်းပိုက်နိုင်ခဲ့သည့် သမိုင်းရှိခဲ့ပါသည်။

၃။    ရခိုင်ပြည်နယ်ကို ခရိုင်ပေါင်း (၄) ခု၊ မြို့နယ်ပေါင်း (၁၇) ခုနှင့် မြို့နယ်ခွဲ (၃) ခု တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ၂၀၁၄ ခုနှစ်တွင် စာရင်းကောက်ယူရရှိသော လူဦးရေ (၃) သန်းကျော်ရှိပြီး စစ်တွေ၊မောင်တောနှင့် မြောက်ဦးခရိုင်များတွင် စာရင်းမကောက်ယူနိုင်ခဲ့သောလူဦးရေ (၁) သန်း ကျော်ရှိပါသည်။ နိုင်ငံသားစိစစ်ရေးကတ်ကိုင်ဆောင်သူ (၆၀.၃) ရာခိုင်နှုန်း၊ ဧည့်နိုင်ငံသားကတ် ကိုင်ဆောင်သူ (ဝ.၁) ရာခိုင်နှုန်းခန့်၊ နိုင်ငံသားပြုခွင့်ရကတ်ကိုင်ဆောင်သူ (ဝ.၃) ရာခိုင်နှုန်း၊ အမျိုးသားမှတ်ပုံတင်ကတ်ကိုင်ဆောင်သူ (ဝ.၆) ရာခိုင်နှုန်း၊ ယာယီသက်သေခံကတ်ကိုင်ဆောင် သူ (ဝ.၆) ရာခိုင်နှုန်း၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူ  (ဝ.၁) ရာခိုင်နှုန်းခန့်၊ နိုင်ငံခြားသားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ (ဝ.၁) ရာခိုင်နှုန်း၊ သာသနာဝင်ကတ်ကိုင်ဆောင် သူ (ဝ.၄) ရာခိုင်နှုန်းနှင့် မည်သည့်ကတ်မှ မကိုင်ဆောင်သူ (၃၇.၇) ရာခိုင်နှုန်းရှိပါသည်။

ရခိုင်ပြည်သို့ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာပုံ

၄။    ၁၄ရာစုအစပိုင်း ရခိုင်ပြည်ဘုရင်မင်းစောမွန်လက်ထက် အေဒီ ၁၄၃၀ တွင် မြောက်ဦးမြို့ တည်၍ မြောက်ဦးခေတ်ကို စတင်တည်ထောင်ခဲ့ပါသည်။ ယင်းခေတ်တွင် ရခိုင်တပ်မတော်၌ အာရပ်၊ ပေါ်တူဂီလူမျိုးများ အမှုထမ်းဆောင်ခဲ့ကြပါသည်။ ၎င်းမျိုးဆက်များမှာ ယခု သံတွဲ၊ ရမ်းဗြဲကျွန်းနှင့် မြောက်ဦးမြို့ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိကြကာ ယင်းတို့ကို ကမန်ဟု ခေါ်ဆိုပြီး ရခိုင်ပြည်နယ်၌ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအဖြစ် အသိအမှတ်ပြုထားခဲ့ကြပါသည်။ ယင်းကမန် လူမျိုးများသည် အစ္စလာမ်ဘာသာဝင်များဖြစ်၍ ရခိုင်လူမျိုးများနှင့် အေးအတူပူအမျှ ငြိမ်းချမ်းစွာ နေထိုင်လာခဲ့ကြသော လူမျိုးဖြစ်ပါသည်။

၅။    အင်္ဂလိပ်-မြန်မာ ပထမစစ်ရှုံးပြီးချိန် ၁၈၂၄ ခုနှစ် ဘကြီးတော်မင်းလက်ထက် ရခိုင်ဒေသသည် အင်္ဂလိပ်လက်အောက်သို့ကျရောက်ခဲ့ရသည်။ ထို့နောက်အင်္ဂလိပ်တို့သည် ရခိုင်ဒေသရှိ ကြီးမားကျယ်ပြန့်သော လယ်ယာလုပ်ငန်းများအား လုပ်ကိုင်ရန် အိန္ဒိယနိုင်ငံ၊ စစ်တကောင်းနယ် ဘက်မှ ဘင်္ဂါလီအမြောက်အမြားကို စတင်ခေါ်ယူတင်သွင်းကာ လုပ်ကိုင်စေခဲ့ပါသည်။ ထူးခြား သောအချက်မှာ အင်္ဂလိပ်တို့အနေဖြင့် ရခိုင်ဒေသကို ဘင်္ဂလားဒေသနှင့်ပေါင်းစပ် အုပ်ချုပ်လိုက် ခြင်းဖြစ်ပါသည်။ သမိုင်းအထောက်အထား စာရင်းဇယားအရ ၁၈၂၅ ခုနှစ်တွင် ရခိုင်ပြည်၌ ဘင်္ဂါလီဦးရေ (၃၀,၀၀၀) ရှိခဲ့ရာမှ ၁၉၃၀ ပြည့်နှစ်တွင် (၂၁၇,၈၀၀) ရှိလာခဲ့ပါသည်။ ထိုစဉ် ကတည်းက ဗြိတိသျှအစိုးရက မွတ်ဆလင်ဦးရေ တိုးပွားလာမှုကို စိုးရိမ်သောကြောင့် အခြေ အနေကိုစုံစမ်းစစ်ဆေးရန် ၁၉၃၉ ခုနှစ်တွင် စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ခုဖွဲ့စည်းပေးခဲ့ဖူး ပါသည်။ ကော်မရှင်က မွတ်ဆလင်ဦးရေ အတားအဆီးမရှိတိုးဝင်လာမှုကို မဟန့်တားပါက နောင်အခါတွင် လူမျိုးရေးပဋိပက္ခများဖြစ်နိုင်ကြောင်း အစီရင်ခံခဲ့သော်လည်း ဒုတိယကမ္ဘာစစ် ကြောင့် မည်သို့မျှမဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

မောင်တောဒေသရှိ ဘင်္ဂါလီများ နေထိုင်မှုအခြေအနေ

၆။    မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့ပါဝင်သော မောင်တောခရိုင်သည် ရခိုင် ပြည်နယ်အတွင်း၌ မွတ်ဆလင်အများစုနေထိုင်ရာ ဒေသဖြစ်ပါသည်။ ပြည်နယ်တစ်ခုလုံး၌ မွတ်ဆလင်ဦးရေ (၁၀.၅၅) သိန်းခန့်ရှိသည်အနက် မောင်တောခရိုင်၌ (၇.၆) သိန်းခန့်ရှိပါသည်။ ရခိုင်ပြည်နယ်မြောက်ဖျား နယ်ခြားဒေသဖြစ်သော မောင်တောခရိုင်တွင်  ရခိုင်တိုင်းရင်းသား လူမျိုးများမှာ (၅) ရာခိုင်နှုန်းခန့်သာရှိပါသည်။  ကျေးရွာတိုင်းတွင် ဗလီ (၁) လုံးမှ (၇) လုံးအထိ ရှိပါသည်။ မောင်တောဒေသရှိ အခြေခံစီးပွားရေးလုပ်ငန်းများဖြစ်သော လယ်ယာလုပ်ငန်း၊ ရေလုပ်ငန်း၊ ငါးပုဇွန်မွေးမြူရေးလုပ်ငန်းတို့ကို မွတ်ဆလင်များကသာ အများစုပိုင်ဆိုင်လုပ်ကိုင် လျက်ရှိပါသည်။ ခရိုင်အတွင်းရှိ လယ်မြေဧက (၁.၆) သိန်းအနက် ဧက (၁.၃) သိန်း ခန့်ကို မွတ်ဆလင်များက လုပ်ကိုင်လျက်ရှိပါသည်။

ရခိုင်လူမျိုးများနှင့် ဘင်္ဂါလီလူမျိုးတို့အကြား ပဋိပက္ခဖြစ်ပွားမှုများအကျဉ်း

၇။    ရခိုင်လူမျိုးများနှင့်ဘင်္ဂါလီလူမျိုးတို့အကြား ပဋိပက္ခဖြစ်ပွားမှုအကျဉ်းမှာ အောက်ပါ     အတိုင်းဖြစ်ပါသည်-
(က)    ၁၉၄၂ ခုနှစ်၊ ပဋိပက္ခ။        ၁၉၄၂ ခုနှစ်တွင် ပါကစ္စတန်သို့ ရခိုင်ပြည်ထည့်သွင်း ရေး အစီအစဉ်ကြောင့် မောင်တောမြို့နယ်ရှိ ရခိုင်ရွာများအားလုံးဖျက်ဆီးခံခဲ့ရပြီး ရခိုင်လူမျိုး (၃၀,၀၀၀) ကျော်အသတ်ခံခဲ့ရပါသည်။
(ခ) ၁၉၈၈ခုနှစ်၊ပဋိပက္ခ။ ၁၉၈၈ခုနှစ်အရေးအခင်းကာလတွင် မောင်တောမြို့၌ အစိုးရ၏ အုပ်ချုပ်ရေးအားနည်းချက်ကို အခွင့်ကောင်းယူကာ ဘင်္ဂါလီအင်အား (၅၀၀၀၀) ခန့်က မောင်တောမြို့ကိုသိမ်းယူရန်ကြိုးစားခဲ့သော်လည်း ရဲနှင့်လုံထိန်း တပ်ရင်းတို့က ပြန်လည်ခုခံနိုင်ခဲ့ပါသည်။ မောင်တောမြို့နယ် မောရဝတီဘုန်းကြီး ကျောင်းသည် (၃) ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပါသည်။
(ဂ)    ၁၉၉၄ခုနှစ်၊ ပဋိပက္ခ။ ၁၉၉၄ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ RSO (Rohingya Solidarity Organization) (၈၀) ခန့်က ဗုံးခွဲတိုက်ခိုက်စီးနင်းဝင် ရောက်မှုများကြောင့် ရခိုင်တိုင်းရင်းသားအချို့ သေဆုံးကာ နေအိမ်များပျက်စီး ဆုံးရှုံးခဲ့ရပါသည်။
(ဃ)    ၂၀၁၂ခုနှစ်၊ ပဋိပက္ခ။ ၂၀၁၂ခုနှစ်၊ မေလနှင့်ဇွန်လများတွင် ရမ်းဗြဲမြို့နယ်နှင့် တောင်ကုတ်မြို့များ၌ဖြစ်ပွားခဲ့သော ပဋိပက္ခမှအစပြု၍ ရခိုင်ပြည်နယ်ရှိမြို့ရွာ ဒေသအများအပြားတွင် ရခိုင်နှင့်ဘင်္ဂါလီတို့ အခြေအနေများ ပိုမိုတင်းမာလာခဲ့ပြီး အဓိကရုဏ်းများ ဖြစ်ပွားကာ လူပေါင်း (၁၉၂) ဦးသေဆုံးခဲ့ပြီး၊ (၂၆၅) ဦး ဒဏ်ရာ ရရှိခဲ့ကာ၊ နေအိမ်ပေါင်း (၈၆၁၄) လုံးပျက်စီးဆုံးရှုံးခဲ့ပါသည်။  ယင်းအကြမ်း ဖက်မှုမှစ၍ မိတ္ထီလာ ခရိုင်အပါအဝင် မြို့နယ်အချို့သို့ အကြမ်းဖက်မှုများ ပျံ့နှံ့ခဲ့ ပါသည်။  နိုင်ငံတော်အနေဖြင့်လည်းနိုင်ငံတကာတွင် နားလည်မှုလွဲမှားခံရခြင်း များရှိခဲ့ပါသည်။
(င)  ၂၀၁၆ခုနှစ်၊ အကြမ်းဖက်ဖြစ်ပွားမှု။ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ၉ရက် နေ့တွင် ကျီးကန်းပြင်ဌာနချုပ်၊ ကိုးတန်ကောက်ကင်းစခန်းနှင့် ငါးခူရနယ်မြေရုံးများအား ဘင်္ဂါလီအကြမ်းဖက်သမားများက အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး တပ်မတော်သား (၉) ဦးကျဆုံးပြီး (၅) ဦး ဒဏ်ရာရရှိကာ (၁) ဦးပျောက်ဆုံးခဲ့ပါသည်။ လက်နက်မျိုးစုံ (၅၁) လက်၊ ကျည် မျိုးစုံအတောင့် ၁ဝ၁၄ဝတောင့်၊ လှံစွပ်တစ်ခု၊ ကျည်အိမ် (၂၈) ခုပျောက်ဆုံးခဲ့ပါသည်။ ဝင်ရောက်စီးနင်းတိုက်ခိုက်သူ (၈) ဦး၏အလောင်းရရှိကာ (၂) ဦးအရှင်ဖမ်းဆီး ရမိခဲ့ပြီး လုပ်သေနတ် ပစ္စတိုတစ်လက်၊ ၎င်းကျည်နှစ်တောင့်၊ ကျည်အိမ်တစ်ခု သိမ်းဆည်းရမိခဲ့ပါသည်။ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများက အကြမ်းဖက်သမားများ ခိုအောင်းနေထိုင်ရာဒေသများ တွင် နယ်မြေရှင်းလင်းမှုဆိုင်ရာ စစ်ဆင်ရေးများ ဆင်နွဲခဲ့ရပါသည်။ ယင်းအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်သည် RSO အကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်သော မောင်တော ဒေသတွင် လှုပ်ရှားသည့်   Aqa Mul Mujahidin (အကာလ်မူလ်မူဂျာဟီဒင်န်) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပါသည်။
(စ)    ၂၀၁၇ခုနှစ်၊ အကြမ်းဖက်ဖြစ်ပွားမှု။ ၂၀၁၇ခုနှစ်၊ သြဂုတ်လ၂၅ရက်နေ့တွင် မောင်တောခရိုင်အတွင်း အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများက ရဲကင်း၊ ရဲစခန်း (၃၀) အား တစ်ချိန်တည်း၊ တစ်ပြိုင်တည်းစတင်တိုက်ခိုက်ခြင်းဖြင့် ရခိုင် ပြည်နယ် မောင်တောခရိုင်တွင် အကြမ်းဖက်ဖြစ်စဉ်များ ထပ်မံဖြစ်ပွားခဲ့ပါသည်။ ရဲတပ်ဖွဲ့ဝင် (၈)ဦး ၊ ဒုလဝကမှူး (၁)ဦး စုစုပေါင်း( ၉)ဦး သေဆုံးခဲ့ရပြီး လက်နက် ငယ် (၆) လက် ၊ လက်ကိုင်ဆက်သွယ်ရေးစက် (၁) လုံး ဆုံးရှုံးခဲ့ပြီး လာရောက် တိုက်ခိုက်ခဲ့သည့် ARSA အစွန်းရောက်အကြမ်းဖက်သမား (၁၆) ဦး သေဆုံး ခဲ့သည်။ ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက ယင်းအကြမ်းဖက် တိုက်ခိုက်မှု အပေါ် ပြတ်သားစွာရှုတ်ချကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြ ပါသည်။ မစ္စတာကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ချိန်နှင့် အချိန်ကိုက်၍ ရည်ရွယ် ချက်ရှိစွာဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များ တွင် ပြုလုပ်ခဲ့သောအကြမ်းဖက်မှုများသည် နိုင်ငံတော်၏လုံခြုံရေးကို ဦးတည်၍ တိုက်ခိုက်လာခဲ့ပါသည်။

အစိုးရများအဆက်ဆက် နိုင်ငံခြားသားများကို စိစစ်ဆောင်ရွက်ခဲ့မှုများ

၈။    မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ၁၉၅၅ ခုနှစ်တွင် စစ်ရေးအရတိုက်ခိုက်လာမှု ကြောင့် မြန်မာ့တပ်မတော်က ဆင်ဖြူရှင်စစ်ဆင်ရေး၊ ၁၉၆၆ ခုနှစ်မှ ၁၉၇၄ ခုနှစ်အတွင်း မြတ်မွန် စစ်ဆင်ရေး၊ စံပယ်စစ်ဆင်ရေးများဖြင့် ဘင်္ဂါလီစာရင်းကောက်ယူမှု၊ စိစစ်မှုများ ပြုလုပ်ခဲ့ရပါ သည်။  ၁၉၇၈ ခုနှစ်တွင် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ နိုင်ငံခြား သားများနှင့် ပတ်သက်၍ နဂါးမင်းစစ်ဆင်ရေးဖြင့် စိစစ်မှုတစ်ရပ်ကို နယ်စပ်ဒေသများတွင်  ပြုလုပ်ခဲ့ရာ အခြားဒေသများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်း မရှိခဲ့သော်လည်း ရခိုင် ပြည်နယ်တွင်မူ ပြဿနာများ ဖြစ်ပွားခဲ့ပါသည်။ နဂါးမင်းစီမံချက်ကြောင့် ထွက်ပြေးသွားသည့် အိမ်ထောင်စုမှာ (၂၅,၉၀၅) စုဖြစ်ပြီး၊ လူဦးရေအားဖြင့် (၁၅၆,၆၃၀) ဦး သာဖြစ်ပါသည်။ ကုလသမဂ္ဂ၏ကြားဝင်ဖျန်ဖြေမှုကြောင့် နှစ်နိုင်ငံဆွေးနွေးပွဲများပြုလုပ်ပြီး ဟင်္သာစီမံချက်         ဖော်ဆောင်ကာ ပြန်လည်လက်ခံသည့် အရေအတွက်မှာ အိမ်ထောင်စုပေါင်း (၃၁,၅၀၅) စုဖြစ်ပြီး၊ လူဦးရေအားဖြင့် (၁၈၆,၉၆၈) ဦးဖြစ်ပါသည်။ ထို့ကြောင့် ဟင်္သာစီမံချက်အရ အိမ်ထောင်စု (၅,၆၀၃) စု၊ လူဦးရေအားဖြင့် (၃၀,၃၃၈) ဦး ပိုမိုလက်ခံခဲ့ရပါသည်။

၉။    လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံတွင် လွန်စွာများပြားနေပြီးဖြစ်သော နိုင်ငံခြားသား နှင့် သွေးနှောကိစ္စများကို ထိန်းကျောင်းနိုင်ရန်အတွက် နိုင်ငံကိုအုပ်ချုပ်ခဲ့သူများက ၁၉၄၈ခုနှစ်၊ မြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေနှင့် ၁၉၄၈ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ် ရေး) အက်ဥပဒေ နှစ်ရပ်ကိုပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။

၁၀။    ၁၉၄၈ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေပုဒ်မ ၅ တွင် နိုင်ငံခြားသား တစ်ဦးသည် နိုင်ငံသားပြုမှုလက်မှတ်ကို တင်ပြလျှောက်ထားနိုင်ပြီး ဝန်ကြီးကကျေနပ် လက်ခံ လျှင် နိုင်ငံသားပြုလက်မှတ်ကို ပေးအပ်နိုင်သည်ဟုဖော်ပြထားရှိပါသည်။ နိုင်ငံတော်အချုပ်အခြာ အာဏာအစိတ်အပိုင်းတစ်ရပ်ဖြစ်သော နိုင်ငံသားဖြစ်မှုခွင့်ပြုပေးခြင်း လုပ်ငန်းစဉ်ကြီးအပေါ်တွင် ဝန်ကြီးတစ်ဦး၏ ဆုံးဖြတ်ချက်ဖြင့်ခွင့်ပြုမိန့်ပေးခြင်းသည် အမျိုးသားအကျိုးစီးပွားကို စဉ်းစားရာတွင် အလွန်လွယ်ကူသည့်သဘောဖြစ်နေခြင်း၊ တိုင်းရင်းသားများ၏ ရေရှည်အကျိုးစီးပွားအတွက် အားနည်းချက်များရှိနေခြင်းတို့ကြောင့် နိုင်ငံသားဖြစ်မှုဥပဒေတစ်ရပ်ကို ပြင်ဆင်ပြဋ္ဌာန်းရန် အတွက် နဂါးမင်းစီမံချက်နှင့် ဟင်္သာစီမံချက်များအပြီးတွင် အားထုတ်ခဲ့ကြပါသည်။ ထို့နောက် ၁၉၈၂ ခုနှစ်တွင် နိုင်ငံသားဖြစ်မှုဥပဒေသစ်ကို ပြဋ္ဌာန်းကျင့်သုံးခဲ့ပါသည်။

၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ

၁၁။    ဤဥပဒေကို ၁၉၈၂ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ တင်ပြ၍ အတည်ပြုပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေတွင် အခန်း (၈) ခန်း၊ ပုဒ်မ ၇၆ ခု ပါဝင်ပြီး နိုင်ငံသားဆိုသည်မှာ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူဟူ၍ အမျိုးအစား (၃) မျိုးခွဲခြားပြထားပါသည်-
(က)    နိုင်ငံသား။    နိုင်ငံသားဆိုသည်မှာ မွေးရာပါနိုင်ငံသားနှင့် ဥပဒေအရ နိုင်ငံသား ဟူ၍ နှစ်မျိုးရှိပါသည်-
(၁)    မွေးရာပါနိုင်ငံသား။        ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ-၃ အရ နိုင်ငံတော်တွင်ပါဝင်သော နယ်မြေတစ်ခုခုတွင် မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ် သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ် သည်ဟု ပြဋ္ဌာန်းထားပါ သည်။
(၂)    ဥပဒေအရ နိုင်ငံသား။        ဥပဒေအရနိုင်ငံသား ဆိုသည်မှာ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှုအက်ဥပဒေ အရသော်လည်းကောင်း၊ ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး) အက်ဥပဒေ အရသော်လည်းကောင်း ရွေးချယ်လျှောက်ထားမှုကြောင့် မြန်မာနိုင်ငံသား ဥပဒေအာဏာတည်သည့် ၁၉၈၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မတိုင်မီ နိုင်ငံသားဖြစ်လာသူများသည် မွေးရာပါနိုင်ငံသား မဟုတ်သော်လည်း ဥပဒေအရ နိုင်ငံသားဖြစ်လာကြသူများဖြစ်ကြောင်း ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသား ဥပဒေပုဒ်မ ( ၆ ) တွင် ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။ သို့ရာတွင် ထိုသူများသည် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ ပုဒ်မ - ၁၈ ပါ ပြဋ္ဌာန်း ချက်နှင့် ငြိစွန်းလျှင် ယင်းပုဒ်မအရ အရေးယူခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားပါသည်။
(ခ)    ဧည့်နိုင်ငံသား။    ဧည့်နိုင်ငံသားကို အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်-
(၁)    ၁၉၄၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေအရ နိုင်ငံသားအဖြစ် လျှောက်ထားခဲ့ပြီး ခွင့်ပြုရန်ကျန်ရှိသူများ၊
(၂)    ဧည့်နိုင်ငံသားဖြစ်သော မိဘနှစ်ပါးတို့မှ မွေးဖွားသူများတို့ဖြစ်ပါသည်။
(ဂ)    နိုင်ငံသားပြုခွင့်ရသူများ။        နိုင်ငံသားပြုခွင့်ရသူများကို အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်-
(၁)    ၄-၁-၁၉၄၈ ရက်နေ့ မတိုင်မီ နိုင်ငံတော်အတွင်း၌ ရောက်ရှိနေထိုင်သူများနှင့် ၎င်းတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသူများတို့ဖြစ်ကြပါသည်။
(၂) ဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်း၌ဖြစ်စေ၊ နိုင်ငံတော် ပြင်ပ၌ ဖြစ်စေ နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားသူများ၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊ နိုင်ငံသားပြုခွင့် ရသူမိဘနှစ်ပါးမှ မွေးဖွားသူများနှင့် နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများသည်နိုင်ငံသား ပြုခွင့်ရရန် လျှောက်ထားနိုင် ပါသည်။
(၃)    နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့်        အိမ်ထောင်ကျခဲ့သော ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်သူတို့ ဖြစ်ကြပါသည်။

White Card (ယာယီသက်သေခံလက်မှတ်)

၁၂။    မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းချက်နှင့်အညီ စိစစ်ဆောင်ရွက်ရန် လိုအပ်မည့်သူများအား ၁၉၉၅ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့မှ ထုတ်ပေးခဲ့ခြင်းဖြစ်ပါသည်။  White Card (ယာယီသက်သေခံလက်မှတ်) ကိုင်ဆောင်သူများသည် ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်အခွင့်အရေး ရရှိပါ သည်။  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ ပုဒ်မ ၁၁ ပုဒ်မခွဲ (က) တွင် ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူများ မဲပေးခွင့်ရှိကြောင်းပြဋ္ဌာန်းခဲ့ပါသည်။ ယာယီ သက်သေခံလက်မှတ်ကိုင်ဆောင်သူများကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများ အဖြစ် ပြဋ္ဌာန်းခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိသောကြောင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဥပဒေ၊ ပုဒ်မ ၁၁ ပုဒ်မခွဲ (က) တွင် ယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူများဆိုသည့် စကားရပ်အားပယ်ဖျက်ပြီးပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်သူ့လွှတ်တော်သို့  ၂၀၁၅ ခုနှစ်၊ မေလ ၂၀ ရက်နေ့ တွင် တင်သွင်းခဲ့ရာ ၂၀၁၅ ခုနှစ်၊ မေလ ၂၈ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ ယင်းဥပဒေ ကြမ်းအား ပြင်ဆင်ချက်မရှိအတည်ပြုခဲ့ပါသည်။  ထို့ကြောင့် White Card (ယာယီသက်သေခံ လက်မှတ်) ကိုင်ဆောင်ခွင့်သည် ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့ သောကြောင့် ကိုင်ဆောင်သူများသည် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံ တင်ဦးစီးဌာနရုံးသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံ ကတ်ပြား NVC (National Verification Cards) ရရှိရေး ဆက်လက်လျှောက်ထားရပါ မည်။

NVC (National Verification Cards)

၁၃။    NV Card (National Verification Cards) သည် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြားဖြစ်ပြီး နိုင်ငံသားဖြစ်မှုလျှောက်ထားခြင်းအတွက် ကြိုတင်ပြင်ဆင်မှုပြုသည့် အဆင့်တစ်ခု ဖြစ်ပါသည်။ NVC (National Verification Cards) ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ NVC (National Verification Cards) ကိုအခြေခံပြီး စိစစ်ကာ နောက်ပိုင်းတွင် နိုင်ငံသားတစ်ယောက်ဖြစ်ခွင့်ရှိလျှင် နိုင်ငံသားဖြစ်ခွင့်ရနိုင်ရန်ဖြစ်ပါသည်။ အသိ အမှတ်ပြုခံရသူများသည် ခရီးသွားပုံစံ (၄) အားဖြည့်ပြီး ၊ စာရွက်စာတမ်းအထောက်အထားများ ခိုင်လုံမှသာလျှင် ချမှတ်ထားသော လုပ်ငန်းစဉ်အတိုင်း မြို့နယ်၊ ခရိုင်၊ ပြည်နယ်မှတစ်ဆင့် ဗဟို အဆင့်ကစိစစ်ပြီး ရသင့်ရထိုက်သော ဥပဒေနှင့်အညီ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့် ရသူဟူ၍ ခွဲခြားပေးမည်ဖြစ်ပါသည်။ NV Card (National Verification Cards) နိုင်ငံသား စိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် (၆) ဦးဖြင့် နိုင်ငံတော်သမ္မတရုံးအမိန့်ကြော်ငြာစာအမှတ် ၂၁/၂၀၁၇ ဖြင့် ဖွဲ့စည်းခဲ့ပါသည်။

NVC (National Verification Cards) ကိုင်ဆောင်သူများ ရရှိနိုင်မည့်အခွင့်အရေး

၁၄။    NVC (National Verification Cards) ကိုင်ဆောင်သူများ ရရှိနိုင်မည့်အခွင့်အရေးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က)    NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်းနေထိုင်သူအဖြစ် မှတ်ပုံ တင်ထားရှိပြီးဖြစ်၍ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအောက်တွင် နေထိုင်သူ များဖြစ်ကြောင်း ယင်းကတ်ပြားဖြင့် သက်သေခံနိုင်ပါသည်။
(ခ)    NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှု ခံယူရန် လျှောက်ထားပိုင်ခွင့်ရှိသည်။ သို့သော် နိုင်ငံသားစိစစ်မှုခံယူနေစဉ် အတွင်း NV Card ကိုင်ဆောင်ထားရှိရန် လိုအပ်ပါသည်။
(ဂ)    လျှောက်ထားလာသူအား မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဟုတ်/မဟုတ် အဆုံးအဖြတ်ပေးရမည်။ ဆုံးဖြတ်ပေးသည့်  နိုင်ငံသားအဆင့်အတန်းနှင့်အညီ ဥပဒေအရ သတ်မှတ်ထားသော အခွင့်အရေး များ ရရှိမည်ဖြစ်ပါသည်။
(ဃ)    NV Card ကိုင်ဆောင်သူ မိဘများမှ မွေးဖွားလာသော သားသမီးများသည်လည်း မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်မှုခံယူရန် လျှောက်ထားပိုင်ခွင့် ရှိပါသည်။
(င)    NV Card ကိုင်ဆောင်သူသည် မြန်မာနိုင်ငံအတွင်း မည်သည့်အရပ်ဒေသကို မဆို သွားလာလိုပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ထားသော ဒေသန္တရအမိန်၊ ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့်ရရှိမည် ဖြစ်ပါသည်။
(စ)    ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်ထားသူများသည် တရားဝင် ဖွင့်လှစ်ထားသော နယ်စပ်ဝင်/ထွက်ဂိတ်မှ တစ်ဆင့် BP လက်မှတ်ဖြင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင်နယ်စပ်ဖြတ်ကျော်၍ ဝင်ထွက်သွားလာခွင့်ရှိသည်။
(ဆ)     ရခိုင်ပြည်နယ်အတွင်းရှိ NV Card ကိုင်ဆောင်သူများသည် မိမိနေထိုင်ရာမြို့နယ် အတွင်း လွတ်လွပ်စွာ ခရီးသွားလာခွင့်ရှိသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ထားသော ဒေသန္တရအမိန့်နှင့် ညွှန်ကြားချက်များနှင့်အညီ ခရီးသွားလာခွင့် ရရှိမည် ဖြစ်ပါသည်။ 

(၂၀၁၁-၂၀၁၅) ခုနှစ် အစိုးရ၏နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဆောင်ရွက်ချက်များ

၁၅။    ၂၀၁၄ ခုနှစ်တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို မြေပုံမြို့နယ်၌ ရှေ့ပြေးစမ်းသပ် လုပ်ကိုင်သည့်ပုံစံဖြင့် စတင်ဆောင်ရွက်ခဲ့ပါသည်။ ယာယီနေထိုင်ခွင့်ကတ်ပြား ကိုင်ဆောင်သူများ အား လူမျိုးနေရာတွင် ဘင်္ဂါလီဟူသော ဖော်ပြချက်ဖြင့် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားခြင်းကို ခွင့်ပြုခဲ့ပါသည်။ နှစ်ဖက်လူ့အဖွဲ့အစည်းများ၏ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ထိုစိစစ်ရေး လုပ်ငန်းစဉ်ကို ရပ်ဆိုင်းခဲ့သော်လည်း ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ် နေရာဒေသ အားလုံး၌ ပြန်လည်စတင်တိုးချဲ့ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပါ ယာယီနေထိုင်ခွင့်ကတ်ပြားများကို ပယ်ဖျက်ခဲ့ပြီးနောက် ယင်းယာယီနေထိုင့်ခွင့် ကတ်ပြားအစား နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (Identity Card of National Verification-ICNV) များကို ၂၀၁၅ ခုနှစ် ဇွန်လတွင် အစားထိုးထုတ်ဝေခဲ့ပါသည်။ ICNV လျှောက်ထား သူများသည် လျှောက်လွှာတွင် ဘင်္ဂါလီဟူသော အသုံးအနှုန်းကိုဖော်ပြ၍ မှတ်ပုံတင်ကြရပါ သည်။    

နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များ

၁၆။    လက်ရှိအစိုးရတာဝန်ယူသည့် ကာလအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးမှုများ ရရှိသည်နည်းတူ ရခိုင်ပြည်နယ်ကိစ္စတွင်လည်း ရေရှည်တည်တံ့နိုင်သည့် အဖြေ တစ်ခုရရှိရန် အောက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါသည်-
(က)    လက်ရှိအစိုးရ၏ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် ။         ၂ဝ၁၇ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ဝန်ကြီးအဆင့်များ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး နှစ်လပြည့်မြောက်သည့်နေ့ တွင် ပြန်လည်လက်ခံရေးလုပ်ငန်းကို စတင်ခဲ့ပါသည်။ ပြန်လည်လက်ခံရေး အဓိကစံနှုန်းများမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့တွင် နှစ်နိုင်ငံလက်မှတ် ရေးထိုးထားသည့် မူဘောင်များနှင့်အညီ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်နေထိုင်ခဲ့ ကြောင်းအထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ရမည်ဖြစ်ပါသည်။ ပထမအချက် မှာ ယခင်ကထုတ်ပေးထားသည့် ဝှိုက်ကတ်၊ နောက်ပိုင်းတွင် ထုတ်ပေးထားသည့် အင်န်ဗွီကတ်တစ်မျိုးမျိုး ရှိရမည်ဖြစ်ပါသည်။ ပုံစံ ၁ဝ ကဲ့သို့ မိသားစုစာရင်းဝင် အထောက်အထားများ ရှိရမည်ဖြစ်သည်။ ဒုတိယအချက်မှာ မိဘကွဲပြီးတစ်ဖက် နိုင်ငံသို့ရောက်ရှိသွားသည့် ကလေးများအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးမှ ထောက်ခံတင်ပြပေးမှုဖြစ်သည်။ တတိယအချက်မှာ အကြောင်းအမျိုးမျိုးကြောင့် ကွယ်လွန်သွားသည့် မိဘမဲ့ကလေးများသည် ၎င်းတို့၏ မိဘများ ယခင်ကာလတွင် မြန်မာနိုင်ငံ၌ နေထိုင်ခဲ့ကြောင်း အထောက်အထားပြနိုင်ရမည် ဖြစ်ပါသည်။ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်အား ပထမအဆင့်အနေဖြင့် သက်သေခံကတ်၊ ဒုတိယအဆင့် အနေဖြင့် ၁၉၈၂ခုနှစ်နိုင်ငံသားဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ခ)    ယာယီစခန်းများတည်ဆောက်ထားရှိမှု။    ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူ များ ပြန်လည်လက်ခံရေးအတွက် ကုန်းလမ်းမှ ပြန်လည်ဝင်ရောက်လာသူများ အား တောင်ပြိုလက်ဝဲယာယီလက်ခံရေးစခန်းတွင် လက်ခံမည်ဖြစ်ပြီး ရေလမ်းမှ ပြန်လည်ဝင်ရောက်လာသူများအတွက် ငါးခူရယာယီလက်ခံရေးစခန်းနှင့် ကြားစခန်း အဖြစ် လှဖိုးခေါင်စခန်းကို အသုံးပြုဆောင်ရွက် သွားမည်ဖြစ်ပါသည်။ ဘင်္ဂလားဒေ့ရှ်ဘက် ၌လည်း ကြားစခန်း(၅) ခုအသုံးပြုဆောင်ရွက်သွားမည် ဖြစ်ပါသည်။
(၁)    လှဖိုးခေါင် ယာယီလက်ခံရေးစခန်း။        လှဖိုးခေါင်ယာယီ လက်ခံရေး စခန်းသည် မောင်တောမြို့နယ် လှဖိုးခေါင်ကျေးရွာတွင်တည်ရှိပါသည်။ ဧရိယာအကျယ်အဝန်းမှာ (၁၂၄ ဒသမ ၈၄ ဧက) ရှိပြီး အဆောက်အဦး အမျိုးအစားမှာ အိမ်တစ်လုံးလျှင် ရှစ်ခန်းတွဲပါ အိမ်အမျိုးအစား ဖြစ်ပါ သည်။ အဆောက်အဦပေါင်း (၆၄၀) လုံး ပါဝင်ပြီး လူဦးရေ (၃၀၀၀၀) ကျော်ကို လက်ခံနိုင်မည်ဖြစ်ပါသည်။ ထို့ပြင်စခန်း၌ ပြန်လည်လက်ခံမည့် သူများ တည်းခိုနေထိုင်ရေး၊ စားသောက်ရေး၊ သောက်သုံးရေနှင့် လျှပ်စစ် မီးရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးတို့အတွက် ကြိုတင်စီမံ ထားရှိပြီး လိုအပ်လာပါက အရေးပေါ်ဖြည့်ဆည်းပေးနိုင်ရန် UEHRD ၏ အစီ အစဉ်ဖြင့် ရွက်ဖျင်တဲ (၅၀၀) ကျော်ကိုလည်း အရံအစီအစဉ်အနေဖြင့် ကြိုတင်စီမံထားရှိကြောင်း သိရပါသည်။
(၂)    ငါးခူရယာယီ လက်ခံရေးစခန်းနှင့် တောင်ပြိုလက်ဝဲယာယီစခန်း။ ငါးခူရယာယီလက်ခံရေးစခန်းတွင် လက်ခံရမည့်စာရင်းဖြင့်ပါလာသူများ အား မှန်ကန်မှု ရှိ၊မရှိ တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေးပြီး မှန်ကန် သောအခါ ၎င်းတို့ထံမှ စာရင်းဇယားအချက်အလက် ကောက်ယူပြီး မှတ်တမ်းတင်ခြင်း၊ မိသားစုဓာတ်ပုံရိုက်ခြင်း၊ Biometric အချက်အလက် များ ကောက်ယူခြင်း ၊ ကောက်ယူပြီးသောအခါ National Verification Process အရ NV Card ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ် ပါသည်။ NV Card ရရှိပါက မြန်မာနိုင်ငံအတွင်းတွင် နိုင်ငံသားဖြစ်၊ မဖြစ်ကိုစိစစ်ခံယူပြီး မြန်မာနိုင်ငံသားအဖြစ်ကိုရရှိလိုလျှင် မြန်မာနိုင်ငံ သားဥပဒေအရ လျှောက်ထားဆောင်ရွက်ရမည်ဖြစ်ပါသည်။ အသက် ၁၂ နှစ်အထက် အမျိုးသား၊ အမျိုးသမီးနှစ်ပိုင်းခွဲပြီး ထောက်ပံ့သွားမည် ဖြစ်ပြီး အိမ်ထောင်စုအနေဖြင့် အမျိုးသား (၁ဝဝဝ)၊ အမျိုးသမီး (၁ဝဝဝ) အတွက် အဆင်သင့်ပြင်ဆင်ထားပြီးပါသည်။ လျှပ်စစ်မီးရရှိရေးအတွက် လည်း စီစဉ်ထားရှိပါသည်။ မောင်တောဒေသ၊ တောင်ပြိုလက်ဝဲယာယီ လက်ခံရေးစခန်းတွင် ပြန်လည်ဝင်ရောက်လာမည့်သူများအတွက် ပြန်လည် ဝင်ရောက်သည့်အခါ အမျိုးသား၊ အမျိုးသမီးအလိုက် အဝတ်အထည်များ၊ စောင်၊ လူသုံးကုန်ပစ္စည်းများ၊ စားဖိုဆောင်သုံးပစ္စည်းများ စီစဉ်ထားရှိပြီး အရေးပေါ်နေရာလိုအပ်လာပါက ယာယီတဲထိုးနိုင်ရန်အတွက် ယာယီတဲ များ အဆင်သင့် စီစဉ်ထားရှိပါသည်။
(ဂ)    ဒုက္ခသည်စခန်းများပိတ်သိမ်းရေးဆောင်ရွက်ချက်များ။        ရခိုင်ပြည်နယ်တွင် ဒုက္ခသည်စခန်းပေါင်း (၁၆) ခု၊ လူဦးရေ ၅ ထောင်ဝန်းကျင်ရှိပြီး ဒုက္ခသည်များ ၏ သဘောတူညီချက်ဖြင့် စခန်းများပိတ်သိမ်းနိုင်ရေး နိုင်ငံတော်အစိုးရမှ ဆောင်ရွက် လျက်ရှိပါသည်။ ကျောက်တော်မြို့နယ်ရှိ နိဒင်ကျေးရွာမှ မွတ်စလင်ဒုက္ခသည် အိမ်ထောင်စု (၈၅) စု လူဦးရေ (၅၀၀) ကျော်ကို အပြီးသတ် ပြောင်းရွှေ့နေရာချ ထားပြီးဖြစ်ပါသည်။ ထို့ပြင် အိမ်ထောင်စု (၆၄၀) ကျော် လူဦးရေ (၃၀၀၀) ကျော်ရှိသော မြေပုံမြို့တောင်ပေါ်ကယ်ဆယ်ရေးစခန်းကို ပိတ်သိမ်းရန် အတွက်  လုံးချင်းနေအိမ်များကို ဆောက်လုပ်ပေးလျက်ရှိပြီး လက်ရှိအချိန်အထိ နေအိမ် အလုံး (၁၀၀) ကို ဆောက်လုပ်ပြီးစီး၍ ဒုက္ခသည်မိသားစုများ ပြောင်းရွှေ့နေထိုင် နေကြပြီးဖြစ်ပါသည်။ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများ အားလုံးကို ပိတ်သိမ်း နိုင်ရန်အတွက် စခန်းတွင်နေထိုင်သူများနှင့် ဆွေးနွေး၍ ပြန်လည်နေရာချထား ရေးဆိုင်ရာလုပ်ငန်းများကို  စိစဉ်ဆောင်ရွက်လျက်ရှိပါသည်။  
(ဃ)    နိုင်ငံသားဖြစ်မှုဆောင်ရွက်ခြင်း။        လက်ရှိအစိုးရစတင် တာဝန်ယူသည်မှ စ၍ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဖြင့် စိစစ်မှုခံယူရန် လျှောက်ထားသော အစ္စလာမ်ဘာသာဝင်များအား တည်ဆဲဥပဒေများနှင့်အညီ အောက်ပါအတိုင်းစိစစ် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်-

ပြန်လည်လက်ခံရေးအတွက် မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ချက်များ

၁၇။    ပြန်လည်လက်ခံရေးအတွက် နှစ်နိုင်ငံအကြား သဘောတူညီထားသည့် အစီအစဉ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သည့် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့နှင့် ကော့ဘဇားမြို့များသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်သူဦးဆောင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် မေလ ၁၇ ရက်နေ့ တွင် ဒါကာမြို့သို့လည်းကောင်း သွားရောက်ခဲ့ကြပြီး ပြန်လည်လက်ခံရေးဆောင်ရွက်ထားရှိမှု အစီအစဉ်များကို အသိပေးပြောကြားခဲ့ပါသည်။

၁၈။    နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ ဖိတ်ကြားချက်အရ ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး မစ္စတာအဘူလ်ဟတ် ဆန်မာမွတ်အလီခေါင်းဆောင်သော ဘင်္ဂလားဒေ့ရှ်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်မှ ၂၃ ရက်တို့၌လည်းကောင်း၊ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၀ ရက်မှ ၁၃ ရက်နေ့ အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။  နေရပ်စွန့်ခွာသွားသူများနှင့်စပ်လျဉ်း၍ ဆောင်ရွက် မည့်အစီအစဉ်အား အကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး အောက်ဖော်ပြပါ အချက်များ သဘောတူညီခဲ့ပါသည်-
(က)  မကြာသေးမီက ကော့(ဇ်)ဘဇားသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ရခိုင်ဒေသမှ နေရပ်စွန့်ခွာသွားကြသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်နိုင်ရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် မိမိဆန္ဒအလျောက် လုံခြုံစိတ်ချစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရမည် ဖြစ်ပါသည်။ သို့ဖြစ်၍ နှစ်နိုင်ငံဝန်ကြီးများအကြား ပြန်လည်လက်ခံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးရာတွင် အဆင်ပြေချောမွေ့ စေရေးအတွက် တိုက်ရိုက်အဆက်အသွယ်ပြုနိုင်မည့် HOTLINE တစ်ခု ထူထောင်ထားပြီးဖြစ်ပါသည်။
(ခ)    နှစ်နိုင်ငံအကြား သဘောတူထားသည့် စိစစ်ရေးပုံစံ (VERIFICATION FORMS) များကို ကော့(ဇ်)ဘဇားတွင် ရောက်ရှိနေသည့် နေရပ်စွန့်ခွာသွားသူ များထံဖြန့်ဝေရေးနှင့် ပုံစံများကို ၎င်းတို့ကိုယ်တိုင် ဖြည့်စွက်နိုင်ရန် သဘောတူညီခဲ့ ပါသည်။ ထို့ပြင် မြန်မာအစိုးရအနေဖြင့် စိစစ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန်နှင့် နေရပ်စွန့်ခွာသွားသူများသည် ၎င်းတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုခြင်းဖြစ်ကြောင်းအား သက်သေပြနိုင်မည့် ပြန်လည်ဝင်ရောက် လိုသူ၏လက်မှတ်၊ လက်ဗွေနှင့် ဓါတ်ပုံများအား ပုံစံများတွင် ထည့်သွင်းဖြည့်စွက် သွားစေရန်အတွက်လည်းနှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။
(ဂ)  ပြန်လည်လက်ခံရေးအစီအစဉ်တွင် သဘောတူထားသည့်အတိုင်း မြန်မာအစိုးရ အနေဖြင့် ယာယီလက်ခံရေးစခန်း(၂)ခုနှင့် ကြားစခန်း (၁)ခု ဖွင့်လှစ်ထားပြီးဖြစ် ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ဆောင်ရွက်ရန်သဘောတူထားသည့် ယာယီ စခန်း(၅)ခုအနက် စခန်း (၁) ခုအား ဆောက်လုပ်ပြီးဖြစ်ကြောင်း၊ ယာယီစခန်း (၁) ခုမှာ ဆောက်လုပ်ဆဲဖြစ်ကြောင်း၊ ယာယီစခန်း (၃) ခုမှာ ဆောက်လုပ်ရန် ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။
(ဃ)   အကြမ်းဖက်မှုနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု အရှိန် မြှင့်တင်ဆောင်ရွက်သွားရန်အတွက် သတင်းများအပြန်အလှန်ဖလှယ်ရေး၊ နှစ် နိုင်ငံနယ်စပ် လုံခြုံရေးအတွက် တာဝန်ရှိသူများအကြား နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးတို့ကို နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။
(င)    မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာ နယ်နိမိတ်တွင် နေထိုင်လျက် ရှိသူများ၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာနိုင်ငံပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြား နေထိုင်နေသူများအား ပြန်လည်လက်ခံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြုလုပ်သွား ရန် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။
(စ)    ထို့ပြင် အဆိုပါ မြန်မာပိုင်နက်နယ်မြေပေါ်တွင်နေထိုင်နေသူများအား လူသားချင်း စာနာထောက်ထားမှုပစ္စည်းများ ထောက်ပံ့ပေးသည့်ကိစ္စအား မြန်မာနိုင်ငံဘက်ရှိ အထောက်အပံ့ပေးရေးဆိုင်ရာ အဖွဲ့အစည်းများမှ ဆောင်ရွက်သွားရန်အတွက် နှစ်နိုင်ငံအကြား သဘောတူညီခဲ့ပါသည်။
(ဆ) မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသွားသူများအား ထုတ်ပေးထားသည့် သက်သေခံလက်မှတ်များအပေါ်တွင် အသုံးပြုထားသည့် အသုံးအနှုန်းအား ပြန်လည်ပြင်ဆင် ပေးရန်အတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှ သဘောတူညီ ခဲ့ပါသည်။
(ဇ)    နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင် ဘီပီ-၃၄ နှင့် ဘီပီ-၃၅ အကြားရှိ နယ်စပ်မျဉ်းအား နှစ်နိုင်ငံ ပူးတွဲစစ်ဆေးမှုတစ်ရပ်ပြုလုပ်ရန် နှစ်နိုင်ငံအကြားသဘောတူညီခဲ့ပါသည်။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စအား ဖြေရှင်းရာတွင် အိမ်နီးချင်း ကောင်းပီသစွာဖြင့် နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံ အကြား စီးပွားရေးနှင့်ကုန်စည်ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ပါသည်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်တွင်စိစစ်ထားရှိမှုအခြေအနေ

၁၉။    ပြန်လည်စိစစ်လွှဲပြောင်းရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် ပထမဆုံး အသုတ်အနေဖြင့် ဟိန္ဒူဘာသာဝင် (၅၀၈) ဦးနှင့် အစ္စလာမ်ဘာသာဝင် (၇၅ဝ) ဦးတို့၏ အချက် အလက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ ဟိန္ဒူဘာသာဝင် (၅၀၈) ဦးမှာ ၎င်းတို့၏ ဆန္ဒအလျောက်ပြန်လာသောကြောင့် ဟိန္ဒူဘာသာရေးခေါင်းဆောင်များမှ တစ်ဆင့် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ခြင်းဖြစ်ပါသည်။ ဤသို့ကနဦး (၁၂၅၈)ဦး အမည်စာရင်းနှင့် အချက်အလက်များပေးအပ်ခဲ့ခြင်းမှာ ပြန်လည်စိစစ်လက်ခံရေးလုပ်ငန်းစဉ်များ အဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံဘက်မှစတင်၍ အဆိုပြုခဲ့ခြင်းဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပထမအသုတ်အနေဖြင့် ပြန်လည်လွှဲပြောင်းပေးမည့် အစ္စလာမ်ဘာသာဝင်အိမ်ထောင်စု (၁၆၃၇) စု၊ လူဦးရေ (၈၀၃၂) ဦး၏ အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ Physical Arrangement အရနှစ်ဖက်သဘောတူထားသည့် ပုံစံများ မဟုတ်ဘဲ အဓိကအချက်များမပါရှိသည့်အပြင် အချက်အလက်များစုံလင်ခြင်းမရှိသည့်အတွက် ယင်း (၈၀၃၂) ဦး၏ ကိုယ်ရေးအချက်အလက်များမှာ စိစစ်ရန်ခက်ခဲနေသဖြင့် သတ်မှတ်ပုံစံ အတိုင်း အချက်အလက်များပြည့်စုံစွာ ပြန်လည်ပေးပို့ရန် မြန်မာနိုင်ငံဘက်မှ အကြောင်းကြားခဲ့ ပါသည်။
၂၀။    နှစ်နိုင်ငံအကြားသဘောတူညီထားသော သတ်မှတ်ပုံစံမဟုတ်သည့် (၈၀၃၂) ဦးအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက မြန်မာ-ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက် (Agreement on Return of Displaced Persons from Rakhine State) အောင်မြင်စေရန် အချက်အလက်များ မှန်ကန်မှု ရှိမရှိ စစ်ဆေးခဲ့ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသည့် အစ္စလာမ်ဘာသာဝင် (၈၀၃၂) ဦး အနက် (၃၆၃) ဦးသာ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ရသဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည်၍ အသိပေးအကြောင်းကြားခဲ့သည်။
၂၁။    စိစစ်မှုများ ဆက်လက်ဆောင်ရွက်ရာတွင် မတ်လ ၁၉ ရက်အထိ ထပ်တိုး (၁၉၃) ဦး ဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်မှ ပေးပို့လာသော (၈၀၃၂) ဦးအနက် မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သည်ဟု စိစစ်ရရှိသူ စုစုပေါင်း (၅၅၆) ဦးအထိ ရရှိလာခဲ့ပြီဖြစ်ပါသည်။ စိစစ်ရရှိသူ (၅၅၆) ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က လွှဲပြောင်းလာလျှင် ပြန်လည်စိစစ်လွှဲပြောင်းလက်ခံနိုင်ရန် အသင့် ပြင်ဆင်ထားရှိပြီဖြစ်ကြောင်း သိရှိပြီးဖြစ်ပါသည်။  လက်ရှိအချိန်တွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ တရားဝင်ပြန်ရောက်လာသူ တစ်ဦးမှမရှိသေးဘဲ မိမိဆန္ဒအလျောက် ပြန်ရောက်လာသူ (၁၅၉) ဦး အား တရားဝင်အနေဖြင့် နှစ်နိုင်ငံသဘောတူညီချက်အရ လွှဲပြောင်းပေးခြင်းမဟုတ်ဘဲ ၎င်းတို့ ဆန္ဒအလျောက် ရောက်ရှိလာခြင်းဖြစ်ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ညှိနှိုင်းပူးတွဲ၍ လှည့်ကင်းဆောင်ရွက်ခြင်း

၂၂။    အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင်မှုမရှိစေရန်အတွက် လှည့်ကင်းများဖြင့် စိုးမိုး ခြင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များဖြင့် နယ်စပ်ခြံစည်းရိုးတလျှောက်ကင်းစခန်းများ၊ တပ်မတော် အနေဖြင့်လည်း စစ်ကြောင်းများဖြင့် လုံခြုံရေးဆောင်ရွက်ခြင်းများအပြင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကင်းလှည့်ခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါသည်။
၂၃။    မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မြန်မာနိုင်ငံနယ်ခြားစောင့် ရဲတပ်ဖွဲ့ BGP နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ BGB တို့ ပူးပေါင်း၍ ကုန်းမြေနယ်နိမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် (၁၄) ကြိမ်၊ မတ်လတွင် (၇) ကြိမ်၊ မေလတွင် (၁၆) ကြိမ်၊ ဇွန်လ တွင် (၁၈) ကြိမ်၊ ဇူလိုင်လတွင် (၈) ကြိမ် စုစုပေါင်း (၆၃) ကြိမ်နှင့် ရေကြောင်းကင်းလှည့်ခြင်းကို နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၁၀) ကြိမ်ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များနှင့် ဘတ်ဂျက်သုံးစွဲမှု

၂၄။    ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘတ်ဂျက်တိုးမြှင့်သုံးစွဲ၍ ပညာရေး၊ ကျန်းမာ ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးနှင့် စိုက်ပျိုးရေးစသည့် ကဏ္ဍတိုင်း ဖွံ့ဖြိုးတိုးတက် ရေးကို နိုင်ငံတော်အစိုးရမှကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်-
(က)    ပညာရေး။    အကြမ်းဖက်မှုဖြစ်စဉ်ကြောင့် ပိတ်ခဲ့ရသောကျောင်း ၄၂၄ ကျောင်း အနက် ၂၀၁၈ ဇန်နဝါရီလအထိ စုစုပေါင်း (၃၂၃) ကျောင်းဖွင့်လှစ်ပြီးဖြစ်ပါသည်။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ရခိုင်ပြည်နယ် ပညာရေးကဏ္ဍာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်  အသုံးစရိတ်စုစုပေါင်း(၁၀၅၃၆၂ ဒဿမ ၉၆၃သန်း) ရင်းနှီးမြှုပ်နှံသုံးစွဲခဲ့ ပါသည်။ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက်ဆောက်လုပ်ရေး ငွေလုံးငွေရင်း အသုံးစရိတ် များတွင် ရခိုင်ပြည်နယ် ပညာရေးကဏ္ဍအသုံးစရိတ်သည် ပညာရေးဝန်ကြီးဌာန အသုံးစရိတ်စုစုပေါင်း၏ (၈) ရာခိုင်နှုန်းရှိပြီး ပြည်နယ်များတွင် အများဆုံးဖြစ်ပါ သည်။  အခြေခံပညာအဆင့်တွင် ပြုပြင်မွမ်းမံခြင်းများအပြင် အထက်တန်း ကျောင်း (၂၁) ကျောင်း၊ အလယ်တန်းကျောင်း (၇၂) ကျောင်း၊ မူလတန်းလွန် ကျောင်း ၁၄ ကျောင်း တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပါသည်။
(ခ)    ကျန်းမာရေး။        ကျန်းမာရေးကဏ္ဍအနေဖြင့် စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံ အား ခုတင် (၂၀၀) ဆံ့ ဆေးရုံမှ ခုတင် (၅၀၀) ဆံ့သို့ အဆင့်တိုးမြှင့်ခြင်း၊ ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံကြီးအား ခုံတင် (၁၀၀) ဆံ့မှ (၂၀၀) ဆံ့သို့ အဆင့်တိုးမြှင့်ခြင်း၊ ပြည်နယ်အတွင်းမှ (၂၅) ခုတင်ဆံ့ ပြည်သူ့ဆေးရုံ (၆) ရုံအား ခုတင် (၅၀) ဆံ့သို့လည်းကောင်း၊ ထို့အပြင် (၁၆) ခုတင်ဆံ့ ဆေးရုံ (၁၁) ရုံကို လည်း အသစ်ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင် ရွက်ရန်အတွက် သားဖွားဆရာမ (၁၃၆) ဦးကို ခန့်ထားပေးခဲ့ပါသည်။
(ဂ)    လမ်းပန်းဆက်သွယ်ရေး။    ဖွံ့ဖြိုးတိုးတက်ရန်အတွက် လမ်းပန်းဆက်သွယ်ရေး သည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက်  ပြည်ထောင်စုနှင့် ပြည်နယ်ရန်ပုံငွေကျပ် (၆၁၂၂၂.၉၂၅ သန်း) ဖြင့် ကွန်ကရစ်လမ်း ၄၉/၄ မိုင်၊ အမာခံလမ်း ၄/၁ မိုင်၊ ကျောက်စီမြေထိန်းနံရံ ပေ ၂၂၅၆၀၊ ပေ ၈၀ အထက် တံတား ၁၂ စင်း၊ ပေ ၈၀ အောက် တံတား ၁၆၆ စင်း အပြင် စစ်တွေမြို့မှ မောင်တောမြို့သို့ တိုက်ရိုက်သွားနိုင်ရန် ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် လမ်းနှင့် လမ်းပေါ်ရှိ ပေ ၁၈၀ အထက် တံတား (၅) စင်းကို ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ထို့အပြင် မောင်တောမြို့နယ်ရှိ လမ်းများဖောက်လုပ်လျက် ရှိပြီး ပြီးစီးပါက  ပြည်နယ်အတွင်း အကောင်အထည်ဖော်နေသည့် ကညင်ချောင်း စီးပွားရေးဇုန်ကို အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါသည်။
(ဃ)    လျှပ်စစ်မီး။    လျှပ်စစ်မီးကဏ္ဍတွင် ရခိုင်ပြည်နယ်ရှိ မြိုနယ် (၇) မြို့နယ်ရှိ ဓါတ်အားခွဲစက်ရုံများသို့ ဓါတ်အားများကို ၂၀၁၇ မှစ၍ ပို့လွှတ်နိုင်ခဲ့ပြီး မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်များတွင် ဓါတ်အားပေးစက်ရုံများ တည်ဆောက်လျက်ရှိပါသည်။
(င)    စိုက်ပျိုးရေး။        စိုက်ပျိုးရေးကဏ္ဍအနေဖြင့် စပါးစိုက်ပျိုးရန် ဧကပေါင်း ၂၀၀၁၂ ဧက၊ မြေငှားဂရန်ရရှိရန် ၄၈၁ ဧက၊ ကျေးရွာပေါင်း (၁၇) ရွှာအား တိုင်းတာ ပေးခဲ့ပါသည်။ မြို့ (၅) မြို့ကို အကွက်ပေါင်း (၇၂) ကွက် အထိ ရိုက်ပြီး ဧကပေါင်း(၃၂၇၇ဧက)တိုင်းတာပေးခဲ့ပါသည်။
(စ)     ဘတ်ဂျက်သုံးစွဲမှု။    ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ နှစ်စဉ် ရခိုင်ပြည်နယ်၏ ဘတ်ဂျက်အသုံးစရိတ်၊ သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ်များကို အောက်ပါ ဇယားတွင်ဖော်ပြထားပါသည်-

အဖွဲ့အစည်းများဖွဲ့စည်းခြင်း

၂၅။    လက်ရှိအစိုးရလက်ထက် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဖွဲ့အစည်းများဖွဲ့စည်း ဆောင်ရွက်ခဲ့မှုများ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

တိုးတက်မှုရလဒ်များ

၂၆။    မြန်မာအစိုးရနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP ၊ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီးရုံး UNHCR တို့ကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွါသွားသူများ မိမိတို့၏သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာဖြင့် နေရပ်သို့ပြန်လည်အခြေချနေနိုင်မည့် အခြေအနေများကို ဖန်တီးပေးနိုင်ရန် နားလည်မှုစာချွန်လွှာ ရေးထိုးနိုင်ခဲ့ပါသည်။ (၃) ပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ယခု Concept note ကို လက်ခံရရှိ ထားပြီး ဆက်လက်ဆောင်ရွက် သွားရန်ဖြစ်ပါသည်။ မြန်မာနိုင်ငံက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးသံတမန်ဖြစ်သူ သံအမတ်ကြီး Christine Schtaner Burgener ကို လက်ခံခဲ့ပြီး ၎င်းသည် မြန်မာနိုင်ငံ လက်ရှိကြုံတွေ့နေသော အခက်အခဲများကို ကူညီဖြေရှင်း ပေးရန် စိတ်အားထက်သန်သူဖြစ်ကာ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ နောက်တစ်ကြိမ် လာရောက်မည် ဖြစ်ပါသည်။

နိုင်ငံတကာသို့ အသိပေးရှင်းလင်းခြင်း

၂၇။    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် နေပြည်တော်သို့ သံတမန်များအား ဖိတ်ကြားပြီး ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာ အား လက်ခံတွေ့ဆုံရာတွင် မြေပြင်အခြေအနေနှင့် နက်နဲရှုပ်ထွေးမှုများ၏ ပကတိအခြေအနေ များအား သိရှိနားလည်ပြီး အမှန်တရားဘက်မှ ရပ်တည်ရန်နှင့် အခြေအနေမှန်များကို နိုင်ငံ တကာအသိုက်အဝန်းမှ သိရှိနိုင်စေရန် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။  (၇၂) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ ဦးဆောင်တက်ရောက်ခဲ့ပြီး မူဝါဒရေးရာမိန့်ခွန်းပြောကြား ရာတွင် ရခိုင်ပြည်နယ်ရေးရာကိစ္စနှင့် စပ်လျဉ်း၍ထည့်သွင်းပြောကြားခဲ့ပါသည်။ လုံခြုံရေး ကောင်စီတွင်လည်း ရခိုင်ပြည်နယ်ရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်အဆိုတင်သွင်းရန် ကြိုးပမ်းခဲ့ခြင်းကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းနှင့် နယူးယောက် မြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်တို့က တုန့်ပြန်ရှင်းလင်းပြောကြားခဲ့သောကြောင့် လုံခြုံရေး ကောင်စီမှအဆိုမူကြမ်း ဆုံးဖြတ်ချက်ချမှတ်ရန် ကြိုးပမ်းမှုကို တားဆီးနိုင်ခဲ့ပါသည်။

၂၈။     ၂၀၁၇ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင်လည်း အိုအိုင်စီမှ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းတင်သွင်းခဲ့ရာမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တုန့်ပြန်ပြောကြား ကန့်ကွက်ခြင်း၊ တူညီသောဆန္ဒဖြင့် အတည်မပြုစေနိုင်ရန်အတွက် မဲခွဲဆုံးဖြတ်ရန် တောင်းဆိုခဲ့ ပါသည်။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် လူ့အခွင့်အရေးကောင်စီ နှစ်စဉ်ပုံမှန်အစည်းအဝေး၏ အဆင့်မြင့်ဆွေးနွေးမှုကဏ္ဍသို့ တက်ရောက် ခဲ့ပြီး ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဦးသောင်းထွန်းဦးဆောင်သောအဖွဲ့သည် အစည်းအဝေးကာလအတွင်း Side Event တစ်ခုကျင်းပ၍ မြန်မာနိုင်ငံအပေါ် ပိုမိုနားလည်မှုရှိစေရန် ရှင်းလင်း ပြောကြားခဲ့ပါသည်။  လူ့အခွင့်အရေးကောင်စီတွင်လည်း ကုလသမဂ္ဂမှ တင်သွင်းသော မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် အဆိုမူကြမ်းအပေါ်ဆွေးနွေးရာတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်မှ အဆိုမူကြမ်းပါ အချုပ်အခြာအာဏာကို တိုက်ရိုက်ခြိမ်းခြောက်ရာရောက်သော စာပိုဒ်များကို ထောက်ပြခဲ့ပြီး မူကြမ်းကို လက်မခံနိုင်ကြောင်း ပြတ်သားစွာ ပယ်ချခဲ့ပါသည်။

၂၉။    (၁၃၇) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံတွင် OIC အဖွဲ့ဝင် မော်ရိုကိုနိုင်ငံ အပါအဝင် (၈) နိုင်ငံက ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် အကြောင်းအရာကို တင်သွင်း ခဲ့ပါသည်။ ယင်းညီလာခံကအတည်ပြုခဲ့သည့် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက် တစ်ခုလုံးကို မြန်မာ့လွှတ်တော်ကိုယ်စားပြု မြန်မာကိုယ်စားလှယ်အဖွဲ့က ကန့်ကွက်ခဲ့ပြီး မျိုးနွယ်စု အလိုက် သုတ်သင်ရှင်းလင်းခြင်းဆိုသည့် စွပ်စွဲချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်နေမှု အခြေအနေများကို ညီလာခံသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များ သိရှိစေရန် ချက်ချင်း တုံ့ပြန်ရှင်းလင်းပြောကြားခဲ့ပါသည်။

၃၀။    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်    ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပသော အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်းကောင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပသော အာဆီယံ-သြစတြေးလျ အထူး ထိပ်သီးအစည်းအဝေးတွင်လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် ဗြိတိန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အခြားပြည်ပနိုင်ငံများက အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သီးခြားစီ လက်ခံတွေဆုံခဲ့စဉ်တွင်လည်း ရခိုင်ပြည်နယ်ကိစ္စ နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ ဦးဆောင်ကြိုးပမ်းအားထုတ်မှု လုပ်ငန်းစဉ်များ အောင်မြင်ရန် နှင့်စွမ်းရည်မြှင့်တင်ရေး ကိစ္စများတွင် အပြုသဘောဖြင့် ကူညီပံ့ပိုးရန် ဆွေးနွေးခဲ့ပါသည်။   နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေသည် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ (၂) နှစ်တာကာလ အတွင်းတွင် နိုင်ငံခြားသံတမန်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုပေါင်း (၁၀၈) ကြိမ် ပြုလုပ်ခဲ့ရာတွင် နိုင်ငံတော်အစိုးရ၏ လက်ရှိအကောင်အထည် ဖော်ဆောင်ရွက်နေမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်ပြည်နယ်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နိုင်ငံတကာမှသိရှိစေရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။   တပ်မတော်အပေါ် စွပ်စွဲ ချက်များနှင့် ပတ်သက်၍ ဖြစ်စဉ်များအား တပ်မတော်  သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သတင်းစာ ရှင်းလင်းပွဲ (၁၁) ကြိမ် ကျင်းပခဲ့ပါသည်။

နိုင်ငံတော်၏ သဘောထားရပ်တည်ချက်များ

၃၁။    ရခိုင်ပြည်နယ်အရေးသည် ၂၀၁၂ ခုနှစ်၊ နောက်ပိုင်းတွင် စတင်ယိုယွင်းခဲ့ပြီး ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်တိုက်ခိုက်မှုနှင့် သွေးထိုးလှုံ့ဆော်မှုများ ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။ ထိခိုက်ခံရသူများ အားလုံးလုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေး ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ရခိုင်ပြည်နယ်အတွင်းသာမက ရခိုင်ပြည်နယ်ပြင်ပသို့ပါ နေရပ်စွန့်ခွာမှုများရှိသည့်နည်းတူ ရခိုင်ပြည်နယ်ကျေးရွာများတွင် ဆက်လက်နေထိုင်သူများလည်းရှိပါသည်။ ယခုကာလသည် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ အမြင်နှင့်သဘောထားများ ပြောင်းလဲရန် ကြိုးစားနေရသည့် ကာလဖြစ်ပါသည်။ မြန်မာနိုင်ငံ သည် လွတ်လပ်ခွင့်ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို အဓိကဦးစားပေးတာဝန်အဖြစ် သတ်မှတ် ထားပါသည်။

၃၂။    နိုင်ငံတကာမှလာရောက်သည့် ကုလသမဂ္ဂအထူးအစီရင်ခံစာတွင် တင်သွင်းသူများ၏ မှတ်ချက်များသည် အတည်မပြုရသေးသည့်အချက်များကို အသားပေးဖော်ပြခြင်း၊ သမာသမတ် နှင့် ဓမ္မဓိဋ္ဌာန်မကျခြင်း မျှတမှုလိုအပ်ခြင်း အစိုးရ၏ရှင်းလင်းပြောကြားချက်များကို ထည့်သွင်း ဖော်ပြရန်ပျက်ကွက်ခြင်း၊ ကျင့်ဝတ်စည်းကမ်းမလိုက်နာခြင်းများကို တွေ့ရှိရ၍ မြန်မာပြည်သူ များက မနှစ်သက်သည်ကို တွေ့ရှိရပါသည်။
၃၃။    ရခိုင်အရေးတွင် အသိုက်အဝန်းများအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရန် စိတ်ရှည် သီးခံပြီး အချိန်ယူရမည်ဖြစ်ပါသည်။ ရခိုင်ပြည်နယ်နေ အသိုင်းအဝိုင်းများအကြား အချင်းချင်း ဆွေးနွေးမှုပြုလုပ်ပေးရန်လိုအပ်ပါသည်။ ကုလသမဂ္ဂ၏ အပြုသဘောဆောင်သော ပံ့ပိုးကူညီမှု များလည်းလိုအပ်ပြီး အပြစ်တင်မှုနှင့်အလျင်စလိုမဆုံးဖြတ်သင့်ပါ။ ပြည်ပမှ အမုန်းမပွားစေသော သဘောထားအမြင်များသည် အသိုင်းအဝိုင်းနှစ်ခုကြား ပိုမိုကွဲပြားမှုကို ဖြစ်စေပါသည်။

၃၄။    ရခိုင်ပြည်နယ်ကိစ္စသည် ရှုပ်ထွေးမှုများနှင့် စိန်ခေါ်မှုများစွာရှိသည့်အတွက် လူ့အသိုက် အဝန်းတစ်ခုအတွက် ကျည်းမြောင်းသည့်ဘက်မှ ရှုမြင်၍မရပါ။ ရခိုင်ပြည်နယ်ဖြစ်စဉ်ဖြစ်ရပ်များ သည် ဒေသခံတိုင်းရင်းသားများကသော်လည်းကောင်း၊ တပ်မတော်အပါအဝင် လုံခြုံရေးအဖွဲ့ အစည်းများကသော်လည်းကောင်း စတင်အစပျိုးခဲ့သော ပဋိပက္ခများမဟုတ်ဘဲ ၎င်းနယ်မြေတွင် ခေတ်အဆက်ဆက် တရားမဝင်နေထိုင်သူတို့က အစပျိုးလုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ ARSA အစွန်းရောက်အဖွဲ့က လုပ်ကိုင်ခြင်းဖြစ်သည်ဟု ၎င်းတို့ကို ကိုယ်တိုင်ဝန်ခံပြီး ဖြစ်ပါသည်။

၃၅။    ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်အခြေအနေများကို မျက်ကွယ်ပြု အပြု သဘောမဆောင်သောအရာများ ဖိအားပေးဆောင်ရွက်ခြင်း၊ ပြောဆိုခြင်းများ ဆောင်ရွက်မည့် အစား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်မှန် သော ပူပေါင်းဆောင်ရွက်မှုများကိုသာ လိုလားပါသည်။
၃၆။    မြန်မာနိုင်ငံသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများဖြစ်သော နေရပ်စွန့်ခွာ သွားသူများအားပြန်လည်လက်ခံရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ် နိုင်ရေးတို့အတွက် FAO ၊ WFP ကဲ့သို့သော အဖွဲ့အစည်းများ၊ အာဆီယံလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာနတို့နှင့် ပူးပေါင်းပံ့ပိုးဆောင်ရွက် ပေးလျက်ရှိသည်ကို နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ကဏ္ဍများတွင်လည်း အပြုသဘောပါဝင် ဆောင်ရွက်စေလိုပါသည်။

နိုင်ငံတကာ၏ သဘောထားမှတ်ချက်

၃၇။    ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ကုလသမဂ္ဂနှင့် အခြားပြည်တွင်းနှင့် နိုင်ငံတကာ မှ မိတ်ဖက်အဖွဲ့အစည်းများကို အကန့်အသတ်မရှိနှင့် နှောင့်နှေးကြန့်ကြာမှုမရှိဘဲ သွားရောက် စေလိုပါသည်။ နေရပ်စွန့်ခွါသူများ မိမိသဘောဆန္ဒအလျောက် ပြန်လည်အခြေချရန် ကိစ္စရပ်ကို ပွင့်လင်းမြင်သာမှုရှိစေလိုကြသည်။ ရခိုင်ပြည်နည်ဆိုင်ရာအကြံပေးကော်မရှင်၏ အကြံပေးချက် အပြည့်အဝအကောင်အထည်ဖော်စေလိုကြပါသည်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို စွန့်စားဖော်ထုတ်မည့် သီးခြားကော်မရှင်ဖွဲ့စည်းခြင်းကို ကြိုဆိုထောက်ခံ ကြပြီး ကော်မရှင်၏ လုပ်ပိုင်ခွင့်များနှင့် ဖွဲ့စည်းပုံအသေးစိတ်ကို သိရှိလိုကြပါသည်။ (၃) ပွင့်ဆိုင် MOU လက်မှတ်ရေးထိုးခဲ့ရာ၌ ပါဝင်သော အချက်အလက်များတွင် အဓိကအားဖြင့် လွတ်လပ်စွာ သွားလာခွင့်နှင့် လုံခြုံရေးလိုအပ်နေမှုများကို အလျင်အမြန် အကောင်အထည်ဖော်ရန် လိုလားကြ ပါသည်။

နိဂုံး

၃၈။    ကမ္ဘာ့နိုင်ငံကြီးများတွင် ကြုံတွေ့နေရသည့် ထိစပ်နယ်မြေများရှိ ရွှေ့ပြောင်းနေထိုင်မှု ပြဿနာရပ်တိုင်းသည် ရှုပ်ထွေးနက်နဲပြီး ဖြေရှင်းရန်ခက်ခဲတတ်ပါသည်။ နိုင်ငံတိုင်းတွင် မတူညီသည့် သမိုင်းကြောင်း၊ မတူညီသည့် ယဉ်ကျေးမှုဓလေ့ထုံးထမ်း၊ မတူညီသည့် စံတန်ဖိုး များ ရှိနေကြသည်ဖြစ်ရာ ပြဿနာရပ်တိုင်းကို တစ်ပုံစံတည်း သတ်မှတ်ဖြေရှင်းရန် မဖြစ်နိုင်ပါ။ ရခိုင်ပြည်နယ်အတွင်း နှစ်ပေါင်းများစွာကပင် အမြစ်တွယ်နေသည့် ပြဿနာများနှင့် စိန်ခေါ်မှုများအား လက်တွေ့ကျကျဖြေရှင်းနိုင်ရန်အတွက် ရေရှည်တည်တံ့သော နည်းလမ်း ကောင်းများရှာဖွေရန် လိုအပ်ပါသည်။

သတိပြုရန်

ဤသတင်းအချက်အလက်သည် လွှတ်တော်ကိုယ်စားလှယ်များအား ၎င်းတို့၏ လွှတ်တော်ဆိုင်ရာ တာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူပြုရန်အတွက် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စ တစ်စုံတစ်ခုအတွက် အသုံးပြုရန်မဟုတ်ပါ။ အချိန်နှင့်တပြေးညီ နောက်ဆုံးရသတင်းဖြစ်မည်ဟု သတ်မှတ် မထားသင့်ပါ။ ဤအချက်အလက်များအား တရားဝင် သို့မဟုတ် ပညာရှင်ဆိုင်ရာအကြံပေးချက်အဖြစ် မသတ်မှတ်သင့်ပါ။ အထူးအကြံပေးချက် သို့မဟုတ် သတင်းအချက်အလက်များလိုအပ်ပါက အရည်  အသွေးပြည့်မီသော သင့်လျော်သည့် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးတိုင်ပင်သင့်ပါသည်။ လွှတ်တော် သုတေသနဝန်ဆောင်မှုသည် စာတမ်းတိုများတွင် ပါဝင်သောအကြောင်းအရာများနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ပေးနိုင်ပါသည်။ အများပြည်သူနှင့် ဆွေးနွေးမှုများ ပြုလုပ်ခြင်းမရှိပါ။

ရက်စွဲ
၅.၉.၂၀၁၈